NEWS

အထည်စံချိန်အလွန်အကျွံတောင်းခံကာ ဖိအားပေး ပြောဆိုခိုင်းစေ

CoverLogo
804 Views

တရုတ်နိုင်ငံသားပိုင် Myanmar Huasheng Kefu Fashion Co.,ltd ( Victory Fashion) မှာ   တစ်ဖက်သတ် တောင်းခံ တဲ့ အထည်စံချိန်မပြည့်ရင် ပြောဆိုတာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

 

ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြခတ္တာလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၅၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

 

လုပ်ငန်းခွင်ထဲမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ ချိုးဖောက် တာတွေ လုပ်ဆောင်နေကာ sinsay အမှတ်တံဆိပ်ကို ချုပ်လုပ်နေတာ ဖြစ်ပါတယ်။ 

 

“အလုပ်ထဲမှာ အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်ကို မတရားတောင်းပါတယ်။ စက်လိုင်းတစ်လိုင်းမှာ လူ (၄၀)  ရှိတာကို ကုတ်အင်္ကျီလိုင်းပေါက်အထည် ဂွတ်ထည်ကို တစ်နာရီကို (၃၅) ထည်ထိ တောင်းပါတယ်။ အလုပ် မှာက လိုင်းတိုင်းလိုလိုမှာ အသက်မပြည့်သေးတဲ့ လူငယ်အလုပ်သမားတွေ ထည့်ထားတော့ အထည်က မနိုင်ပါ ဘူး။ အလုပ်လူပြည့်ရင်ပြီးရော တွေ့သမျှလူ ခေါ်ခန့်ပြီး အထည်အရေအတွက်ကျတော့ လူကြီးအလုပ်သမားတွေ က ပိုပြီးပင်ပင်ပန်းပန်း ချုပ်နေရပါတယ်။ ကလေးတွေက အလုပ်ရှင်တောင်းတဲ့ အထည်စံချိန်ကို မချုပ်နိုင်ပါဘူး။ အလုပ်ရှင် ဘက်က သူတို့တောင်းတဲ့စံချိန်ကိုမရရင် တရုတ်အမျိုးသမီးကိုယ်တိုင်က အထည်လိုက် တောင်းပြီး မြန်မာလိုစကား မပီ ပေမယ့် အလုပ်သမားတွေကို အော်ဟစ်ပြောဆိုနေပါတယ်။ ကလေးတွေကိုလည်း ဆရာဝန် ထောက်ခံစာမပါဘဲ အလုပ်ခန့်ပါတယ်။ အသက်မပြည့်တာသိလည်း ခန့်ပါတယ်။ တကယ်လုပ်ရတော့ ကလေး တွေလည်း ပင်ပန်း အထည်ကမရ ဖြစ်ပါတယ်။ အထည်မရရင် နေ့တိုင်းဆဲဆိုပါတယ်”လို့ စက်ရုံအလုပ်သမား တစ်ဦးက ပြောပါတယ်။ 

 

စက်ရုံဘက်က လုပ်ခလစာပေးချေရာမှာ အလုပ်ခေါ်ယူစဥ် ပြောဆိုတာနဲ့ ကွာဟမှုရှိနေပြီး အလုပ်အခြေကျလာ ပါက လုပ်ခလစာပေးတဲ့ပုံစံကို ပြောင်းလဲနေတာပဲ ဖြစ်ပါတယ်။ 

 

အလုပ်ရှင်ဘက်က အရင်က ဒေးကြေးနဲ့ ထောက်ပံ့ ကြေးပေါင်းပြီး (၈၀၀၀) ကျပ် ဂရိတ်ကြေးကို A+ ကို  (၁၂၀၀၀၀) ကျပ်ထိ ပေးထားတာဖြစ်ပါတယ်။ 

 

လက်ရှိမှာ တော့ ဒေးကြေးနဲ့ထောက်ပံ့ကြေးပေါင်းပြီး (၉၀၀၀) ကျပ်ပြောင်းလဲ သတ်မှတ်ကာ ဂရိတ်ကြေးတွေ လျှော့ချမယ် သာပြောဆိုပြီး ငွေပမာဏာကို တိတိကျကျ ပြောဆိုတာ မရှိပါဘူး။ ဒီအခြေအနေကို အလုပ်သမားတွေက ကျေနပ်မှု မရှိသလို အလုပ်သမားတစ်ချို့က အလုပ်မလုပ်ဘဲ ရပ်ခဲ့ပေမယ့် အလုပ်ရှင်ရဲ့ ဖိအားကြောင့် ပြန်လည်လုပ်ကိုင် နေရ ပါတယ်။ 

