NEWS

အချိန်ပို ဖိအားပေးခေါ်ယူတာ အပြင် မိသားစုထံ ဆက်သွယ်အသိပေးခွင့် မပြုလို့ အခက်အခဲဖြစ်

CoverLogo
583 Views

တရုတ်နိုင်ငံသားပိုင် Fitex (Myanmar) Garment Manufacturilg Co,Ltd ဖစ်တက် (မြန်မာ) အထည်ချုပ်စက်ရုံ မှာ အချိန်ပိုအလုပ်ချိန်တွေကို ဖိအားပေးပြီး ခေါ်ယူနေတဲ့အပြင် အချိန်ပိုခေါ်ယူတာကို မိသားစုဆီ ဆက်သွယ် အသိပေးခွင့် မပြုတာကြောင့် အခက်တွေ့နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

 

ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းနဲ့ ဦးအောင်သူလမ်းထောင့် ရွှေလင်ဗန်းဆေးရုံရှေ့မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားအင်အား (၈၀၀) နီးပါးနဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

 

လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ WCC သာ ဖွဲ့စည်းထားပြီး FSBN, SMOG,AMISU, Macron, ikka စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။ 

 

“အလုပ်ချိန်က မနက် (၇) နာရီခွဲကနေ ည (၇) နာရီထိ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အမြဲတမ်းလိုလိုပါပဲ။ ည (၉) နာရီအထိ ခေါ်ပါတယ်။ အိုတီကို လူခွဲတာတို့၊ တစ်ရုံလုံးဆင်းရတာတို့ မတူပါဘူး။ အချိန်ပိုခေါ်ရင်လည်း အလုပ် သမားတွေ ဆင်းချင်လား၊ မဆင်းချင်ဘူးလား မမေးဘဲ စက်ရုံမန်နေဂျာက အတင်းအကြပ် ဆင်းခိုင်းပါတယ်။ နောက်ဖေဖော်ဝါရီလ (၁၂)နဲ့ (၁၃) ရက်မှာ အလုပ်ပိတ်ပါတယ်။ (၁၃) ရက်ပိတ်ရက်အတွက်ဆိုပြီး (၉) ရက်နေ့ တနင်္ဂနွေနေ့ကို အစားထိုးပြီး ကြိုဆင်းခိုင်းပါတယ်၊ အလုပ်သမားတွေဆန္ဒမမေးဘဲ ပိတ်ချင်သလို ပိတ် ပြီး၊ ဆင်းချင်သလို ဆင်းခိုင်းပါတယ်။ အခုဆိုရင် လိုင်းအလိုက် သတ်မှတ်စံချိန်မပြည့်ရင် အချိန်ပိုကို ည (၉) နာရီ၊ (၁၂) နာရီတွေအထိ ခေါ်ပါတယ်။ အချိန်ပိုခေါ်လို့လည်း မိသားစုဆီကို ဖုန်းဆက်ပြောလို့မရပါဘူး။ ဖုန်းတွေကို သိမ်း ထားပါတယ်။ တစ်ချို့မိဘတွေဆို စိတ်ပူပြီး စက်ရုံထိ လိုက်လာကြတာတွေလည်း ရှိပါတယ်။ ပြန်တဲ့အချိန်ဆိုရင် တော့ ဖယ်ရီကားနဲ့ ပတ်ပို့ပါတယ်၊ ည (၉) နာရီအထိ အလုပ်ဆင်းရပြီး ည(၁၀) ကျော်မှ အိမ်ပြန်ရောက်ပါတယ်။ အိမ်ရောက်တော့ ချက်ပြုတ်စားသောက်တာနဲ့ ည (၁၂) နာရီထိုးပါတယ်။ ဒါပေမယ့် မနက်ကို အလုပ်ချိန်အမီ ပြန်သွားရပါတယ်။ အလုပ်သမားတွေ နေထိုင်မကောင်းလို့ဖြစ်ဖြစ်၊ မိသားစုကိစ္စကြောင့် ခွင့်ယူချင်လို့ဖြစ်ဖြစ် ခွင့်ယူ တာတို့၊ ဂိတ်ပတ်ယူတာတို့ဆို ဘယ်တော့မှ အသာတကြည်မရပါဘူး။ ပြောဆိုပြီးမှ လုပ်ပေးပါတယ်”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံတာတွေ လုပ်ဆောင်နေပြီး QC စူပါ သူအလုပ်သွင်းပေးသူတွေနဲ့ ဆွေမျိုးတော်စပ် သူတွေကို ရာထူးတိုး၊ လစာတိုးတာတွေ လုပ်ဆောင်ပေးနေပေမယ့် လူဟောင်းတွေကိုတော့ ရာထူးတိုးပေးတာ မရှိဘဲ ဖိအားပေးခိုင်းစေတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

