NEWS

လစာဖြတ်တောက်မှုကြောင့် C.K.J Myanmar ဆင်ဖြူတော် အထည်ချုပ် လုပ်သား ၅၀၀ ကျော် စက်ရုံအတွင်းမှာ ဆန္ဒပြတောင်းဆို

CoverLogo
1.9K Views

မတ်လအတွက် လုပ်ခလစာကို စက်ရုံဘက်က လစာထုတ်ရက် ရောက်မှ လစာ ၃၅ ရာခိုင်နှုန်းပဲ ပေးတော့မယ်လို့ ပြောလာတာကြောင့် သန်လျင် ဆင်ဖြူတော် (CKJ) အထည်ချုပ် စက်ရုံက အလုပ်သမား ၅၀၀ ကျော်ဟာ ဒီကနေ့ ဧပြီလ ၇ ရက်မှာ စက်ရုံတွင်းမှာ ဆန္ဒပြ တောင်းဆိုနေ ကြတယ်လို့ သိရပါတယ်။

"လစာထုတ်ရက် ၅ ရက်နေ့ဆိုရင် ဘဏ်က ပိုကဆံထုတ်လို့မရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လတိုင်း လစာကို ၈ ရက် ၉ ရက်လောက်မှ ထုတ်ပေးပါတယ်။ အလုပ်သမားတွေက သည်းခံပေးခဲ့တာ အကြိမ်ပေါင်းမနည်းတော့ပါဘူး။ အခုလဲ လစာထုတ်ရက်ကို ချက်လက်မှတ်လဲမရပါဘူးဆိုပြီးတော့ ၃၅ ရာခိုင်နှုန်း ပဲပေးနိုင်မယ် ပြောပါတယ် ကျန်တဲ့ လစာဘယ်နေ့ရမလဲဆိုတာလဲ မပြောနိုင်ဘူးဆိုပြီးပြောတယ်" လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

အဲဒီ CKJ စက်ရုံဟာ ကိုရီးယားလူမျိုးတဦး လုပ်ကိုင်နေတဲ့ အထည်ချုပ် စက်ရုံ ဖြစ်ပြီး ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သမဝါယမှတ်တိုင်အနီး လုပ်သား ၅၀၀ နီးပါးနဲ့ လည်ပတ်နေတယ် လို့ သိရပါတယ်။

"အခု လစာထုတ်ရက်ကျမှ ပြောတာ။ ၃၅ ရာခိုင်နှုန်းဆိုတော့။ တစ်ယောက်ကို ငါးသောင်း ခြောက်သောင်း ဝန်းကျင် လောက်ပဲ ရတော့မှာ။ ပိတ်ရက်ကလည်း နီးနေပြီ။ ကလေးတွေကလည်း လုံးဝအဆင်မပြေတော့ မနေ့တည်းက စက်ရုံထဲမှာ အလုပ်မလုပ်ဘဲတောင်းဆိုနေတာ" လို့  CKJ အလုပ်သမားတစ်ဦးက MLN ကို ပြောပါတယ်။

လုပ်ခလစာ ဖြတ်တောက်ခံရတာကြောင့် အလုပ်သမားတွေကလုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒပြနေတဲ့အပေါ် စက်ရုံတာဝန်ရှိသူတွေက ခြိမ်းခြောက်တာ တွေရှိနေတယ်လို့ ဆန္ဒပြရာမှာ ပါဝင်နေတဲ့ အလုပ်သမားတွေက ပြောပါတယ်။

"ကျမတို့ကို (day) ဒေးကြေး ၊ ကျွမ်းကျင်ကြေးတွေ ဖြတ်ပစ်မယ်ပြောတယ်။ ပြီးတော့ အလုပ်သမား တွေကို စစ်တပ်က ဝင်ပစ်မှ အေးသွားမှာလားဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ်။ ကျမတို့ အလုပ်သမား တွေကို လည်း ခွဲခြား ဆက်ဆံတာတွေ ရှိနေတယ် "လို့ စက်ရုံအလုပ်သမား အမျိုးသမီးတစ်ဦးက ပြောပါတယ်။

CKJ စက်ရုံမှာ အလုပ်သမားသမဂ္ဂရှိပေမယ့် လက်ရှိ ဘယ်လိုမှ ကူညီခွင့် မရဖြစ်နေတယ်လို့ အလုပ် သမား တွေက ပြောပါတယ်။

"သူတို့ က ဒီလောက်ပဲပေးမယ်လို့ ကို ပြောတာ။ တိုင်ချင်တဲ့နေရာ တိုင်ဆိုတဲ့ သဘောပဲ။ ကျမတို့က ပိတ်ရက် မတိုင်မီ ပေးဖို့ပြောထားတာ။ ကျမတို့ တစ်လလုံး လုပ်ထားတဲ့ လုပ်ခလစာတွေပဲ"လို့ နောက်ထပ် အမျိုးသမီး အလုပ်သမားတွေ ပြောပါတယ်။

လက်ရှိ ဆင်ဖြူတော် အထည်ချုပ်စက်ရုံမှာ လုပ်ခလစာ အပြည့်မပေးချေနိုင်တဲ့အတွက် တခြား စက်ရုံ တခုက ဝန်ထမ်းလစာ အကူအညီမယ်လို့ ကြားနေရပေမယ့် စက်ရုံဘက်က လစာအပြည့်ပေးချေမှု ရှိမရှိကိုတော့ အလုပ်သမားတွေက စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဆင်ဖြူတော် (CKJ) အထည်ချုပ် စက်ရုံဟာ Export အထည်တွေ၊ အပါးထည်တွေ ချုပ်လုပ်ပြီး စျေးကွက်ကို ပြန်လည်တင်ပို့နေတဲ့ စက်ရုံတစ်ရုံ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စက်ရုံမှာ Promod ၊ Victoria Down အစရှိတဲ့ ဘရန်းတွေ ချုပ်လုပ်တာ ဖြစ်တယ်လို့သိရပါတယ်။
 

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026