NEWS

အထည်ချုပ် အလုပ်သမားအသစ်များအပေါ် ခွဲခြားဆက်ဆံမှုများ၊ ဆိုးရွားသည့် လုပ်ငန်းခွင် အခြေအနေများ

CoverLogo
73 Views
ကိုကြီးကျော်ရေ…
ညီမက မေသူ့ သူငယ်ချင်းပါ။ ကိုကြီးကျော်ကို စက်ရုံကိစ္စတွေ ပြောပြ နိုင်တယ်ဆိုလို့ စာရေးလိုက်တာပါ။ ညီမတို့ စက်ရုံမှာ ဖြစ်နေတာတွေပါ။
 
ဝန်ထမ်းအသစ်တွေ အလုပ်လာလျှောက်ကြပါတယ်။ အခုလပိုင်းမှာ အထည်ချုပ်စက်ရုံတွေမှာ လုပ်သား လိုအပ်ချက် အရမ်းကို ကြီးမားပါတယ်။
 
လှိုင်သာယာမှာ ကျင်းပတဲ့ အလုပ်အကိုင်ပြပွဲမှာ အထည်ချုပ်စက်ရုံတွေ လုပ်သား ခေါ်ကြရတာလည်း အစ်ကိုတို့ တွေ့မှာပါ။ ဒါက ပွဲအခမ်းအနားနဲ့မို့ စစ်ကောင်စီကို မျက်နှာလို မျက်နာရ လုပ်တာ မဟုတ်ဘူး ။ အမှန်တကယ်မြေပြင်မှာ လုပ်သားလိုအပ်ချက် ကြီးကြီးမားမားဖြစ်နေတာ။
 
တချို့စက်ရုံတွေဆို စက်မှုဇုန်ရှေ့အထိ HR ဝန်ထမ်းတွေက ကြိုပိုံယာဉ်တွေနဲ့ အင်တာဗျူး ဝင်ဖို့ လိုက်ပြီးခေါ်ရတဲ့ အထိ လုပ်သား ရှားတာပါ။
 
ညီမတို့ စက်ရုံက တမျိုး အစ်ကို။ လာလျှောက်တဲ့ အလုပ်သမားတွေကို အင်တာဗျူးတယ် အလုပ်ခန့်တယ်။ အဲလို အလုပ်ခန့်ပြီးမှာ စက်ရုံအုပ်စုထဲက ဆိုပြီး အလုပ်ပြန်ထုတ်ဖြစ်တယ် အစ်ကို။ ရက်စက်လိုက်ကြတာ နော်…။ အလုပ်လျှောက်တဲ့ စက်ရုံက အရင်လုပ်ခဲ့တဲ့ စက်ရုံခွဲတွေဆိုတာ အလုပ်သမားတွေ ဘယ်လို သိနိုင်မလဲ။
 
နောက်တခုက ရုံးခွဲလျှောက်တာက ခွဲခြားတာလား၊ လျှောက်ခွင့်မရှိဘူးလား၊ ဘယ်လို ဥပဒေတွေနဲ့ ကန့်သတ်ထား တာလဲ။ နောက် တခြားအလုပ်တခုက အလုပ်ထွက်လာတာ အပြစ်လား၊ ပြစ်ရှိခဲ့လို့လား။ ပြစ်မှုမရှိခဲ့ရင် ဘာလို့ အလုပ်ထွက်တာလဲ ဆိုတဲ့ နောက်ခံအကြောင်းအရာတွေလည်း သိရဖို့လိုတယ်။ မေးရမဲ့ မေးခွန်းတွေလည်း ရှိတယ်။
 
အထည်ချုပ်စက်ရုံဆိုတာ ဖိအားမျိုးစုံရှိနေတဲ့ နေရာပါ။ အလုပ်တခုကနေ တခုထွက်လာတယ်ဆိုတာက အဆင်မပြေမှုတွေ အမျိုးမျိုးနဲ့ပါ။
 
ပြီးတော့ အလုပ်လျှောက်တယ်ဆိုတာ အလွယ်တကူ မဟုတ်ကြဘူး။ နေတဲ့ အဆောင်တွေ၊ နေအိမ်တွေကနေ စက်မှုဇုန်တွေရောက်ဖို့ လာရတယ်။ စက်မှုဇုန်ကနေ စက်ရုံရောက်ဖို့ အနှေးယာဉ်တွေနဲ့လာရတယ်။ အင်တာဗျူးဝင်ဖို့ နေပူပူကနေ စောင့်ဆိုင်းရတယ်။ ကျန်းမာရေးအခြေအနေတွေ၊ အလုပ်ရဖို့ ကုန်ကျစာရိတ်တွေ ၊ ဝင်ငွေမရှိတဲ့ နေ့ရက်တွေ ဒါတွေကို တွက်ကြည့်လို့ရပါတယ်။ ကိုယ်ချင်းလည်း စာလို့ ရပါတယ်။
 
