NEWS

"မတရားသဖြင့် အလုပ်ထုတ်ခံရမှုအပေါ် မူလရာထူးဖြင့် အလုပ်ပြန်လည်ရရှိရေး ရင်ဖွင့်တိုင်ကြားစာ"

CoverLogo
406 Views
 
 
"ကျွန်မအမည်က မဇာခြည်ဦး ဖြစ်ပါတယ်။ ကျွန်မရဲ့ ဘဝနဲ့ရင်းပြီး ကြိုးစားခဲ့ရတဲ့ အလုပ်အကိုင်နဲ့ ပတ်သက်လို့ မတရားသဖြင့် စော်ကားခံရတဲ့ ဖြစ်စဉ်အမှန်ကို အခုလို ရင်ဖွင့်တိုင်ကြားလိုပါတယ်။
 
ကျွန်မဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ကတည်းက Myanmar LNY (1) CAPS CO,LTD (ဦးထုပ်) စက်ရုံမှာ ကိုယ်ထည်ချုပ် 'လီတာ' ရာထူးနဲ့ စတင်အလုပ်ဝင်ခဲ့တာပါ။
 
အဲ့ဒီနောက် Myanmar LNY (2) စက်ရုံသစ် တိုးချဲ့ဖွင့်တဲ့အချိန်မှာ ကျွန်မရဲ့ လုပ်ဆောင်ချက်တွေကို စက်ရုံဘက်က သဘောကျလို့ဆိုပြီး 'စူပါ' ရာထူးနဲ့ သွားရောက်လုပ်ကိုင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
 
ဒါကြောင့် ၂၀၂၂ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှာ ရုံ (၂) ကို စူပါရာထူးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ကိုယ်ထည်ဌာနမှာ စူပါအဖြစ် (၂) နှစ် တာဝန်ကျေအောင် လုပ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် ရှေ့ခြမ်းဌာနမှာ စူပါအဖြစ် ထပ်မံကူညီပေးဖို့ ရွှေ့ပြောင်းခိုင်းပြန်ပါတယ်။
 
အဲ့ဒီမှာလည်း (၂) နှစ်လောက် လုပ်ခဲ့ပြီးတော့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့မှာ 'လျှာအိတ်ဌာန' ကို ထပ်ပြီး ပြောင်းရွှေ့ခိုင်းပါတယ်။
 
ဦးထုတ်လျှာဌာနမှာ လုပ်ကိုင်စဉ်မှာလည်း ကျွန်မ အတတ်နိုင်ဆုံး တာဝန်ကျေအောင် ဆောင်ရွက်ခဲ့ပါတယ်။
လုပ်ငန်းခွင်အတွင်း လူသစ်တွေကို သင်ကြားပေးရတာ၊ စက်သစ်တွေ အစားထိုးလို့ လုပ်သားတွေ လျှော့ချလိုက်တဲ့ ဒဏ်ကို ခံရတာ၊ အကူလုပ်သားတွေ ကျန်းမာရေးအရ အလုပ်မလာတဲ့အခါမျိုးမှာလည်း ကျွန်မကိုယ်တိုင် စူပါတစ်ယောက်အနေနဲ့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။
 
ဒါပေမဲ့ (၂) လကျော်အကြာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့မှာတော့ ကျွန်မကို 'Sample ဌာန' ကို ပြောင်းရွှေ့ဖို့ ထပ်ပြောပါတယ်။
 
ကျွန်မက ဘာကြောင့်လဲလို့ မေးတဲ့အခါမှာ 'သတ်မှတ်စံချိန်မရလို့' ဆိုတဲ့ အကြောင်းပြချက်နဲ့ ဌာနရွှေ့တာဖြစ်ပြီး၊ Sample ဌာနကို ပြောင်းရင် 'လီတာရာထူးလစာ' လောက်ပဲ ပေးမယ်လို့ ဆိုပါတယ်။
ကျမအနေနဲ့ ဒါကို လုံးဝ လက်မခံနိုင်ပါဘူး။
 
စူပါရာထူးဆိုတာ ဝင်တာနဲ့ ရတာမဟုတ်သလို၊ လီတာအဖြစ်ကနေ ကိုယ့်လုပ်ဆောင်ချက်ကို ကြိုက်လို့ တိုးမြှင့်ပေးထားတာပါ။
 