 

“အချိန်ပိုအိုတီတွေကို အလုပ်သမားတွေဆန္ဒမပါဘဲ ခေါ်ချင်သလို ခေါ်နေပါတယ်။ အချိန်ပိုတွေကို ည (၈) နာရီခွဲ၊ (၉) နာရီခွဲအထိ ဆင်းခိုင်းပါတယ်။ အခါကြီးရက်ကြီးတွေလည်း အချိန်ပိုအိုတီခေါ်ပါတယ်။ အချိန်ပိုမဆင်းရင် အလုပ်ဖြုတ်ပါတယ်။ အရင်ကလည်း အချိန်ပိုမဆင်းလို့ အလုပ်ထုတ်တာတွေ ရှိခဲ့ပါတယ်။ အလုပ်သမားတွေကို ရှောင်တခင်ခွင့်လည်း ခံစားခွင့်မပေးပါဘူး။ အလုပ်တစ်ရက်ပျက်ရင် ဒေးကြေး၊ ထောက်ပံ့ကြေးပေါင်းပြီး (၈၀၀၀) ကျပ်နဲ့ ရက်မှန်ကြေး (၅၀၀၀၀) ကျပ် အကုန်ဖြတ်ပါတယ်။ စက်ရုံကဖယ်ရီတွေက ကားနှစ်စီးလောက်မှ အဆင်ပြေမယ့် လူဦးရေကို ကားတစ်စီးတည်းပေးပြီး မရရအောင် စီးခိုင်းပါတယ်။ တစ်ချို့မိန်းကလေးတွေဆို အနောက်က တွယ်စီးရပါတယ်။ EC စာချုပ်လည်း တစ်နှစ်ရှိနေပေမယ့် အခုထိ အလုပ်သမားတွေ လက်ထဲမရ သေးပါဘူး။ ဆေးခန်းမှာလဲ ဆေးကော၊ ဆရာမပါ မရှိပါဘူး။ ဆေးခန်းဆရာမက HR ဌာနမှာ တောက်တိုမယ်ရ လုပ်ပေးနေရပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

စက်ရုံကို အရင်က ရွှေလင်ဗန်းစက်မှုဇုန်ထဲမှာ ဖွင့်ထားတာဖြစ်ပြီး  နာမည်ပြောင်းပြီး မြစိမ်းရောင်စက်မှုဇုန်မှာ ပြန်လည်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ 

 

 

လုပ်ငန်းခွင်မှာ ချိုးဖောက်မှုတွေကြောင့် သတင်းဖော်ပြခံရလို့ အလုပ်သမားရုံးက လာစစ် ပါကလည်း အလုပ်ရှင်ဘက်က သင်ကြား ထားတဲ့ အလုပ်သမားတွေကို ခေါ်ပေးပြီး လုပ်ငန်းခွင်တွင်းမှာ အားလုံးကောင်းမွန်တဲ့ပုံစံ ဖြေကြားခိုင်းနေတာပဲ ဖြစ်ပါတယ်။ 

 

လက်ရှိမှာ အလုပ်သမားတွေက လုပ်ငန်းခွင်တွင်းက ချိုးဖောက်မှုတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာပဲ ဖြစ်ပါတယ်။ 

 

အလုပ်သမားတွေအနေနဲ့ ဥပဒေပါ ခံစားခွင့်တွေကို အလုပ်ရှင်ဘက်ကပေးဖို့၊ အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံဖို့၊ အချိန်ပိုအိုတီတွေ မဆင်းရင် ဥပဒေမဲ့ အလုပ်မထုတ်ဖို့၊ တရုတ်အမျိုးသမီးက အော်ဟစ်ပြောဆိုတာတွေ မလုပ်ဖို့၊ ဖယ်ရီကားကို အလုပ်သမားအရေအတွက်နဲ့ လုံလောက်အောင် စီစဉ်ပေးဖို့နဲ့ အလုပ်သမားတွေအတွက် ဆေးပေးခန်းမှာ အခြေခံထားရှိရမယ့် ဆေးဝါးတွေ ထားရှိပေးဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။ 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026