ညီမတို့ စက်ရုံမှာ ရုံခွဲက ပြောင်းလာလို့ ဆိုပြီး တနေ့တည်း ၁၀ ယောက် အလုပ်ထုတ်လိုက်တယ်။ အဲဒီ အလုပ်သမားတွေက ဘာမှ ချို့ယွင်းချက်မရှိဘူး ။ စက်ရုံရဲ့ အလုပ်သမားစည်းမျဉ်းတွေကို ချိုးဖောက်တာ လည်း မဟုတ်ကြဘူး။
ခန့်ပြီး နှစ်ရက်အကြာမှာ အလုပ်ထုတ်တာ။ တခြားဘာမှ မဟုတ်ဘူး။ ပိုင်ရှင်တူတဲ့ ရုံခွဲမှာ လုပ်ခဲ့လို့ ဆိုပြီး အလုပ်ထုတ် တာ။
 
အဲ့အလုပ်သမားတွေက ထွက်လာတဲ့ရုံကနေ ဘယ်သူနဲ့မှ ဘာမှမဖြစ်ခဲ့ဘူး။ ပြစ်မှုလည်း မရှိဘူး။ သူတို့ အဆင်မပြေလို့ စိတ်ဖိစီးမှုတွေများလို့ အလုပ်ထွက်လာ ကြတာပါ။ အလုပ်သမားတွေ တစ်ရုံအဆင်မပြေရင် ထွက်ပြီး တခြားပြောင်းလုပ်ခွင့် မရှိတာလားသိချင်ပါတယ်။
 
အဲဒီ စက်ရုံဘက်က ဆူပူတာ မရှိဘဲ၊ တဘက်စောင်းလုပ်တာ မရှိဘဲ မျှတစွာလုပ်ဆောင်ပေးနေမယ်ဆိုရင် အလုပ်ထွက်ဖို့
မရှိဘူးပေါ့။
အဓိကပြောပြချင်တာတော့ အစ်ကိုရယ်၊ တခြားရုံကနေ စိတ်ညစ်ရလိုထွက်လာသူတွေကို အလုပ်ခန့်ပြီးမှ စက်ရုံမှူး အချင်းချင်း မျက်နှာပျက်မှာဆိုးပြီး အလုပ်ထုတ်လိုက်ကြတာ။
 
အလုပ်သမားတွေအနေနဲ့ အဆင်မပြေတဲ့စက်ရုံမှာ စိတ်ပင်ပန်း၊ လူပင်ပန်းခံပြီး ဆက်လုပ်နေရမှာလား။ စူပါတွေဆဲတာ၊ ခွဲခြားဆက်ဆံတာတွေ ခံရရင်လည်း ဆက်လုပ်ရမလား၊ အလုပ်ထွက်တဲ့သူတွေကရော တခြားရုံတွေမှာ လျှောက်ခွင့်မရှိဘူးလားဆိုတာ သိချင်တာပါ။ .
 
အခုကာလက စက်ရုံက အလုပ်ထွက်တဲ့ အလုပ်သမားတွေများတယ် အစ်ကို။
အဲ့လို အလုပ်ထွက်တဲ့သူ၊ အုပ်စုလိုက် အလုပ်ထွက်ကြပြီ ဆိုရင် စက်ရုံတာဝန်ခံတွေက အဲ့လူစာရင်းတွေကို တခြားရုံတွေဆီ စာရင်းပို့တယ်။ စာရင်းထဲက အလုပ်သမားတွေ အလုပ်လာလျှောက်ပြီဆိုရင် စာရင်းရောက် ထားတဲ့ စက်ရုံတွေက အလုပ်မခန့်ကြဘူး ။
 
ဒါဆို အလုပ်သမားတွေက အဆင်မပြေတဲ့ စက်ရုံကလွဲရင် တခြားမှာ အလုပ်လုပ်ခွင့်မရတော့ဘူးလား။ အခွင့်အရေးကို ပိတ်ပင်တာလား။ အလုပ်သမားတွေရဲ့ တက်လမ်းကို ပိတ်ပင်တာလို့ ပြောရတော့မယ်။
 
အလုပ်သမားတွေ ဘာမှ မလုပ်ဘဲ အလုပ်ထုတ်ခံရတော့ မန်နေဂျာတွေလည်း စိတ်မကောင်းဖြစ်ကြရတယ်။ ညီမတို့ မန်နေဂျာဆို အဲ့အပိုင်းမှာ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ စက်ရုံမှူးက တရုတ်နိုင်ငံသားက သူ ဖြစ်ချင်တာ တွေကို တိုက်ရိုက်ခိုင်းတာ။ မန်နေဂျာစကားကို အရာမသွင်းဘူး။ မန်နေဂျာကလည်း စက်ရုံမှုး ဆူလိုက် ငေါက်လိုက် အမြဲခံနေတော့ အလုပ်သမားတွေအတွက် ဘာမှ မပြောနိုင်တော့ဘူး ဖြစ်နေတာ။
 
