NEWS

လုပ်ငန်းခွင်ထဲမှာ အထက်အောက် ဖိနှိပ်မှုများရှိနေ လူမှုဖူလုံရေးခံစားခွင့်နဲ့ ဥပဒေပါ ခံစားခွင့်တွေ မရရှိဘဲ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေပြော

CoverLogo
1.9K Views

လုပ်ငန်းခွင်ထဲမှာ အထက်အောက်ဖိနှိပ်မှုတွေ ရှိနေပြီး ဥပဒေပါ ခွင့်ခံစားခွင့်တွေမရရှိတာနဲ့ လူမှုဖူလုံရေးကြေးသွင်းရပေမဲ့  ဖူလုံရေးဆိုင်ရာခွင့်ခံစားခွင့်တွေ မရရှိဘဲ ချိုးဖောက်ခံနေရတယ်လို့ MEI JIE (MYANMAR) CLOTHING & ACCESSORIES CO, LTD. စက်ရုံအလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမား ၄၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ အဆိုပါစက်ရုံမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ အလုပ်ရှင်ဘက်က ဖွဲ့ပေးထားတဲ့ WCC ( အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ) ကိုယ်စားလှယ် ၃ ဦးရှိပြီး ယင်းကော်မတီမှ လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းပေးတာမရှိဘဲ အလုပ်သမားတွေ ဖိနှိပ်ခံနေရတာကြောင့် လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းပေးစေချင်တယ်လို့ အလုပ်သမားတွေက‌ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဦးဖိုးလှိုင်လမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ စက်ရုံမှာ H&M၊ ZARA၊ So cute၊ Celio be normal  စတဲ့အမှတ်တံဆိပ်တွေ ချုပ်လုပ်တင်ပို့နေတာဖြစ်တယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

လစဉ်လူမှုဖူလုံရေးကြေး ဖြတ်တောက်ပြီး လူမှုဖူလုံရေးဌာနမှ ဆေးခွင့်ပေးလျှင်လည်း အလုပ်ရှင်ဘက်မှ ခွင့်မပေးဘဲ  ဒေးကြေး (၄၈၀၀) ကျပ်၊ ရက်မှန်ကြေး (၂၂၀၀၀)ကျပ် ဖြတ်တောက်ခြင်းများ ပြုလုပ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ နိုင်ငံတကာအမှတ်တံဆိပ် ဝယ်လွန်လက်ရှည်၊ လက်ပြတ်၊ ကုတ်အင်္ကျီတွေ  ချုပ်လုပ်တာဖြစ်ပြီး အလုပ်ချိန် နံနက် ၈ နာရီမတိုင်ခင် အလုပ်ချိန်မရောက်ခင်မှာ အထည်ရွှေ့ခိုင်းတာ သယ်ခိုင်းတာတွေကို မိသားစုစက်ရုံဆိုပြီး ခိုင်းစေလေ့ရှိတယ်လို့ သိရပါတယ်။

အလုပ်ချိန် စောပြီးခိုင်းစေလေ့ရှိပေမယ့် ထမင်းစားချိန် ၁ မိနစ်ခန့်စောဆင်းပါက အစည်းအဝေးလုပ်ပြီး သတိပေးပြောဆိုတာတွေပြုလုပ်တယ်လို့ အလုပ်သမားကပြောပါတယ်။

"ချိုးဖောက်တာတွေကတော့ အများကြီးပါပဲ အောလင်း အောနိုက် ကို ဖိအားပေးပြီးဆင်းခိုင်းတယ် ၊ တနင်္ဂနွေ နေ့ဆိုလဲ မနားရဘူး အပတ်တိုင်း မနားရဘူး အဲဒီလို အချိန်ပိုတွေ ခေါ်ရင် အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းတာမလုပ်ဘဲ လက်မှတ်ကိုတော့ အတင်းထိုးခိုင်းတယ် မဆင်းမနေဆင်းရတယ် ဒါမျိုးတွေကို မလုပ်စေချင်ပါဘူး"လို့ အခက်အခဲကြုံနေရတဲ့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

