NEWS

အထည်စံချိန်ကို ယခင်ထက် ၄ ဆပိုမိုတောင်းခံလာ၊ လုပ်ငန်းခွင်အတွင်း ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရ

CoverLogo
740 Views

Lon John International   စက်ရုံမှာ ချုပ်လုပ်ရတဲ့ အထည်စံချိန်ကို ယခင်ထက် ၄ ဆပိုပြီးတောင်းခံတဲ့အပြင် ကြီးကြပ်ရေးမှူးများမှ ရိုင်းစိုင်းစွာ ဆဲဆိုခိုင်းစေနေလို့ လုပ်ငန်းခွင်မှာ ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် ဆုထူးပန်လမ်း မှာဖွင့်လှစ်ထားတဲ့ အဆိုပါ စက်ရုံဟာ ကိုရီးယားနိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၆၀၀ ကျော်နဲ့    Lon John အမှတ်တံဆိပ် ဆောက်လုပ်ရေးသုံးဝတ်စုံတွေချုပ်လုပ်နေတာလို့ ဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်ကို အလုပ်သမားတစ်ဦး မချုပ်လုပ်နိုင်တဲ့အထိ တောင်းခံနေပြီး ယခင်က တနာရီလျင် အထည် ၂၀ သာ ပေးရပြီး လက်ရှိမှာတော့ တနာရီကို အထည် ၈၀ နှုန်း သတ်မှတ်တောင်းခံနေပြီး မပြည့်ပါက ကြီးကြပ်ရေးမှူးများက အလုပ်သမားများကို ဆဲဆို အော်ဟစ်ကာ နားမခံသာအောင်  ပြောဆိုပြီး အထည်စံချိန်ရအောင် တောင်းခံနေတာကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

"အထည်စံချိန်တောင်းတာ ဆဲဆိုပြီး အရှက်ရအောင်ပြောဆိုပြီးခိုင်းတာ အလုပ်သမားတွေက ရေမသောက် အိမ်သာမသွားဘဲ အထည်ကို ရအောင်ချုပ်လို့ စံချိန်ပြည့်သွားရင်လည်း အဲ့အလုပ်သမားကို တခြားအလုပ်တွေထပ်ခိုင်းပြန်ရော အထည်စံချိန်မပြည့်ရင်လည်း ဝမ်တိမ်ထိုးခိုင်းတယ် ဝမ်တိမ်ထိုးတာ ၃ ကြိမ်ပြည့်ရင် အလုပ်ကထုတ်ပစ်ပါတယ်"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပါတယ်။

လိုင်း ဘီဖိုး မှ စူပါဆိုသူမှာ အလုပ်သမားတွေကို ရိုင်းစိုင်းစွာပြောဆိုတာ ဖိနှိပ်တာ တွေ နေ့စဉ်ပြုလုပ်လျှက်ရှိပြီး အမျိုးသား စူပါ တွေကလည်း ဆဲဆိုရာမှာ ယုတ်ရင်းကြမ်းတမ်းစွာ ပြောဆိုခြင်း မိဘများနှင့်ပေးစားကာပြောဆိုခံရခြင်း တွေ နေ့စဉ်ပြုလုပ်နေတာ ကြောင့် လုပ်ငန်းခွင်ထဲမှာ ဂုဏ်သိက္ခာမဲ့စွာ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။