အခုလို ဌာနတွေ ခဏခဏ ပြောင်းနေတာကို ကျွန်မ ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒီလို ငြင်းလိုက်တဲ့အခါ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့မှာ ကျွန်မမှာ 'ဝမ်တိန်' (သတိပေးစာ) ရှိတယ်ဆိုပြီး အလုပ်က ထုတ်ပယ်လိုက်ပါတယ်။
အဲ့ဒီဝမ်တိန်အကြောင်းကိုလည်း ရှင်းပြချင်ပါတယ်။ ကျွန်မ အလုပ်သမားတစ်ယောက်အနေနဲ့ ငွေရေးကြေးရေး မပြေလည်လို့ အတိုး ၂၀ နှုန်းနဲ့ ငွေချေးခဲ့ဖူးပါတယ်။ ဒါကို မန်နေဂျာက စူပါဖြစ်ပြီး ငွေချေးလို့ဆိုကာ အလုပ်ခန့်ထားမှု (EC) စာချုပ် ချိုးဖောက်တယ်ဆိုပြီး ဝမ်တိန်အတင်းထိုးခိုင်းခဲ့တာပါ။
 
ကျွန်မက ကိုယ်ငွေချေးမိတာ မှန်လို့ သာမန်ပြစ်မှုပဲထင်ပြီး ထိုးပေးခဲ့တာပါ။ တကယ်တော့ EC စာချုပ် နံပါတ် (၂၉) အရ 'အလုပ်ချိန်အတွင်း' သာ မပြုလုပ်ရတာဖြစ်ပြီး၊ ကျွန်မက အလုပ်ချိန်မဟုတ်တဲ့ 'ပြင်ပနားချိန်' မှာ ချေးခဲ့တာပါ။
အခု အလုပ်ထုတ်တဲ့အခါမှာလည်း အလုပ်ထုတ်စာ (Termination Letter) တစ်စောင်မှ မပေးဘဲ ထုတ်ပစ် ခဲ့တာပါ။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့မှာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (လသယ) က ခေါ်လို့ သွားတဲ့အခါမှာလည်း ဦးစီးမှူးက အလုပ်ရှင်ဘက်က EC စာချုပ်အရ အထုတ်တာဖြစ်လို့ 'မုန့်ဖိုးယူပြီး ထွက်ဖို့' ပဲ ညှိနှိုင်းပါတယ်။
ကျွန်မက အလုပ်မထွက်နိုင်ကြောင်းနဲ့ EC ချိုးဖောက်တယ်ဆိုရင် စာထုတ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အလုပ်ရှင် ဘက်က စာရွက်စာတမ်း မပေးသေးဘူးလို့ပဲ ဆိုပါတယ်။
 
ဒါကြောင့် ကျွန်မဟာ မတရားသဖြင့် အလုပ်ထုတ်ခံရတာဖြစ်လို့ အလုပ်ပြန်လည်ရရှိဖို့ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး ရုံးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ တိုင်ကြားခဲ့ပါတယ်။
 
ဒီဇင်ဘာ (၁၇) ရက်၊ (၂၃) ရက်နဲ့ (၂၉) ရက်နေ့တွေမှာ ရုံးချိန်းတွေ သွားခဲ့ပေမဲ့ စက်ရုံဘက်က အလုပ် ပြန်မခန့်နိုင်ဘူးလို့ပဲ ငြင်းဆိုပါတယ်။
 
ဦးစီးမှူးမရှိတဲ့ ရက်တွေမှာ တာဝန်ခံတွေက အထက်ကို တင်ပြပြီး စာကျလာမှ အကြောင်းကြားမယ်လို့ပဲ ပြောပါတယ်။
ကျွန်မ အလုပ်ထုတ်ခံရတာ ဒီဇင်ဘာ (၈) ရက်ကတည်းကဆိုတော့ အခုဆို တစ်လနီးပါး ရှိပါပြီ။ အခုထိ တိတိကျကျ အဖြေမရသေးသလို အလုပ်သမားဥပဒေအရ အကာအကွယ်လည်း မရရှိသေးပါဘူး။
 
အလုပ်မရှိဘဲ ရပ်တည်နေရတာ ကျွန်မအတွက် မလွယ်ကူပါဘူး။ ကျွန်မဟာ နစ်နာကြေး၊ လျော်ကြေးကို မလိုချင်ပါဘူး။ ကျွန်မရဲ့ မူလအလုပ်၊ မူလရာထူးနဲ့ လစာကိုပဲ ပြန်ရချင်တာပါ။
 
ဒါကြောင့် ကျွန်မကို ကူညီပေးပါလို့ အကူအညီတောင်းခံပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026