စက်ရုံဘက်မှ တောင်းဆိုတဲ့ အချိန်ပိုတွေကို မဆင်းပေးဘဲ ငြင်းဆန်ပါက ကျွမ်းကျင်တဲ့အဆင့်လိုက်သတ်မှတ်ထားတဲ့ ဂရိတ် အဆင့်တွေ လျှော့ချပစ်တာကြောင့် အခက်တွေ့နေရတယ်လို့ လည်း အလုပ်သမားကဆက်ပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ ခန့်အပ်ထားတဲ့ ဌာနမဟုတ်ဘဲ အခြားလိုင်းတွေမှာ အကူအနေနဲ့သွားရောက်လုပ်ကိုင်ပေးရတာ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ရှိနေပေမဲ့  အထည်အပ်သူ ( buyer )ဘက်မှ လာရောက် ပါက အလုပ်သမားတွေကို ကောင်းမွန်တဲ့ လုပ်ငန်းခွင်ဖြစ်ကြောင်း  လိမ်လည်ဖြေကြားခိုင်းတာတွေ ပြုလုပ်တယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

"တချို့ section တွေမှာဆိုရင် အောစူပါ က သူ့ကို ကန်တော့ထားတဲ့လူမဟုတ်ရင် အမြင်မကြည်တာ အမြဲလိုလိုအပြစ်ပြော သူတို့အလုပ်သွင်းပေးထားတဲ့လူတွေဆိုရင် အကာအကွယ်ပေးတာတွေ ရှိတယ်ခွဲခြားဆက်ဆံမှုတွေရှိတာပေါ့"လို့ အမည်မဖော်လိုတဲ့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

နှစ်စဉ် သီတင်းကျွတ် ရာသီတွင် အလုပ်သမားတွေ ဆီက ကျပ် ၁၀၀၀၀ စီ မဖြစ်မနေ ကောက်ခံတာတွေ ရှိပြီး လခစားအဖြစ် တိုးမြှင့်ပေးစေရန် ကန်တော့ရခြင်း တစ်နည်းနည်းနဲ့ ဂါရဝ ပြပေးရတာတွေ မလုပ်ပါက ခွဲခြားဆက်ဆံမှုနဲ့ ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ မန်နေဂျာဖြစ်သူမှ ဈေးရောင်းပြီး မဝယ်မနေရ ဖြစ်နေတဲ့ အခြေအနေတွေ အမျိုးသား အလုပ်သမားတွေအတွက် အိမ်သာ တစ်ခုသာ ရှိတာကြောင့် စောင့်ဆိုင်းရတာတွေရှိပါက အချိန်မှတ်ခံရတာ ဝမ်နင်( Warning ) ထိုးပေးရတာနဲ့ ရေသောက်ချိန် မပေးတာတွေ ကို လဲ ပြုပြင်ပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

" အဆိုးဆုံးကတော့ အလုပ်ရှင်အလုပ်သမား နှစ်ဦးနှစ်ဖက် စာချုပ် EC  ချုပ်ထားပေမဲ့ အလုပ်ရှင်ဘက်က စာချုပ်အတိုင်းလိုက်နာတာမရှိဘူး ပြစ်မှုအသေးတွေဆိုလဲ ပထမအကြိမ် သတိပေးတာမျိုးမရှိဘဲ တန်းပြီး ဝမ်နင် ထိုးခိုင်းတာပဲ အဲ့မှာလဲ တချို့အလုပ်သမားတွေကို အောစူပါတွေက အာမခံပေးတာရှိပေမယ့် သူတို့နဲ့ အဆင်မပြေတဲ့လူဆို ဝမ်နင်တန်းပေးပစ်တာ"လို့ အလုပ်သမားကဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာအထက်ပါ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့ လူမှုဖူလုံရေး ခံစားခွင့်မပေးတာ အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံတာ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မမေးဘဲ အချိန်ပို အတင်းအဓမ္မဆင်းခိုင်းတာ မဆင်းပါက ဂရိတ်လျှော့ချပစ်တာ အလုပ်သမားတွေ ပြစ်မှုကျူးလွန်ပါက EC စာချုပ်အတိုင်း မလိုက်နာဘဲ တဖက်သက်လုပ်ဆောင်တာ  အလုပ်သမားတွေကို အလုပ်ချိန်ပြင်ပမှာခိုင်းစေတာနဲ့   အမျိုးသမီးလုပ်သားတွေ ဖယ်ရီကား စီးချိန်မှာလဲ အရက်သေစာသောက်စားထားသည့် အပြင်လူများလိုက်ပါစီးနင်းတာ တွေရှိနေလို့ ပြုပြင်ပေးစေလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026