NEWS

မြန်မာဟိုင်ရှိန်း (Myanmar Haisheng) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
901 Views
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၃ ဦးထွန်းညိုလမ်း အမှတ် - မှာဖွင့်လှစ်ထားတဲ့ မြန်မာဟိုင်ရှိန်း (Myanmar Haisheng Fashion Garment) အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို ဂုဏ်သိက္ခာကင်းမဲ့စွာ ဆဲဆိုခိုင်းစေနေသလို အလုပ်သမားတွေအသုံးပြုတဲ့ သန့်စင်ခန်းတွေရှေ့မှာ CCTV တပ်ဆင်ထားပြီး စောင့်ကြည့်ခံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
အလုပ်သမား ၃၀၀ ကျော်နဲ့ TIGORA, TERRANOVA, MACRON, TOPVALU အမှတ်တံဆိပ်ကလေးမိုးကာအင်္ကျီး၊ လူကြီးမိုးကာအင်္ကျီ၊ အမျိုးသမီးအမျိုးသား ဆိုက်စုံအထည်တွေချုပ်လုပ်တာလို့ ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမား ၃၀၀ ကျော်ရှိတဲ့အတွက် ဆေးပေးခန်းနဲ့သူနာပြုထားရှိပေးပေမဲ့ ဆေးမရှိဘူးလို့ ဆိုပါတယ်။ 
 
"ဟန်ပြပဲ လိမ်းဆေးက လွဲရင် ဘာမှတောင်းမရဘူး အိမ်သာတွေလဲ မသန့်ရှင်းဘူး။ အဆိုးဆုံးကတော့ အိမ်သာရှေ့မှာ CCTV တပ်ထားတာပဲ မိုးရွာရင် စက်ရုံက မိုးယိုတယ် နေရာတော်တော်များများ မိုးယိုလို့ လျှပ်စစ်အန္တရာယ်လည်းကြောက်နေရတယ်" လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်ထွက်သွားသော အလုပ်သမားတွေရှိပြီး လုပ်ခလစာထုတ်ယူဖို့ ကိုယ်စားလှယ်လွှဲစာမပေးလို့ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။ အလုပ်သမားရုံးကိုသွားရောက်တိုင်ကြားသူတွေသာရရှိပြီး ကျန်တဲ့အလုပ်သမားတွေရဲ့ လုပ်အားခတွေကို ခေါင်းပုံဖြတ်နေပြီး အလုပ််သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားကပြောပါတယ်။
 
တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါ စက်ရုံမှာ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးအတွက် အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ကိုတော့ အလုပ်ရှင်ဘက်က တဖက်သက်ရွေးချယ်ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။
 
စက်ရုံမှာ ယခင်ကပိတ်သိမ်းခဲ့ပြီးမှ ပြန်လည်ဖွင့်လှစ် ထားတာ ၂ နှစ်ကျော်ကြာမြင့်ပြီလို့ ဆိုပါတယ်။
 
အလုပ်ချိန်မှာ နံနက် ၈ နာရီကနေ ညနေ ၆ နာရီ ၃၀ အထိဖြစ်ပြီး အချိန်ပို ၂ နာရီပါဝင်တယ်လို့ ပြောပါတယ်။ စက်ရုံဖွင့်တာ တစ်နှစ်ကြာပြီးနောက်မှာတော့ အလုပ်ချိန်ကို နံနက် ၇ နာရီ ၃၀ ကနေ ည ၈ နာရီ ၁၀ ထိ အချိန်ပို ၄ နာရီ လုပ်ကိုင်ရတယ်လို့ ပြောပါတယ်။ 
 
အပတ်စဉ် စနေနေ့တိုင်းကို နံနက် ၇ နာရီ ၃၀ မှ ညနေ ၆ နာရီထိ လုပ်ကိုင်ရတာရှိသလို တနင်္ဂနွေနေ့ကို တပတ်ကျော်တခါ အချိန်ပိုခေါ်ယူနေတာလို့ ပြောပါတယ်။
 
"အချိန်ပိုခေါ်ရင် အလုပ်သမားတွေရဲ့ သဘောထားကို ကောက်တာမရှိဘဲ သူတို့သဘောနဲ့သူတို့လုပ်နေတာ လာကောက်ပြန်ရင်လည်း စာရွက်မှာ အချိန်ပိုခေါ်မယ့်အချိန်ကို ရေးမထားဘူး လက်မှတ်ထိုးပြီးမှ ဘယ်အချိန်အထိဆိုတာပြောတယ် အချိန်ပိုမဆင်းဘူးပြောရင် အောစူပါ စူပါတွေက ဆဲဆို ခြိမ်းခြောက်တယ် မဆင်း ဆင်းအောင် ဖိအားပေးတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်ကို အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက်ပိုမို တောင်းခံပြီး ကြီးကြပ်ရေးလုပ်သားတွေဖြစ်တဲ့ အောစူပါနဲ့ စူပါတို့မှ ဆဲဆိုကြိမ်းဝါးတာတွေ ပြုလုပ်လို့ လုပ်ငန်းခွင်ထဲမှာ နေ့စဉ်နဲ့အမျှ ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရတယ်လို့ အလုပ်သမားကပြောပါတယ်။
 
