NEWS

လုပ်ငန်းခွင်အတွင်း အချိန်ပိုအတင်းအကျပ်ခေါ်ယူခိုင်းစေ

CoverLogo
880 Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန် ၄ ခြံအမှတ် ( -) မှာဖွင့်လှစ်ထားတဲ့ LITA MYANMAR အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၉၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေပြီး အချိန်ပို ညလုံးပေါက်ခေါ်တာနဲ့ အများပြည်သူအလုပ်ပိတ်ရက်တွေမှာပါ အချိန်ပိုအတင်းအကျပ်ခေါ်ယူခိုင်းစေနေသလို လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာ အငြင်းပွားမှု ညှိနှိုင်းရေးယန္တရားဖြစ်တဲ့ WCC ပင်ဖွဲ့စည်းထားခြင်းမရှိဘဲ လုပ်ငန်းလုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ စက်ရုံမှာ   CONVERSE၊ BURTLE၊ HEARTGREEN ၊ TOYO အမှတ်တံဆိပ် ဝယ်လွန်သားအင်္ကျီတွေချုပ်လုပ်နေတာလို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းလည်းဖွဲ့စည်းထားခြင်းမရှိဘူးလို့ ဆိုပါတယ်။

အဆိုပါ စက်ရုံလုပ်ငန်းလုပ်ကိုင်နေတာ ၁၅ နှစ်ဝန်းကျင်ရှိနေပြီး လက်ရှိမှာတော့ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေး၊ နှစ်ကြေး တွေ ရရှိခြင်းမရှိဘူးလို့ ပြောပါတယ်။

" စက်ချုပ်သမားတွေကလွဲရင် တခြားဌာနတွေကို ရက်မှန်ကြေးမပေးပါဘူး။ ရက်မှန်ကြေးမပေးလို့ ဘယ်သူမှ ရက်မှန်အောင်မဆင်းတော့ သုံးရက်ထက်ပိုပျက်ရင် ဝမ်တိမ်ထိုးရမယ် အလုပ်ထုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်မှာ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့တွေမှာလည်း အချိန်ပိုဆင်းရပြီး အော်ဒါ အရေးကြီးရင် ကြီးသလို အောနိုက်၊ အောလင်း ( ညလုံးပေါက်) ဆင်းရပြီး အချိန်ပိုခေါ်ရာမှာ ကြိုတင်အသိပေးခြင်းမရှိဘဲ အနီးကပ်မှ ပြောကာ အပြန်ဖယ်ရီ စီစဉ်မပေးတာကြောင့်လည်း မိမိအစီအစဉ်နဲ့ ပြန်ရတာ ၊ အချိန်ပိုဆင်းရန် ငြင်းဆန်ပါက အပြောအဆိုခံရခြင်း ခွဲခြားဆက်ဆံခြင်းနဲ့ ဖိအားပေးခိုင်းစေတာခံရတယ်လို့ ပြောပါတယ်။

အထည်စံချိန်တောင်းခံရာမှာလည်း စက်လိုင်းတစ်လိုင်းလျင် စူပါ၊ အကူ အပါအဝင် ၄၅ ဦးရှိပြီး တစ်နာရီကို အထည်၄၀ ချုပ်ပေးရပြီး စံချိန်ပြည့်ပါက ထပ်မံတိုးတောင်းလို့ အခက်တွေနေရတယ်လို့ အလုပ်သမားကပြောပါတယ်။

"လူ ၄၅ ယောက်ဝန်းကျင်ရှိတဲ့ လိုင်းမှာ တနာရီကို အထည် ၄၀ တောင်းတယ်၊ ချုပ်ရတဲ့ ဝယ်လွန်သားတွေက လက်ဝင်တယ် ခက်ခဲတယ် ဒါပေမဲ့ ရေမသောက် အပေါ့အပါးမသွားဘဲ ရအောင်ကုန်းရုန်းပြီးချုပ်လို့ အထည်ပြည့်သွားရင် ၅၀ တောင်းရော ၊ တွက်ကြည့်ရင် အလုပ်သမားတစ်ယောက်အလုပ်ချိန် ၈ နာရီမှာ ဝယ်လွန်သားအင်္ကျီ ၈ ထည်စာ လောက်ချုပ်ရတာ အိုတီမှာချုပ်ရတာမပါသေးဘူး။ ပေးတော့ ၅၈၀၀ တည်းနဲ့လေ။ အဲ့ဒါကိုလည်း စံချိန် တိုးတောင်းတယ်ဆိုတော့  အလုပ်ချိန်မှာ အသက်ရှူရတာတောင်ကံကောင်းလို့"လို့ အလုပ်သမားကပြောပါတယ်။

အထည်စံချိန် တောင်းရာမှာလည်း ဆဲဆို အော်ဟစ်ပြီး တောင်းသလို စံချိန်ပြည့်အောင်ချုပ်ပါကလည်း ဆဲဆိုမြဲဆဲဆိုနေလို့ ဂုဏ်သိက္ခာကင်းမဲ့စွာလုပ်ကိုင်နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေခံစားခွင့်ရှိသော ရှောင်တခင်ခွင့်ခံစားခွင့်မရခြင်း၊ လူမှုဖူလုံရေး ဆေးခွင့်ယူပါက ၄၈၀၀ ဖြတ်တောက်ခံရခြင်း ၊ မည်သည့်ခွင့်အမျိုးအစားနဲ့မဆို ရက်ပျက်ပါက ဒေးကြေး ဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။

