NEWS

အလုပ်နှင့်သက်ဆိုင်မှု မရှိသည့်တာဝန်များကို ခိုင်းစေသည့်အပြင် အလုပ်သမားများ ရရှိသည့်ဘောနပ်ကြေးကို အကြောင်းမဲ့ ဖြတ်တောက်နေ

CoverLogo
520 Views

တရုတ်နိုင်ငံသားပိုင်  KBL Garment မှာ အမျိုးသား အလုပ်သမားတွေကို အလုပ်နဲ့ သက်ဆိုင်မှုမရှိတာတွေကို ခိုင်းစေနေသလို အလုပ်သမားတွေ ခံစားခွင့်ရှိတဲ့ အထည်ဘောနပ်ကြေးတွေကိုလည်း အမှန်တကယ် ရသင့်တာကို တွက်မပေးဘဲ အကြောင်းမဲ့လျှော့ချပစ်တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

 

ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃)၊ ကျန်စစ်သားလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား  (၉၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

 

လုပ်ငန်းခွင်မှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ WCC သာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ 

 

အဲ့ဒီမှာ DAVIDS BRIDAL, DB Studio, Melissa Sweet, JULES CLEO စတဲ့ အမှတ်တံဆိပ်တွေနဲ့ သတို့သမီးဝတ်စုံတွေ ချုပ်လုပ်တာဖြစ်ပါတယ်။ 

 

“စက်ရုံဘွိုင်လာအတွက် ထင်းတွေကို ယောင်္ကျားလေးတွေကို သယ်ခိုင်းပါတယ်။ ထင်းအိတ်တွေက အနည်းဆုံး အချိန် (၁၀) ကနေ (၁၅) ပိဿာအထိ ရှိပါတယ်။ အလုပ်သမားတွေက ထင်းထုတ်တွေလာတဲ့အချိန်တိုင်း သယ်ချ ပြီး သတ်မှတ်တဲ့နေရာကို ပို့ပေးရပါတယ်။ တစ်ခါတစ်လေ ထမင်းစားပြီးခါစ ရောက်လာရင်လည်း ချက်ချင်းသယ် ပေးရပါတယ်။ အဲလိုသယ်ရလို့ ဗိုက်အောင့်တာတွေလည်း ရှိပါတယ်။ ထင်းသယ်လို့ ပြီးရင်လည်း အလုပ်သမား တွေ တစ်နေ့စာ ချုပ်ရတဲ့ စံချိန်ကို ပြည့်မီအောင် ဆက်ချုပ်ရပါတယ်။ စံချိန်လျှော့ပေးတာလည်း မရှိပါဘူး။ တစ်ခြားစက်ရုံတွေမှာဆို ဘွိုင်လာအတွက် ထင်းချဖို့ဆိုရင် အပြင်ကလူတွေကို ပိုက်ဆံနဲ့ငှားပြီးသယ်ခိုင်းပါတယ်။ ကျွန်တော်တို့စက်ရုံက ကုန်ကျစရိတ်သက်သာအောင် ခိုင်းပါတယ်။ စက်ရုံမှာ ချုပ်ထားတဲ့ EC စာချုပ်အရတော့ ခိုင်းမရပေမယ့် အလုပ်ရှင်ဖက်က ချိုးဖောက်ပါတယ်။ နောက်ကက်ကြေးဌာန၊ မီးပူတိုက်ဌာနတွေမှာ အလုပ်သမား တွေကို အကြောင်းအမျိုးမျိုးရှာပြီး ထုတ်ပါတယ်။ အဲဒီဌာနက အလုပ်သမားတွေက ဘောနပ်ကြေးတွေကို အထည်စံချိန်ပေါ် မူတည်ပြီး ပေးတာပါ။ ပြီးခဲ့တဲ့လက စက်ရုံမှာ အထည်အများကြီး ကျပါတယ်။ လစာစလစ်ကို ကြိုလက်မှတ်ထိုးပြီး အတည်ပြုတော့ ဘောနပ်ကြေးက (၁၀၀၀၀၀) ကျော် ထွက်ပါတယ်။ အဲဒါက ဌာနကိုကိုင်တဲ့ တရုတ်လူမျိုးက ပေးတာတွေများတယ်ဆိုပြီး (၁၀၀၀၀၀) ကျော်ကနေ (၆၀၀၀၀) ကျော်အထိ လျော့ပါတယ်။ အရင်တုန်းကလည်း ဘောနပ်စ်က (၇၀၀၀၀) ကျော်၊ (၈၀၀၀၀) ကျော်အထိ ရကြပါတယ်။ ပြောမယ်ဆို ဘောနပ်စ် လျှော့တာက အခုတစ်လတည်း မဟုတ်ပါဘူး။ (၃) လလောက် ဖြစ်နေပါပြီ။ ဘောနပ်စ် (၁၀၀၀၀၀) ကျော်ဆို (၄၀၀၀၀) ကျော်လောက်ပေးပြီး ပြန်ဖြတ်ယူပါတယ်။ ပြီးရင် ရုံးပေါ်က မှားတွက်တာဆိုပြီး လက်မှတ်ထိုးပြီးမှ ပိုက်ဆံထုတ်ရင် လျော့ပေးတာပါ”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