"အောစူပါတွေ စူပါတွေဆိုတာ မြန်မာလူမျိုးတွေပါပဲ အလုပ်သမားတွေကို ဂုဏ်သိက္ခာမဲ့အောင်ပြောဆိုပြီးခိုင်းနေတာပါ အလုပ်သမားကို ဖိနှိပ်ပြီးအထည်စံချိန်မရရအောင် တောင်းတာပေါ့ အလုပ်ရှင်ဘက်က တောင်းတဲ့စံချိန်ပြည့်သွားရင် အောစူပါတွေစူပါတွေက အထည်ပိုဆုကြေးကို သိန်းနဲ့ချီပြီးရတာ သူတို့ဆုရပေမဲ့ ချုပ်ရတဲ့ အလုပ်သမားက သောင်းဂဏန်းလောက်ပဲရတာ"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဥပဒေပါခံစားခွင့်တွေဖြစ်တဲ့ ခွင့်ခံစားခွင့်မရဘဲ နေမကောင်းလို့ ဖြစ်စေ အရေးပေါ် ကိစ္စကြောင့်ဖြစ်စေ ခွင့်တင်ပါက ခွင့်မပေးဘဲ အလုပ်တစ်ရက်ပျက်လျင် မြန်မာငွေ ၄၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ထိ ဖြတ်တောက်ခံရတဲ့အပြင် တနင်္ဂနွေနေ့အတွက် ဒေးကြေး ပါ ထပ်မံဖြတ်တောက်ခံရလို့ နစ်နာမှုတွေများတယ်လို့ အလုပ်သမားကပြောပါတယ်။

"ဌာနက စစ်ဆေးရေးက လုပ်ငန်းခွင်ထဲ လာစစ်တယ် အောစူပါ စူပါတွေက လူရွေးပြီး အလုပ်ထဲမှာ အားလုံးကောင်းမွန်ကြောင်း ဖြေခိုင်းလို့ လာစစ်ရင် အမှန်တရားက ပေါ်မလာဘူး အလုပ်သမားတွေပဲ အခက်အခဲတွေနဲ့ ကျန်ခဲ့တာ အသက်မပြည့်သေးတဲ့ လူငယ်တွေကိုလဲ ခိုင်းနေတာတွေရှိတယ် ECစာချုပ်ရှိလဲ စာချုပ်အတိုင်းမလုပ်ဘဲ စည်းကမ်းအမျိုးမျိုးထုတ်တယ် ဖုန်းတွေမယူလာနဲ့ ပိုက်ဆံအိတ်တွေမယူလာနဲ့ ဆိုပြီး ဖုန်းတွေကို သိမ်းထားတယ် အလုပ်သမားက အိမ်က ကလေးတို့ မိဘတို့ နေမကောင်းဖြစ်လို့ လှမ်းဆက်ရင် မသိရဘူးလေ ပြန်ရောက်မှ အသဲအသန် ဆေးခန်းပြေးရတာ တချို့ဆို ဖုန်းသိမ်းထားလို့ မိဘအသက်မမီလိုက်တာတောင်ရှိတယ် အလုပ်သမားတွေကို အခုလို ဘေးကျပ် နံကျပ်ဖြစ်အောင်သာ လုပ်နေတာ နှလုံးထီရောင်းတာတွေကျတော့ အရေးမယူဘူး CCTV လည်း တပ်ထားသေးတယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးယန္တရားဖြစ်တဲ့ သမဂ္ဂအဖွဲ့အစည်းလည်းမရှိသလို အလုပ်သမားရေးရာ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေက လိုလားနေတယ်လို့ဆိုပါတယ်။ 

တောင်းဆိုချက်တွေအနေနဲ့ 
၁။ အလုပ်သမားများ ခံစားခွင့်ရှိသော ဥပဒေပါခွင့်ရက်များကိုခံစားခွင့်ပေးရန်။
၂။အလုပ်ရှင်ဘက်မှမတရား တစ်ဖက်သတ်တောင်းခံသော စံချိန်မရလျှင်ဝမ်တိန်ထိုးရခြင်း၊ အလုပ်ထုတ်ပစ်ခြင်း မပြုလုပ်ရန်။
၃။ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များမရရှိသည့်အတွက် အလုပ်တစ်ရက်ပျက်လျင် တနင်္ဂနွေနေ့ဒေးကြေးကို အလုပ်ရှင်ဘက်မှ မဖြတ်တောက်ရန်။ 
၄။ အလုပ်သမားများ သဘောတူညီချက်မရှိပဲ စည်းကမ်းချက်အမျိုးမျိူးထုတ်ခြင်း မပြုလုပ်ရန်။
၅။ စူပါ၊ အောစူပါ စံချိန်တောင်းခံရာတွင် ဆဲဆိုခြင်း၊ အော်ဟစ်ပြောဆိုခြင်း မပြုလုပ်ရန် စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026