 

“အချိန်ပိုကြေးတွေကတော့ သတင်းဖော်ပြပြီးတဲ့နောက်ပိုင်းတော့ ည(၇) နာရီနောက်ပိုင်း အချိန်ပိုကို လစာထုတ် ပြီး တစ်ပတ်အတွင်း ရှင်းပေးပါတယ်။ အထည်စံချိန်တွေကို မတရားတောင်းပါတယ်။ ဒီနေ့လိုင်းချိန်းလည်း ဒီနေ့အထည်တောင်းပါတယ်။ မရဘူးဆိုရင် အချိန်ပိုဆင်းရပါတယ်။ တရုတ်လူမျိုးတွေက လိုင်းထဲဝင်ပြီး အုပ်ချုပ်ပါ တယ်။ ပြောဆိုပါတယ်။ အထည်မရလို့ ပြောဆိုတာတွေလုပ်တော့ လိုင်းထဲက စူပါတွေ၊ အုပ်ချုပ်သူတွေက အလုပ်သမားတွေကို နင်းကန်ပြီး ဖိပါတယ်။ ဆဲဆိုကြပါတယ်။ အဆိုးဆုံး အဆဲဆုံးလိုင်းတွေက Line 1 , Line 2 , Line 3 စူပါ၊ လီတာနဲ့ Line QC  စူပါတို့က အလုပ်သမားတွေကို အော်ဟစ်ဆဲဆိုတာ တစ်နေ့တစ်နေ့ ငရဲခန်းလား မှတ်ရပါတယ်။ စိတ်ချမ်းချမ်းသာသာနဲ့  အလုပ်လုပ်ရတဲ့နေ့ ဆိုတာမရှိပါဘူး”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

လုပ်ငန်းခွင်တွင်းမှာ ဒီလိုချိုးဖောက်ခံရတာတွေ ကူညီဖြေရှင်းပေးဖို့ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။ 

 

စက်ရုံ အလုပ်သမားတွေအနေနဲ့ အချိန်ပိုတွေ ခေါ်ယူပါက အလုပ်သမားတွေရဲ့ သဘောဆန္ဒကောက်ခံဖို့ နေရာဝေးလို့ မဆင်းချင်သူတွေကို ပြန်လွှတ်ပေးဖို့၊ အချိန်ပိုဆင်းရပါက မိသားစုကို အကြောင်းကြားရန် ဖုန်းအသုံးပြုခွင့်ပေးဖို့၊ ကြားမကောင်းအောင် အော်ဟစ်ဆဲဆိုနေတဲ့ Line 1, Line 2 Line,3 ,စူပါ၊ လီတာနဲ့ Line QC  စူပါတို့ကို အရေးယူပြီး နောက်နောင်ဆဲဆိုသူတွေကိုလည်း အရေးယူဖို့နဲ့ တရုတ်လူမျိုးတွေ စက်လိုင်းထဲ တိုက်ရိုက်အုပ်ချုပ်နေတာကို ထိ ရောက်စွာ အရေးယူပေးဖို့နဲ့ တိုက်ရိုက်အုပ်ချုပ်ခွင့်မပေးဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026