NEWS

အလုပ်သမားတွေ နှစ်ချီ အလုပ်လုပ်ပေးဖို့ စာချုပ်ချုပ်ဆိုခိုင်းပြီး အလုပ်ထွက်ပါက လုပ်အားနှစ်ဆ ပေးလျော်ခိုင်းနေသဖြင့် အလုပ်သမားများအခက်အခဲ ဖြစ်နေတယ်လို့ ဆို

CoverLogo
6.1K Views

UMG Group of Company မှာ အမြဲတမ်းခန့်ဝန်ထမ်းအားလုံးကို အနည်းဆုံးတစ်နှစ်ကနေ နှစ်နှစ်အထိ မိမိသဘောနဲ့အလုပ်မထွက်ဖို့ စာချုပ်ချုပ်ဆိုခိုင်းနေပြီး အလုပ်ထွက်သည်ဖြစ်စေ၊ အလုပ်က အထုတ်ခံရသည်ဖြစ်စေ တစ်လစာလုပ်အားခရဲ့ နှစ်ဆ ပြန်ပေးလျော်ရမယ်လို့ ကုမ္ပဏီဘက်ကနေ တစ်ဖက်သတ်စာချုပ်ချုပ်ဆိုခိုင်းနေကြောင်း အလုပ်သမားတွေထံက သိရပါတယ်။

မေလ ၁၅ ရက်နေ့ မှာ စာချုပ်ချုပ်ရမှာ ဖြစ်ပြီးအမြဲတမ်းခန့် နှစ်ကြီးဝန်ထမ်းအားလုံးရော လုပ်သက်သုံးလအထက် အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ထားသူအားလုံးရော Bond ရေးထိုးခိုင်းနေတယ်လို့ ဆိုပါတယ်။နှစ်နှစ် နှင့်အထက် ဝန်ထမ်းဆိုပါက Bond နှစ်နှစ် လက်မှတ်ထိုးရမှာဖြစ်ပြီး၊ နှစ်နှစ်အောက်ဝန်ထမ်းဆိုပါက Bond တစ်နှစ်ထိုးရမယ်လို့ စာချုပ်ပါအချက်တချို့ကို အလုပ်သမားတွေက ပြောပါတယ်။

စာချုပ်ပါအချက်အားလုံးကို မေလ ၁၅ရက်နေ့မှ အသေးစိတ်သိရမှာဖြစ်ပြီး Bond ရေးထိုး မထိုးကိုတော့ မေလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ကုမ္ပဏီဘက်ကို အကြောင်းပြန်ရမယ်လို့ HR ဝန်ထမ်းတွေက အသိပေးထားတယ်လို့ ဆိုပါတယ် ။Bond မထိုးပါကလည်း လျော်‌ကြေးပေးပြီး အလုပ်ထွက်ရမယ်လို့ သိရပါတယ်။စာချုပ်ပါ အချက်အလက်တွေကို အတိအကျ ကြိုတင်ချပြတာလည်းမရှိပဲ မေလ ၁၅ရက်နေ့မှ သိရမယ်လို့ ဆိုပါတယ်။

စာချုပ်မှာပါတဲ့ အပေါ်ယံ သဘောတရားအရ တစ်နှစ်ဖြစ်စေ၊ နှစ်နှစ်ဖြစ်စေ စာချုပ်ချုပ်ထားရမှာဖြစ်ပေမယ့် အဆိုပါ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာလည်း လစာဖြစ်စေ၊ အခြား ခံစားခွင့်တွေကိုဖြစ်စေ ကုမ္ပဏီဘက်က အာမခံထားတာမရှိဘူးလို့ သိရပါတယ်။

အလုပ်သမားတွေဟာ ကိုဗစ်ကပ်ရောဂါကာလအတွင်း  ပေးထားတဲ့ လစာနှုန်းထားရဲ့ ၃၀%၊၅၀% နဲ့ ၇၀% ပဲ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တစ်နှစ်လုံးအတွင်း မူလခံစားခွင့် လစာကို အပြည့်အဝရရှိတာ ၃လပဲရှိခဲ့တယ်လို့ သိရပါတယ်။ယခုနှစ်မှာလည်း ရာခိုင်နှုန်းအလိုက်သာ လစာခံစားခွင့်ရတယ်လို့ သိရပါတယ်။

