NEWS

လုပ်ငန်းခွင်ထိခိုက်မှုများကို တာဝန်ယူမှုမရှိဘဲ လုပ်သားအခွင့်အရေးချိုးဖောက်ခံနေရဟုဆို

CoverLogo
1.9K Views

လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် ဒဏ်ရာရအလုပ်သမားတွေကို အလုပ်ရှင်ဘက်မှ တာဝန်ယူမှုမရှိတဲ့အပြင် လုပ်သားများရသင့်ရထိုက်သည့် အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ လုပ်ငန်းခွင်အတွင်းအခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့   KITTENISH  KNITTING Co,Ltd မှ အလုပ်သမားတွေက ပြောဆိုပါတတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၂ မင်းသိဒ္ဒိကျော်စွာလမ်းမှာ ဖွင့်လှစ်ထားတဲ့ အဆိုပါ စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၅၀၀ ကျော်နဲ့ လုပ်ကိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ လုပ်သားများအတွက် ထမင်းစားဆောင်မရှိဘဲ ဖြစ်သလို နေ့လည်စာစားရတာ သောက်သုံးရေများမသန့်ရှင်းတာ တွေရှိနေပြီး စစ်ဆေးရေးလာပါက ဟန်ပြသဘောလောက်သာ ထားရှိထားတာတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင် အတွင်း၌ စနပ်ရိုက်မိပါက ( ထိခိုက်မှု) ပထမတစ်ရက်မှာ အနား‌ပေးပြီး ‌နောက်တစ်ရက် မသက်သာလို့ အလုပ်မလာလျှင် ဒေးကြေး ရက်မှန်‌ကြေးပါ ဖြတ်တောက်ခြင်းခံရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ မှာ အမျိုးသမီးလုပ်သားတစ်ဦး မော်တာစက်ထဲ ဆံပင်ညှပ်ပြီး ဦး‌ခေါင်း၊ နှောက်စေ့အ‌ရေးပြား လှန်သွားပြီး ‌ဆေးရုံတင်  ဆေးကုသနေဆဲဖြစ်ကာ ထိုအမျိုးသမီးလုပ်သားမှာ ချော်လဲသည်ဟု အသိပေးကာ  လုပ်ငန်းခွင်ထဲက အခြားအလုပ်သမားတွေကို အလှည့်ကျစောင့်ဆိုင်းခိုင်းတာတွေရှိနေတယ်လို့ ဆိုပါတယ်။

အချိန်ပိုအိုတီများလည်း အလုပ်သမားသမား သဘောဆန္ဒမပါပဲ အတင်းအဓ္ဓမခေါ်ခိုင်းပြီး မဆင်းပါက ခြိမ်းခြောက်ခြင်း ခွဲခြားဆက်ဆံခံရခြင်း အငြိုးအတေးထားခံရတာ ကျန်းမာရေးကိစ္စကြောင့် အပြင်ထွက်ခွင့်တောင်းဆိုပါက အလွယ်အကူခွင့်မပြုဘူးလို့ လည်းသိရပါတယ်။

"ဒီလထဲမှာပဲ ၉ ရက်နေ့ကပေါ့ အချိန်ပိုအိုတီကို ည ၁၂ နာရီထိခေါ်တယ် ခေါ်နေတုန်း ၁၀ နာရီမှာ မီးပျက်သွားလို့ အလုပ်သမားတွေကို ပြန်ခိုင်းတယ် အလုပ်သမားတွေက မလုံခြုံလို့ စက်ရုံမှာပဲ အိပ်ဖို့ ပြောတာကို နင်တို့ကို မိန်းကလေးဆိုရင်လည်း ဘယ်သူမှ မုဒိန်းမကျင့်ဘူးလို့ စက်ရုံမှူးက ပြောတယ်" လို့ အမျိုးသမီးလုပ်သားတစ်ဦးကပြောဆိုပါတယ်။

ဒါ့အပြင် တရား၀င်ရုံးပိတ်ရက်များကို မပိတ်ပေးဘဲ  အချိန်ပိုအိုတီများသာ ခေါ်ယူ၍ စေခိုင်းနေပြီး အောနိုက်၊ အောလင်း ( ညလုံးပေါက်) အချိန်ပိုအိုတီများခေါ်ပြီး အလုပ်ရှင်မှ ညဘက် အိမ်ပြန်ရာတွင် နိုင်ငံရေး အခြေအနေကြောင့် စက်ရုံတွင် အဆင်ပြေသလို အိပ်နေရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