"ဒေးကြေး ၆၈၀၀ အချိန်ပိုကြေး ၁၄၀၀ ရက်မှန်ကြေး ၃၀၀၀၀ ကျပ် ပေးတယ် ကျွမ်းကျင် ဂရိတ်ကြေး တနေ့ကို အမြင့်ဆုံး ၁၀၀၀ ကျပ်ကနေ ၆၅၀ အထိ အလုပ်ဆင်းရက်နဲ့တွက်ပေးပါတယ် ။ အလုပ်သမားတွေအနေနဲ့ ရသင့်ရထိုက်တဲ့ ရှောင်တခင်ခွင့် မရပါဘူး။ လူမှုဖူလုံရေးဆေးခွင့်တင်ရင် ခွင့်မဲ့ပဲပေးတယ် အဲ့လိုကျတော့ တရက်အလုပ်ပျက်တာနဲ့ ဒေးကြေး ၆၈၀၀ ရက်မှန်ကြေး ( အရှေ့ ၁၅ ရက်အတွင်းပျက်ပါက) ၁၅၀၀၀ ကျပ် ဂရိတ်ကြေး အဖြတ်ခံရတယ် ခွင့်တင်ရင်လည်းခွင့်မပေးဘဲ လုပ်ခလစာထဲ က ဖြတ်တောက်ခံရလို့ အဆင်မပြေဘူး"လို့ အလုပ်သမားက ရှင်းပြပါတယ်။
 
 
ဒါ့အပြင် လုပ်သက်ခွင့် ၁၀ ရက်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက လုပ်သက်ခွင့် ၁၀ ရက်ပြည့်သူတွေကို ဒေးကြေးဖြင့် ငွေကြေးခံစားခွင့်နဲ့ လဲလှယ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၄ ဇန်နဝါရီလမှာတော့ လုပ်သက်ခွင့်လဲမရသလို ဒေးကြေးလဲမရဘဲ ခေါင်းပုံဖြတ်ခံခဲရတာလို့ ပြောပါတယ်။ 
 
"အဲ့ဒီလုပ်သက်ခွင့်အတွက်အလုပ်သမားတွေကမကျေနပ်ကြဘူး ဒီနေ့ထိ ဘာခံစားခွင့်မှမရဘူး"လို့ အလုပ်သမားကပြောပါတယ်။
 
"ဒေးကြေး ၆၈၀၀ ကျပ်ပေးပြီး အချိန်ပိုကို ကျတော့ ၁၄၀၀ နဲ့ပဲရှင်းပေးတာ အချိန်ကြေးကို လုပ်ခလစာနဲ့ အညီရချင်တယ် ဒေးကြေးအလိုက်ပေးရမယ်ဆို တစ်နာရီ ၁၇၀၀ ကျပ်ပေးရမှာ"လို့ ပြောပါတယ်။
 
အခုလို လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေကို ပြုပြင်ပြောင်းလဲပေးစေလိုပြီး ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းခွင်တွေ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ အလုပ်သမားတောင်းဆိုချင်တဲ့အချက်တွေကတော့ 
 
၁။ အချိန်ပိုခေါ်ယူမည်ဆိုပါက အလုပ်သမားသဘောဆန္ဒကို ကောက်ယူရန်နှင့် အချိန်ပိုမဆင်းချင်းသူများကို ဖိအားပေးပြောဆိုခြင်းမပြုလုပ်ရန်။
၂။ အချိန်ပိုလုပ်ကိုင်ရမည်ဆိုပါက ရသင့်ရထိုက်သည့် အချိန်ပိုကြေး ၁၇၀၀ ကျပ်ဖြင့် တွက်ချက်ပေးရန် နှင့် အချိန်ပိုမဆင်းမီ နားချိန်ပေးရန်။
၃။ စက်လိုင်းထဲတွင် အောက်ခြေ အလုပ်သမားများအား ဆဲဆိုနေကြသည့် အော်စူပါများ စူပါများကို ဆဲဆိုခြင်း မပြုလုပ်ရန် နှင့် ပြုလုပ်သူများကို EC စာချုပ်စည်းမျဥ်းစည်းကမ်းအတိုင်းအရေးယူပေးရန်။
၄။ လူမှုဖူလုံရေးခွင့်၊ ရှောင်တခင်ခွင့်များတင်ပြတောင်းခံလာပါက ခွင့်ဖြင့်သက်မှတ်ပေးရန်။
၅။ လုပ်သက်ခွင့်ပြည့်သူများကို  ငွေကြေးခံစားခွင့် သို့မဟုတ် ခွင့်ရက် နားခွင့်ပြုရန်။
၆။ ဆေးပေးခန်းရှိ၊ သူနာပြုရှိသောလည်းဆေးမရှိခြင်းဖြစ်နေပါသည်။ လိုအပ်သည်များ ဖြည့်စည်းပေးရန်။
၇။ လုပ်ငန်းခွင်အတွင်း မိုးယိုနေသည့်အတွက် လျှပ်စစ်အန္တရယ်ရှိပါသည်။ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းအောင်ဆောင်ရွက်ပေးရန်။ 
၈။ အိမ်သာရှေ့တွင် CCTV တပ်ထားခြင်းကို ဖြုတ်ပေးရန်။ ( လူ့အခွင့်အ‌ရေးချိုးဖောက်ခံနေရပါသည်။)
၉။ အလုပ်ထွက်သွားသည့်အလုပ်သမားများ၏လစာကို မိသားစုဝင်များမှ ထုတ်ယူနိုင်ရန် ကိုယ်စားလှယ်လွဲ စာဖြင့် လစာထုတ်ယူခွင့်ပေးရန်။
 
စတဲ့အချက်တွေ ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ အလုပ်သားတွေကပြောထားပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026