ခုရက်ပိုင်းထဲ အပူချိန်တော်တော်မြင့်တယ် အစ်ကို ။ စက်ရုံထဲမှာ အပူချိန်မြင့်လွန်းတော့ မူးလဲတာ တွေ ခဏခဏ ဖြစ်ကြတယ်။ စက်ရုံ ဆေးပေးခန်းမှာ ဆေးဝါးမရှိဘူး။ ဓာတ်ဆားထုတ် တောင် မရတာပါ။ ဒါတောင် စက်ရုံကို အလုပ်သမား ဒုဝန်ကြီး မကြာခဏလာပြီး ဆေးကော်မတီဖွဲ့ထားတဲ့ စက်ရုံပါ။ ဒီလို စက်ရုံက ဆေးမရှိတာပါ။
 
စက်ရုံထဲ အရမ်းပူတော့ တနေကုန် မတ်တပ် မီးပူတိုက်ရတဲ့ အလုပ်သမားတွေ ပိုပြီး မူးလဲကြတယ်။ ထိုင်ချုပ် နေရတဲ့ အလုပ်သမားတွေဆို မူးမော်လို ဓာတ်ဆားထုတ်တောင်းရင် တခါမှ မရကြဘူး အစ်ကို ။ မူးမော်ပြီဆိုရင် စက်ရုံထဲ ရောင်းတဲ့သူတွေဆီက အလုပ်သမားတွေ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သောက်နေရတာ။ ဝမ်းသွားလို့ ဆေးတောင်းတာ တောင် ဆေးမရှိဘူး အစ်ကို။ .
 
စက်ရုံက အချိန်ပိုတွေခေါ်ပါတယ်။ တနင်္ဂနွေလည်းဆင်းရတာ အပတ်တိုင်းပါပဲ။ ဒီတနင်္ဂနွေနေ့ ဆင်းရတဲ့ အလုပ်သမား အနည်းစုဆိုပေမဲ့ နားရက်မရှိတဲ့ လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေ ရှိနေတယ်ဆိုတာပါ။ ခွင့်လည်း မပေး နားရက် မပေးနဲ့ ၊ နားပြန်တော့လည်း ဒေးကြေးဖြတ်၊ ရက်မှန်ကြေးဖြတ် ဆိုတော့ အလုပ်သမားတွေမှာ ဆုတ်လည်းဆူး စားလည်းရူး အဖြစ်တွေပါ။
 
ညီမတို စက်ရုံမှူးက လူတန်းစားအရမ်းခွဲခြားတယ်။ အားလုံးက ရွံကြောက်ဖြစ်နေတာအစ်ကို.။
ညီမတို့လည်း ပေါ်ပေါ်တင်တင် ကူညီပေးခွင့်မရှိဘူး။ အစ်ကို တချို့အရာတွေဆို သိအောင်တမျိုး မသိအောင် တမျိုးနဲ့ ညီမတို့ ကူညီပေး နိုင်တာဆို ကူညီပေးပါတယ်။ ခုရေးထားတဲ့ ကိစ္စတွေကြ ညီမတို့ ကူညီလို့ မရလို့ အစ်ကိုဆီ ရေးပိုပေးလိုက်တာပါ။
 
ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့် ။

Related posts

Cover
Suntime Jck အထည်ချုပ်စက်ရုံတွင် အလုပ်ရပ် တောင်းဆိုမှု ပြုလုပ်
May 10, 2025
Cover
Rainbow Tec Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်ကျော်သည်အထိ လစားအဖြစ် မခန့်
May 10, 2025
Cover
ငလျင်ဘေးသင့် လူမှုဖူလုံရေးအာမခံ လုပ်သားများ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် လျှောက်ထားနိုင်
May 09, 2025
Cover
Myanmar Jiale Fashion စက်ရုံ လစာပြန်ပေး၊ အလုပ်သမားများ လစာအတွက် စိုးရိမ်မှု ရှိနေ
May 09, 2025
Cover
Myanmar Handsome အထည်ချုပ်စက်ရုံ တပတ် နာရီ ၂၀ ကျော် အချိန်ပို လုပ်ခိုင်း
May 09, 2025
Cover
ကျောင်းသူအရွယ် မိန်းကလေးငယ်ကို တရုတ်မယား ပြုလုပ်ရန် စည်းရုံးတဲ့ တရုတ်နိုင်ငံသားအပါ ၃ ဦး ကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချ
May 09, 2025
Cover
ငလျင်ဒဏ်သင့် အလုပ်သမားအပေါ် ချိုးဖောက်မှုတွေ ရှိနေ
May 09, 2025
Cover
LITA MYANMAR အထည်ချုပ် သန့်စင်ခန်းသွားခွင့် အတင်းအကျပ် ပိတ်ပင်ပြီး သတိပေး လက်မှတ်ထိုးခိုင်း
May 08, 2025