လုပ်သက် ငါးနှစ်နီးပါးရှိ ဝန်ထမ်းတစ်ဦးက"ဒီ စာချုပ်ချုပ်တဲ့နှစ်အတွင်း ခန့်ထားတဲ့ လစာကို အပြည့်ပေးပါ့မယ်လို့ အာမခံလားဆိုတော့လည်း သူတို့ အာမ မခံဘူးတဲ့၊ သူက အဲ့လိုမျိုးလာတယ်၊ အဲ့လိုမျိုးလာပြီးတော့ တကယ်လို့ ဒီ စာချုပ်ချုပ်တဲ့ ကာလအတွင်းမှာ အလုပ်သမားဘက်က ထွက်သွားခဲ့မယ်ဆိုလို့ရှိရင် လစာရဲ့ နှစ်ဆပေးလျော်ရမယ်၊ လစာရဲ့ နှစ်ဆဆိုတာ ဘယ်လိုလဲလို့မေးတော့၊ သူတို့ပေးတဲ့လစာက အခု ရာခိုင်နှုန်းနဲ့ဖြစ်နေတယ်၊ အခု ထွက်မယ့်လမှာ ၅၀ရာခိုင်နှုန်း ရတယ်ဆို၊ ၅၀ ရာခိုင်နှုန်းရတဲ့ လစာရဲ့ နှစ်ဆလားဆိုတော့ မဟုတ်ဖူးတဲ့၊ သူတို့ပေးထားတဲ့ ၊ ခန့်ထားခဲ့တဲ့ လစာရဲ့ နှစ်ဆ လျော်ပေးရမယ်တဲ့" လို့ ပြောပါတယ်။

ရာခိုင်နှုန်းနဲ့ လစာပေးတဲ့လတွေမှာ Pay Slip မရရှိဘူးလို့ သိရပါတယ်။ဒါပေမယ့် လစာလက်ခံရရှိကြောင်းလက်မှတ်ထိုးရတဲ့ စာရွက်မှာတော့ လစာအပြည့်အဝပေးအပ်ကြောင်း ရေးသားထားတယ်လို့ သိရပါတယ်။

စာချုပ်ချုပ်ဆိုပြီးနောက် အလုပ်သမားဘက်က အကြောင်းတစ်စုံတစ်ရာရှိ၍ အလုပ်ထွက်လျှင်ဖြစ်စေ၊စည်းကမ်းချိုးဖောက်၍ ဖြစ်စေ၊ အလုပ်ရှင်ဘက်က သဘောမကျတာကြောင့် ဖြစ်စေ အလုပ်ထုတ်ပယ်ခံရလျှင်လည်း အလုပ်သမားဘက်ကပဲ နှစ်ဆပေးလျော်ရမယ်လို့ သိရပါတယ်။

စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်း အလုပ်သမားတွေရဲ့ ခံစားခွင့် လစာအပြည့်ရဖို့ အာမခံပေးနိုင်လားဆိုပါကလည်း အာမမခံနိုင်ဘူးလို့ သိရပါတယ်။အခုပေးနေတဲ့ ရာခိုင်နှုန်းအလိုက်သာ ပေးဖို့ရှိတယ်လို့သိရကြောင်း အလုပ်သမားတွေက ပြောပါတယ်။

