NEWS

လုပ်ငန်းခွင်အတွင်းချိုးဖောက်မှုတွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေတောင်းဆို

CoverLogo
651 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလယ်ရွာမီးသတ်အဝိုင်းအနီး မောင်ကျန်သီးလမ်းမှာဖွင့်လှစ်ထားတဲ့ HOPE ONE CO,LTD   အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ခံစားနေရတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေ အနေနဲ့  ခွင့်ခံစားခွင့်မရတာ၊ ဂိတ်ပက်တောင်းပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်တာ၊ လုပ်ငန်းခွင်အတွင်းဆဲဆိုခိုင်းစေခံရတာ အထည်စံချိန် အများအပြားတောင်းဆိုတာ၊ အချိန်ပိုအလွန်အကျွံခိုင်းစေပြီး ဖယ်ရီစီစဉ်မပေးတာ စတဲ့ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေရှိနေတာကြောင့် အလုပ်လုပ်ကိုင်ရတာ အခက်တွေ့နေရလို့ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။

လုပ်ငန်းခွင်က တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၈၀၀ ကျော်နဲ့ လည်ပတ်ကာ noa-ge တံဆိပ် အထည်တွေချုပ်လုပ်ရတာလို့ ပြောပါတယ်။ လုပ်ငန်းခွင်မှာတော့ အလုပ်သမားရေးရာ အငြင်းပွားမှုတွေ ဖြေရှင်းပေးဖို့ အတွက်အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ WCC ဖွဲ့စည်းထားတယ်လို့  ပြောပါတယ်။ 

"အလုပ်သမားတွေကို သင်္ကြန်ပိတ်ရက် ၁၂ ရက်နေ့ကနေ ၂၂ ရက်နေ့ထိပိတ်ပြီး အလုပ်ပြန်တက်တာ နောက်ကျတဲ့ အလုပ်သမားတွေကို ပိတ်ရက် ၁၀ ရက်စာပိုက်ဆံမပေးဘူးလို့ ပြောတယ်"လို့ အလုပ်သမားကပြောပါတယ်။ 

"လက်ရှိချိုးဖောက်မှုတွေအနေနဲ့ အထည်စံချိန်တွေ အဆမတန်တောင်းခံတာပါ စက်လိုင်းထဲမှာ အလုပ်သမား ၂၀ ကျော်ရှိပြီး တနာရီကို အထည် ၃၀ အထိပေးရပြီး တယောက်ကို ၃ ပွိုင့်ကနေ ၄ ပွိုင့်ချုပ်နေရတယ် အလုပ်ရှင်တောင်းတဲ့ စံချိန်မပြည့်ရင် အောစူပါတွေ စူပါတွေက မီတင်မှာ နာမည်တပ်ပြီး အော်ဆဲပါတယ်။ စံချိန်မပြည့်ရင် တရက်ခြား ည ၈ နာရီကနေ ၁၂ နာရီအထိ အချိိန်ပို ဆင်းပေးရပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

အခုလို ည ၁၂ နာရီအထိ အလုပ်ဆင်းပြီးပါက အလုပ်သမားက မိမိအစီအစဉ်ဖြင့် အိမ်ပြန်ရတာကြောင့် လုံခြုံရေးစိုးရိမ်ရမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

"နောက်ထပ် ချိုးဖောက်မှုတွေကတော့ လူသစ်တွေ ဘယ်လောက်ပဲ ကျွမ်းကျင်ပါစေ အလုပ်သင်အဖြစ်နဲ့ ခိုင်းပြီး ဂရိတ်ကြေးကို စီအဆင့်ပဲပေးတာ၊ လစာကို နှိမ်ပေးတာ တွေ လုပ်ပါတယ်။ နေ့စား အကူတွေကိုလည်း ၃ လပြည့်ရင် အတည်ပြုမခန့်ဘဲ နေ့စားအဖြစ်ဆက်ခိုင်းနေတာတွေ ရှိတယ်" လို့ ယင်းကဆက်ပြောပါတယ်။

ပေးချေနေတဲ့ နှုန်းထားတွေအနေနဲ့ အလုပ်သမားတွေကို ဒေးကြေး ၊ ထောက်ပံ့ကြေး အပါ ၉၅၀၀ ကျပ် ရက်မှန်ကြေး ၃၀၀၀၀ ကျပ် ကျွမ်းကျင်ကြေး အေအဆင့် ၅၀၀၀၀ ကျပ် ဘီအဆင့် ၃၀၀၀၀ ကျပ် စီအဆင့် ၂၅၀၀၀ ကျပ် ဒီအဆင့် ၂၀၀၀၀ ကျပ် သတ်မှတ်ပေးထားပြီး အလုပ်တရက်ပျက်ပါက ဂရိတ်ကြေး အဆင့်ချပြီး ရက်မှန်ကြေးတွေ အကုန်ဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။ 

နေ့စားအလုပ်သမားတွေကိုတော့ ဒေးကြေး ၆၅၀၀ ကျပ် ဖြင့်ရှင်းပေးပြီး အလုပ်တရက်ပျက်ပါက ၃၀၀၀၀ ကျော် ဖြတ်တောက်တာကြောင့် နစ်နာမှုတွေ ရှိနေတာလို့ ဆိုပါတယ်။

အခုလိုလုပ်ငန်းခွင်အတွင်း အခွင့်အရေးချိုးဖောက်ခံရတာတွေအပြင် ခွင့်ခံစားခွင့် တခုမျှ မရရှိခြင်းကြောင့် လည်း နစ်နာနေရတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ ပြုပြင်ပြောင်းလဲပေးဖို့ အလုပ်သမားတွေ လိုလားနေတာပါ။ 

"အလုပ်သမား လူသစ်တွေ အရင်စက်ရုံမှာ လစာသွားထုတ်တာကိုလည်း ကြာတဲ့အချိန်အလိုက် အိုတီကြေးနဲ့ တွက်ပြီး ပိုက်ဆံဖြတ်ပါတယ်၊ ဂိတ်ပက်ယူမယ်ဆိုရင် နောက်‌နေ့ အလုပ်ပါ တခါတည်းထွက်ရမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

အခုလို လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို လည်း အလုပ်သမားတွေ စာပို့တောင်းဆိုထားပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေအရ 
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ ခံစားခွင့်ရှိသော ခွင့်ရက်များခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ ဂိတ်ပက်ယူမယ်ဆိုရင် အလုပ်မှတန်းထုတ်ခြင်းမပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ ၃လပြည့်ပြီးသော အလုပ်သမားများကို အတည်ပြုဝန်ထမ်းအပ်ခန့်ပေးရန်။
၄။ အလုပ်ရှင်ဘက်မှ ည၁၂နာရီအချိန်ပိုအိုတီဆင်းခိုင်းခြင်းမပြုလုပ်ရန်နှင့် အချိန်ပိုအိုတီဆင်းရလျင် သွားလာ ရေးစီစဥ်ပေးရန်။
၅။ အလုပ်ရှင်ဘက်က အောစူပါ၊ စူပါများက အလုပ်သမားများကို ဆဲဆိုခြင်းမပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အထည်စံချိန်များကို အဆမတန်တောင်းခံနေခြင်းမပြုလုပ်ရန် စတာတွေ ဖြေရှင်းပေးဖို့ လိုလားနေတာလို့ သိရပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026