စက်ရုံမှာ အလုပ်ချိန်ကို မနက် (၈) နာရီကနေ ညနေ (၄) နာရီခွဲအထိ သတ်မှတ်ထားပေမယ့် အချိန်ပိုတွေကို ည (၇) နာရီခွဲအထိ ခေါ်ယူနေတာ ဖြစ်ပါတယ်။ 

 

အထည်အရေးကြီးပါက အောလင်း၊ အောနိုက်တွေ ခေါ်ယူတဲ့အပြင် တနင်္ဂနွေပိတ်ရက်နဲ့ အများပြည်သူ အလုပ်ပိတ်ရက်တွေကိုပါ အလုပ်ဆင်းခိုင်းနေပါတယ်။ 

 

“အလုပ်သမားတွေက အချိန်ပိုကို သူတို့ခေါ်သလို မဆင်းရင် ဝမ်တိန်ထိုးရပါတယ်။ ကျန်းမာရေးကြောင့်ဖြစ်ဖြစ်၊ မိသားစု အရေးကိစ္စကြောင့်ဖြစ်ဖြစ် ခွင့်တိုင်ရင် ကာယကံရှင် ကိုယ်တိုင် ကြိုတိုင်ရပါတယ်။ မတိုင်ရင် ခွင့် မပေးပါဘူး။ ခွင့်မဲ့ပျက်ကွက်ရင်လည်း ဝမ်တိန်ထိုးရပါတယ်။ ဘာလေးပဲဖြစ်ဖြစ် ဝမ်တိန်တွေ ထိုးခိုင်းပါတယ်။ နောက်ပြီး အလုပ်သမားတွေကို အလုပ်က ထုတ်ချင်သလို ထုတ်ပါတယ်။ ဘာအကြောင်းပြချက်မှ မရှိလည်း သူတို့ မကြိုက်ရင် အလုပ်ကထုတ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ မြန်မာမန်နေဂျာတွေ ရှိပေမယ့် တရုတ်လူမျိုးတွေကပဲ လိုင်း တွေထဲဝင်ပြီး အော်ဟစ်ပြောဆို အုပ်ချုပ်ပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

လုပ်ငန်းခွင်ထဲမှာ ဒီလိုအခွင့်အရေး ချိုးဖောက်နေတာကို ကူညီဖြေရှင်းပေးဖို့ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ်အကူအညီ တောင်းခံထားပါတယ်။ 

 

စက်ရုံအလုပ်သမားတွေအနေနဲ့ ခွင့်တိုင်တာကို လူကြုံနဲ့ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ တိုင်ကြားပါက ခွင့်ပေးဖို့နဲ့ ခွင့် ပျက်ကွက်တာကို အကြောင်းရှာပြီး ဝမ်တိန်မထိုးခိုင်းဖို့၊ နိုင်ငံခြားသားကို တိုက်ရိုက် အုပ်ချုပ်ခွင့်မပေးဖို့၊ ဘောနပ်စ်ကြေး ဖြတ်တောက်ခံထားရတာတွေကို ပြန်တွက်ပေးဖို့နဲ့ ထပ်ပြီးမဖြတ်ဖို့၊ ဘွိုင်လာအတွက် ထင်းတွေကို စက်ရုံအလုပ်သမားတွေကို မသယ်ခိုင်းဘဲ ပြင်ပအလုပ်သမားတွေကို ခေါ်ယူပြီး သယ်ခိုင်းဖို့၊ အချိန်ပိုအလုပ်ချိန်ကို အလုပ်သမားတွေ သဘောဆန္ဒအရ လုပ်ကိုင်ခွင့်ပေးဖို့နဲ့ အချိန်ပို မဆင်းတာကို ဝမ်တိန်မထိုးခိုင်းဖို့ လိုလားနေတာ ပဲ ဖြစ်ပါတယ်။ 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026