"အပြန်ကျလို့ရှိရင် နိုင်ငံရေးအခြေအနေကလည်းမကောင်း လုံခြုံမှုကလဲမရှိတော့ လုတာယက်တာတွေကလည်း ခဏခဏပဲ အကိုရယ် အဲ့လိုဖြစ်တာတောင် ပိတ်ရက်ကို အချိန်ပိုမဆင်းမိလို့ အလုပ်ထဲရောက်တာနဲ့ မခံနိုင်အောင်ပြောတာ ခွေးနဲ့တောင်နှိုင်းပြီးပြောခံရတယ် တော်တော်ကိုမိုက်ရိုင်းပါတယ်" လို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အဆိုပါ စက်ရုံမှာ နိုင်ငံတကာအမှတ်တံဆိပ်တွေဖြစ်တဲ့  ZARA, Sorono စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်တာ ဖြစ်ပြီး တနင်္ဂနွေနေ့ ပိတ်ရက်များလည်း တစ်ရက်မှ ပိတ်ရက်မရှိပဲ အချိန်ပိုအိုတီများ ခေါ်ပြီး တနင်္ဂနွေနေ့ အများဆုံး ဆင်းရသည်ဌာနများမှာ finishing နဲ့cuttingဌာန တို့ဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ပိတ်ရက်များတွင် အချိန်ပိုဆင်းခိုင်းပါကလည်း ဖယ်ရီစီစဉ်ပေးတာမရှိတော့ဘဲ ကိုယ့်အစီအစဉ်နဲ့ ပြန်ရတာ ပိတ်ရက် မရတာနဲ့ လူမှုဖူလုံရေး ဆေးခွင့်မရရှိတာတွေအပြင် တရက်ပျက်ပါက ရက်မှန်ကြေး ဒေးကြေးအပါ  ၁၅၀၀၀ ကျပ်ထိ ဖြတ်တောက်တာတွေရှိနေတယ်လို့ ဆိုပါတယ်။

စံချိန်များကို အလုပ်သမားတစ်ဦး မချုပ်လုပ်နိုင်အောင် မတရားတောင်ခံမှုတွေရှိပြီး  စံချိန်မရရင်လည်း အလုပ်သမားများကို ဆဲဆိုခြင်း ကြမ်းတမ်းစွားပြောဆိုပြီး စံချိန်ကိုတောင်းခံတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

" စစ်ဆေးရေးက မလာဘူးမဟုတ်ဘူးလာတယ် လာရင် အလုပ်ရှင်ဘက်ကနေ လုပ်ငန်းခွင်ထဲမခေါ်ဘဲနဲ့ ရုံးခန်းထဲမှာပဲထိုင်ခိုင်းပြီးတော့ အလုပ်သမားအစစ်တွေကိုမခေါဘဲ လုပ်ငန်းပိုင်းဦးဆောင်တဲ့သူတွေကိုခေါ်ပြီးတော့ မေးတာတွေဖြေခိုင်းပါတယ်။" လို့ ယင်းစက်ရုံက အမည်မဖော်လိုတဲ့ အလုပ်သမားကပြောဆိုပါတယ်။

စက်ရုံ လုပ်ငန်းခွင်အတွင်း နေ့စား အလုပ်သမားများ (၅၀)ကျော်ရှိနေပြီး အလုပ်ရှင်ဘက်မှ သူတို့ အလိုမရှိလျှင် အလုပ်ဖြုတ်လိုက် ပြန်ခေါ်ခိုင်းလိုက် လုပ်ကာ နေ့စားအပတ်ရှင်းဆိုပြီး ဒေးကြေး(၃၆၀၀)ကျပ် အချိန်ပိုအိုတီ ကြေး(၉၀၀)ကျပ် ဖြင့်သာ ရှင်းပေးနေတယ်လို့ လည်းသိရပါတယ်။

အလုပ်သမားတွေရဲ့  တောင်းဆိုချက်တွေကတော့ 
၁။ အလုပ်သမားများ ခံစားခွင့်ရှိသော ဥပဒေပါ ခွင့်ရက် အလုပ်ပိတ်ရက် ဆေးခွင့် ခံစားခွင့်ပေးရန်။
၂။ တနင်္ဂနွေနေ့တွင် အချိန်ပိုအိုတီခေါ်ယူလျှင် အလုပ်သမား သဘောဆန္ဒကို မေးမြန်းရန်။  
၃။ နေ့စားအလုပ်သမားများကို ၃လပြည့်လျှင် အတည်ပြုဝန်ထမ်း ခန့်အပ်ပေးရန်။
၄။အလုပ်သမားများအတွက် ထမင်းစာဆောင်ကို သီသန့်ထားပေးရန်နှင့် သောက်သုံးရေကို သန့်ရှင်းစင်ကြယ်စွာ ပြုလုပ်ပေးရန်။
၅။ အလုပ်သမားများကို ဆဲဆိုခြင်း ကြမ်းတမ်းစွားပြောဆိုခြင်းများ မပြုလုပ်ရန်။
၆။အချိန်ပိုအိုတီ အတင်းအဓ္ဓမခေါ်ယူ၍ အလုပ်သမားများ မဆင်းပါက ခြိမ်းခြောက်ခြင်း ခွဲခြားဆက်ဆံခံရခြင်း အငြိုးအတေးထားခံရခြင်းများ မပြုလုပ်ရန်။
၇။ လုပ်ငန်းခွင်ထိခိုက်မှုများကို အလုပ်ရှင်ဘက်မှ တာဝန်ယူ ဆောင်ရွက်ပေးရန် တွေ ဖြစ်တယ်လို့ သိရပါတယ်။

                     


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026