အခုလိုလုပ်ဆောင်တာကို ဝန်ထမ်းအများစုက ကျေနပ်မှုမရှိကြဘူးလို့ သိရပါတယ်။လစာရဲ့ သုံးဆအထိ ဝန်ထမ်းချေးငွေ ယူထားကြတာကြောင့် မကျေနပ်လို့ အလုပ်ထွက်ပါက ချေးငွေကို အကြေဆပ်ရမယ်လို့လည်း သိရပါတယ်။ဒါ့အပြင် ဝန်ထမ်းတွေက မိမိပိုင် အိမ်ယာ၊ နေအိမ် စတာတွေကို အပေါင်ထားပြီး ချေးယူထားတာတွေလည်းရှိပြီး ချေးငွေမဆပ်နိုင်ပါက သိမ်းယူခံရနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဝန်ထမ်းတစ်ဦးက"အဓိက နံပါတ် တစ်ကတော့ လစာ ရာခိုင်နှုန်းနဲ့ပေးနေတာ အဆင်မပြေဘူးပေါ့နော်၊ပြီးတော့ contract နှစ်နှစ်မှာ Labour Law နဲ့ငြိနေတယ်၊ အဆင်မပြေဘူး၊ တကယ်လို့မှ သူတို့မကျေနပ်လို့ အလုပ်သမားတစ်ယောက်ကိုထုတ်မယ်ဆိုလို့ရှိရင်လည်း သူတို့ကတောင် လျော်ကြေးပေးပြီး ပိုက်ဆံပေးပြီး ထုတ်ရမယ့်ကိစ္စကို အလုပ်သမားဘက်ကပဲ လျော်ရမယ်ဆိုတာ အဆင်ပြေမနေဘူး၊အလုပ်သမားဘက်က တကယ်လို့ emergency ကိစ္စ၊ မဖြစ်မနေကိစ္စမျိုး၊ ကျန်းမာရေးကိစ္စသော်လည်းကောင်း၊ ကျန်းမာရေးကိစ္စသော်လည်းကောင်း၊ ထွက်ဖြစ်သည်ရှိသော် အဆင် မပြေဘူး၊ သူတို့သည် အတတ်နိုင်ဆုံး သက်ဆိုင်ရာတာဝန်ခံတွေက ဟိုဘက်ကို request လုပ်ကြည့်ပေးမယ်၊ request လုပ်လို့ ရခဲ့သည်လည်းရှိမယ်၊ မရခဲ့သည်လည်းရှိမယ်၊ အာမခံချက်က ဘာမှ မရှိဘူး၊ ငါးဆယ် ငါးဆယ်ပဲ၊ ရချင်ရမယ် ၊ မရချင်မရဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်၊ ကျန်းမာရေးအရဆိုလို့ရှိရင် မဖြစ်မနေ ထွက်ရမယ့် ကိစ္စမျိုးတွေရှိလာရင်တော့ လျော်ကြေးပေးပြီးထွက်ရမယ်ဆိုတာ အဆင်မပြေနိုင်ဘူးလေ၊ နောက်ပြီးတော့ မိသားစုရေးရာဆိုတာရှိသေးတယ်လေ"လို့ Myanmar Labour News ကို ပြောပါတယ်။

ကုမ္ပဏီရဲ့ CEO ဟာ အင်ဒိုနီးရှားက ဖြစ်တယ်လို့သိရပါတယ်။ကုမ္ပဏီပိုင်ရှင်ကတော့ မြန်မာနိုင်ငံက ဖြစ်ပြီး CEO နဲ့ ဇနီးမောင်နှံဖြစ်တယ်လို့ သိရပါတယ်။

UMG Group of Company မှာ ဝန်ထမ်း ဦးရေတစ်သောင်းနီးပါးရှိတယ်လို့ သိရပါတယ်။၎င်းမှာ  လုပ်ငန်းခွဲကိုးခုရှိပြီး လယ်ယာသုံးပစ္စည်း လုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်ရေး၊ ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှု၊ စက်ယန္တရားကြီးတွေ ငှားရမ်းတာ၊ ရောင်းချတာ၊ ကုန်တင်ကား၊သုံးဘီး၊ မော်တော်ဆိုင်ကယ် စတဲ့ စက်ပစ္စည်းတွေ ရောင်းချတာ၊ ဒီဇယ် ဓာတ်ဆီ အင်ဂျင်ဝိုင် လုပ်ငန်း၊ကြော်ငြာလုပ်ငန်း၊ မားကက်တင်း အေဂျင်စီ၊ ချေးငွေ လုပ်ငန်း စတာတွေ လုပ်ဆောင်တယ်လို့ သိရပါတယ်။

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026