"ခွင့်ဆို ဘာခွင့်ခံစားခွင့်မှမရဘူး။ စက်လိုင်းထဲမှာ တရုတ်ဆရာဆိုတဲ့ လူတစ်ယောက်က နေ့လည်လောက်ဆို အရက်မူးပြီး တွေ့သမျှ စက်လိုင်းက အလုပ်သမားတွေကို မြန်မြန်လုပ်ဖို့ စကားမပြောဖို့ အပြင်မသွားဖို့ အလုပ်လုပ်တာမကောင်းဘူး သေချာလုပ်ဆိုပြီးတော့ တရုံလုံးကို ရစ်နေတာ သူဌေးမ ဆိုတဲ့ တရုတ်အမျိုးသမီးကလည်း အလုပ်သမားတွေကို မြင်သာတဲ့နေရာကနေ ဖုန်းနဲ့ ဓါတ်ပုံရိုက်နေတာ အပြင်သွားရင်လည်း ဓါတ်ပုံရိုက်ပြီး စူပါတွေကို ခေါ်ပြီး ဆူခိုင်းသေးတယ်။ တခါတလေ သူကိုယ်တိုင် ဆူဆဲနေတာ"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

"သူဌေး တရုတ်အမျိုးသမီးကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်ပြီး တွေ့သမျှ ဓါတ်ပုံရိုက် ပြီးအလုပ်သမားတွေကို ထောင်သားတွေကို ဆက်ဆံခိုင်းစေနေတာ သုံးရေဆို အလုပ်ချိန်မဟုတ်ရင် မဖွင့်ပေးဘူး ထမင်းစားနားချိန်မှာ သန့်စင်ခန်းမှာရေမရှိလို့ မသွားရဘူး"လို့ အလုပ်သမားကဆက်ပြောပါတယ်။

အလုပ်သမားတွေကို ကျွမ်းကျင်မှုမရှိတဲ့ နေရာတွေကို သွားရောက်လုပ်ကိုင်ရန် ခိုင်းစေတာရှိပြီး ငြင်းဆန်ပါက အလုပ်မှ ထုတ်ပစ်ခြင်း လူရွယ်လုပ်သားတွေခန့်ထားပြီး ခိုင်းစေတာတွေ ပြုလုပ်လျက်ရှိတယ်လို့လည်း အလုပ်သမားကပြောပါတယ်။

"ကလေးလုပ်သားတစ်ဦး အထည်ယူလို့ဆိုပြီး လစာမပေးဘဲ အလုပ်ကထုတ်ပစ်တယ် ရဲခေါ်ဖမ်းခိုင်းသေးတယ်။ အလုပ်သမားတွေကိုလည်း ရဲတင်မဟုတ်ဘူး စစ်တပ်ပါခေါ်ဖမ်းခိုင်းမယ်ဆိုပြီး မှာထားပါသေးတယ် စက်ရုံရှေ့ဈေးရောင်းတဲ့ ဈေးသည်ပါမချန် စစ်တပ်နဲ့ခြိမ်းခြောက်ပါတယ်။ WCC လည်းမရှိဘူး လုပ်ငန်းခွင်ထဲ တစုံတရာ အခက်အခဲဖြစ်လို့ ဆွေးနွေးပေးမယ့် သူတောင်မရှိဘူး"လို့ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ 

၁။ အချိန်ပိုအိုတီခေါ်လျှင် အလုပ်သမားများသဘောဆန္ဒကို မေးမြန်ရန်နှင့် သဘောတူမှ အချိန်ပိုအိုတီခေါ်ရန်။
၂။ အလုပ်ရှင်ဘက်မှ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးပေးရာတွင် စက်ချုပ်သမားများကိုသာမက အခြားသော ဌာနများကိုပေးရန်။ 
၃။ အလုပ်ရှင်ဘက်မှ လုပ်ငန်းခွင်ထဲတွင် တစ်ခုခုဆို စစ်တပ်များဖြင့် မခြိမ်းခြောက်ရန်။
၄။ တရုတ်နိုင်ငံခြားသားများမှာ အလုပ်သမားများကို တိုက်ရိုက်မအုပ်ချုပ်ရန်။ အလုပ်သမားများချုပ်လုပ်နိုင် သောအထည်စံချိန်ကိုသာ တောင်းခံရန်။
၅။ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်များကို အလုပ်ရှင်ဘက်က ခံစားခွင့်ပြုရန်။
၆။ စူပါများမှ စံချိန်တောင်းခံရာတွင်လည်း ဆဲဆိုခြင်း၊ အော်ဟစ်ခြင်း မပြုလုပ်ရန်နှင့် အလုပ်ရှင်ဘက်မှ တာဝန်ယူဖြေရှင်ပေးရန်။
၇။ အချိန်ပိုအိုတီခေါ်လျင် အလုပ်သမားများကို ဖယ်ရီစီစဥ်ပေးရန် စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။ 


Related posts

Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ
Feb 17, 2026
Cover
Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
Feb 17, 2026
Cover
Golden & Five Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား မတရားအလုပ်ထုတ်
Feb 17, 2026
Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား ဥပဒေမဲ့ အရေးယူ
Feb 13, 2026
Cover
Victory Fishion အထည်ချုပ် အချိန်ပို တလ နာရီ ၁၀၀ ကျော် လုပ်ကိုင် ရ
Feb 13, 2026