NEWS

လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုများ ဖြေရှင်းပေးစေလိုတယ်လို့ LUCKY FORTUNE GARMENT အလုပ်သမားတွေတောင်းဆို

CoverLogo
1.2K Views

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွှေပြည်သာစက်မှုဇုန် ၄ ဆရာဦးထွန်းလမ်းမှာဖွင့်လှစ်ထားတဲ့ LUCKY FORTUNE GARMENT လုပ်ငန်းခွင်ထဲမှာ ကြီးကြပ်သူက ရိုင်းစိုင်းစွာဆဲဆိုပြီး ခိုင်းစေတာ ၊ ခံစားခွင့်တွေကို တန်းတူမပေးဘဲ ခွဲခြားဆက်ဆံတာ ၊ တနင်္ဂနွေ အချိန်ပိုကို အလုပ်သမားသဘောဆန္ဒမပါဘဲခိုင်းစေတာနဲ့ အထည်စံချိန် အလွန်အကျွံတောင်းခံတာ စတဲ့  လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ရှိနေလို့ ဖြေရှင်းပေးဖို့ လုပ်သားတွေကတောင်းဆိုထားပါတယ်။

တရုတ်နိုင်ငံသားပိုင်လို့ သိရတဲ့ ဆိုပါစက်ရုံဟာ လုပ်သား ၁၀၀၀ ကျော်နဲ့ FieldCore အမှတ်တံဆိပ် အင်္ကျီ၊ ဘောင်းဘီတွေ ချုပ်လုပ်နေတာလို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ ချုပ်လုပ်ရတဲ့ အထည်စံချိန်သတ်မှတ်တောင်းခံရာမှာ စက်လိုင်းတလိုင်းလျင် စက်သမား ၂၈ ဦးအပါ စုစုပေါင်း ၃၇ ဦးရှိပြီး  မိနစ် ၄၀ လျင်အင်္ကျီအထည် ၅၀၀ ဘောင်းဘီအထည်ချုပ်ရပါက အထည် ၇၀၀ နှုန်းသတ်မှတ်တောင်းခံနေပြီး အဲ့ဒီစံချိန်အတိုင်းပြည့်မီအောင်ချုပ်လုပ်ပေးရပြီး အထည်စံချိန်တောင်းခံရာမှာလည်း ကြီးကြပ်သူတွေက ရိုင်းစိုင်းစွာဆဲဆို ခိုင်းစေနေလို့ အခက်တွေ့နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

"စက်လိုင်းထဲမှာ အလုပ်မလာတဲ့လူတွေ အလုပ်ထွက်တဲ့လူတွေ ရှိတယ် အဲ့လိုဆိုရင် အထည်စံချိန်အရေအတွက်ကို မနှုတ်ဘဲ တောင်းတာ အလုပ်မလာတဲ့လူအတွက်ပါ ချုပ်ပေးရသလိုဖြစ်နေတာ အဆိုးဆုံးကတော့ လိုင်း ၁ စူပါပဲ သူက အလုပ်သမားတွေကို ရိုင်းရိုင်းစိုင်းစိုင်းကို ဆဲတာ သူ့ကြောင့် အလုပ်ထွက်သွားသူတွေအများကြီးပဲ   "လို့ အလုပ်သမားကပြောပါတယ်။

အလုပ်ချိန် နံနက် ၈ နာရီကနေ ညနေ ၆ နာရီ ၃၀ အထိသတ်မှတ်ထားပြီး တနင်္ဂနွေပိတ်ရက်တွေမှာလည်း အချိန်ပို ဆင်းခိုင်းတာတွေ မဆင်းမနေရ ဆင်းနေရပြီး ငြင်းဆန်ပါက ဖိအားပေးခိုင်းစေတာ ခွဲခြားဆက်ဆံခံရတာတွေ ရှိတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ အလုပ်သမား ခံစားခွင့်တွေအနေနဲ့ အလုပ်သမားတိုင်းတန်းတူ ခံစားခွင့်မရဘဲ ကြီးကြပ်သူတွေနဲ့ နီးစပ်သူများသာရရှိလို့ ခွဲခြားဆက်ဆံမှုတွေရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

"ဥပမာ ရှောင်တခင်ခွင့်ဖြစ်စေ ဆေးခွင့်ဖြစ်စေ အလုပ်သမားက ယူရင် စူပါနဲ့ အမျိုးတော်တဲ့လူ အဆင်ပြေတဲ့အလုပ်သမားတွေပဲရတာ စူပါတွေကို ပြန်ပြောတဲ့လူတွေ ဆို ဘာခွင့်မှမရဘူး ခွင့်တိုင်ပြီး အလုပ်တရက်ပျက်တာနဲ့ ဒေးကြေး ၅၈၀၀ ၊ ရက်မှန်ကြေး ၂၀၀၀၀ ဖြတ်ခံရတယ်"လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အသက်မပြည့်သေးတဲ့ လူရွယ်လုပ်သားတွေကိုလည်း  အရွယ်ရောက် လုပ်သားတွေနဲ့တန်းတူ ခိုင်းစေနေတာတွေရှိနေပြီး အထည်စံချိန်မရပါက ဖိအားပေးခိုင်းစေတာ တွေ ရှိနေတယ်လို့ ဆိုပါတယ်။

"အလုပ်ရှင်ဘက်က အလုပ်သမားကို အလုပ်ထုတ်ချင်ရင် သူခိုးလို့စွပ်စွဲပြီး စစ်တပ်ခေါ်ဖမ်းခိုင်းတာတွေလုပ်တယ် အဲ့လိုပဲ ပစ္စည်းခိုးတယ်လို့ စွပ်စွဲပြီး စစ်တပ်ခေါ်ဖမ်းခိုင်းလို့ ယောက်ျားလေးအလုပ်သမားတယောက် သတင်းအစအန ပျောက်နေတာ ရှိတယ် တကယ်တမ်းပစ္စည်းခိုးတဲ့လူကျတော့ မဖမ်းဘဲ အပြစ်မရှိတဲ့ အလုပ်သမားကိုဖမ်းတော့ နစ်နာတာပေါ့"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုူရှိပါကလည်း တာဝန်ယူမှုမရှိဘဲ အလုပ်သမားကိုယ်တိုင် အိတ်စိုက်ကုသရတာကြောင့် အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

"စစ်ဆေးရေးတွေလာရင် အောစူပါတွေက ဖြေမဲ့အလုပ်သမားကို ကြိုသင်ပေးထားပြီး ကောင်းမွန်ကြောင်းတွေဖြေခိုင်းတယ် သူတို့ခိုင်းတဲ့အတိုင်းမဖြေရင် အလုပ်ထုတ်ပစ်တယ် အငြိုးအတေးထားတာတွေလုပ်လို့ သူတို့ခိုင်းတဲ့အတိုင်းပဲ ဖြေရတယ်"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း စူပါများမှစံချိန်တောင်းခံရာတွင် ဆဲဆိုခြင်း၊အော်ဟစ်ပြီးရိုင်းစိုင်းစွာပြောဆိုခြင်းမပြုလုပ်ရန်၊ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်၊ဆေးခွင့်များကိုအလုပ်သမားများကို တန်းတူခံစားခွင့်ပေးရန်၊ တနင်္ဂနွေပိတ်ရက် အချိန်ပိုအိုတီခေါ်လျင် အလုပ်သမားများသဘောဆန္ဒကို မေးမြန်ပြီးမှခေါ်ရန် အလုပ်သမားများကို ဖိနှိပ်ပြီး ဆဲဆိုနေသော လိုင်း၁စူပါကို အရေးယူပေးရန် စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026