NEWS

သင်္ကြန်ပိတ်ရက်အစားထိုးမဆင်းသူတွေကို လစာဖြတ်တောက်ခြင်းမပြုရန် အလုပ်သမားတွေလိုလားနေ

CoverLogo
1.1K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၅ ရွှေလီလမ်း မှာဖွင့်လှစ်ထားတဲ့ ဆင့်လုံအထည်ချုပ်စက်ရုံမှာ လာမယ့် သင်္ကြန်ရုံးပိတ်ရက်တွေအတွက် ကြိုတင်ကာ အချိန်ပို ရက်စားခေါ်ယူခဲ့ပြီး အချိန်ပိုမဆင်းတဲ့အလုပ်သမားတွေကို သင်္ကြန်ပိတ်ရက် ၁၀ ရက်စာ လစာမပေးဟု ဆိုကာ မန်နေဂျာဖြစ်သူက ပြောဆိုထားတယ်လို့အလုပ်သမားတွေကပြောပါတယ်။

ဆင့်လုံ (SHUNRONG GRAMENTS MYANMAR) အထည်ချုပ်စက်ရုံမှာ အလုပ်သမား (၅၀၀) ကျော်ဖြင့်   PROTECTIVE INDUSTRIAL PRODUCTS အထည်ချုပ်စက်ရုံဖြစ်ပြီး  စက်ရုံဖွင့်လှစ်ထားသည်မှာ (၄) နှစ်နီးပါး ရှိပြီးဖြစ်ကာ လုပ်ငန်းခွင်အတွင်း WCC ဖွဲ့စည်းထားပြီး အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့သိရပါတယ်။

လုပ်ငန်းခွင်အချိန်ဟာ နံနက် ၇ နာရီ ၃၀ ကနေ ညနေ ၆ နာရီအထိ ( အချိန်ပို ၂ နာရီပါဝင်) ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လထဲမှာ အချိန်ပို ညလုံးပေါက်ဆင်းရတာတွေရှိပြီး အများပြည်သူရုံးပိတ်ရက်တွေမှာပါ မနားရဘဲ အချိန်ပိုဆင်းခဲ့ရပြီး အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ မဖြစ်မနေဆင်းရတာလို့ အလုပ်သမားကပြောပါတယ်။

"သင်္ကြန်ပိတ်ရက် ၁၀ ရက်ပိတ်မယ်ဆိုပြီး ရက်အစားအနေနဲ့ မတ်လထဲမှာ ၃ ရက်ဆင်းပေးရပါတယ် အဲ့ထဲမှာ မတ်လ ၁၈ ရက်နေ့ (တနင်္ဂနွေနေ့) မှာမဆင်းတဲ့သူတွေရှိတယ် အဲ့အလုပ်သမားတွေကို မန်နေဂျာက ရုံးခန်းထဲခေါ်ပြောပါတယ် ခွင့်ယူတဲ့သူတွေ အလုပ်ပျက်တဲ့သူတွေ သင်္ကြန်ပိတ်ရက် ၁၀ ရက်စာ ပိုက်ဆံမပေးနိုင်ဘူးဆိုပြီးခေါ်ပြောတာ" လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

ယင်းကဲ့သို့ အများပြည်သူရုံးပိတ်ရက်တွေကို ဒေးကြေးမပေးဟုပြောဆိုတဲ့အပေါ် လက်ခံနိုင်စရာမရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"တနှစ်မှာတခါ ဒီလို ရုံးပိတ်ရက်ကို လစာဖြတ်မယ်ဆိုတော့ ဘာနဲ့သွားသုံးမလဲ အဆိုးဆုံးကတော့ အထည်စံချိန်ကို အလုပ်သမားချုပ်နိုင်တာထက်ပို ပိုတောင်းတာ သူတို့တောင်းတဲ့အထည်စံချိန်ပြည့်အောင် အချိန်ပိုဆင်းပြီး ချုပ်ပေးရပေမဲ့ အချိန်ပိုကြေးမရပါဘူး "လို့ အလုပ်သမားကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာလည်း (အများပြည်သူရုံးပိတ်ရက်) လုပ်ငန်းလိုအပ်ချက်ကြောင့်ဟုဆိုကာ စက်လိုင်းအလိုက် ၅ ဦးကနေ ၆ ဦးအထိ အချိန်ပိုခေါ်ယူခဲ့ပြီး နံနက် ၇ နာရီ ၃၀ ကနေ နေ့လည် ၁၁ နာရီအထိ လုပ်ကိုင်ခဲ့ရပြီး အချိန်ပိုကြေးပေးချေခဲ့ခြင်းမရှိဘူးလို့ ပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်ကို ချုပ်လုပ်နိုင်တဲ့ပမာဏထက် ပိုမိုသတ်မှတ်ထားပေမဲ့   အထည်စံချိန်မပြည့်မီပါက လည်းစက်လိုင်းတာဝန်ခံတွေက ရိုင်းစိုင်းစွာ ဆဲဆိုတာတွေ ပြုလုပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

"ရှောင်တခင် ခွင့်တွေ လုပ်သက်ခွင့်တွေဆိုလည်း မပေးတာများပါတယ် အလွယ်တကူရတာမရှိပါဘူး ဆေးခွင့်ပဲရတယ် များသောအားဖြင့်တော့ ခွင့်မဲ့ဖြစ်သွားတာများတယ် သောက်ရေကတော့ ရေသန့်စက်ဆိုပြီး တပ်ပေးထားပေမဲ့ ရေမသန့်လို့ ကိုယ့်ဘာသာ ဝယ်သောက်ရတာရှိတယ် ဆေးပေးခန်းမှာ သူနာပြုရှိပေမယ့် တခုခုဖြစ်လို့ သွားရင် ဆေးဘယ်တော့မှမရဘူး အပြပဲ လုပ်ထားသလားထင်ရတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ အထက်ပါ ချိုးဖောက်မှုတွေကို ပြုပြင်ပေးစေလိုပြီး အချိန်ပိုခေါ်ယူပါက အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းလုပ်ကိုင်ရန် အချိန်ပိုကြေးပေးရန်နဲ့ အချိန်ပိုကြေးမပေးဘဲ ခိုင်းစေခဲ့တာတွေကို ပြန်လည်တွက်ချက်ပေးရန် တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

ထပ်မံပြီးတော့လည်း အလုပ်သမားတွေခွင့်ယူပါက အကြောင်းခိုင်လုံလျင် ခွင့်ခံစားပြုရန် သောက်ရေကို အဆင်ပြေအောင်စီမံပေးရန်နဲ့ ဆေးပေးခန်းတွင် ဆေးဝါးတွေထားရှိပေးရန် သင်္ကြန် ရက်အစားထိုးမဆင်းသူတွေကို လုပ်ခဖြတ်တောက်ခြင်းမပြုရန် စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

 

 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026