NEWS

တစ်ကတ်စနစ်နှင့် ပေးချေမည်ဟု E&P Fashion အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေပြော၊   အလုပ်သမားတွေ အခက်တွေ့ လာ

CoverLogo
850 Views

E&P Fashion အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေဟာ  စက်ရုံပြန်လည် လည်ပတ်တဲ့ အခါမှာ အလုပ်သမားတွေရဲ့ လုပ်ခလစာကို တစ်ကတ်စနစ် ပေးချေမယ်လို့ ပြောဆိုနေတယ်လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။ 

“စက်ရုံက ၃ လလောက် ရက်ဆက်ပိတ်ခဲ့တာ ။ အဲတုန်းကတော့ တရက် ၄၈၀၀ နဲ့ပဲ ရှင်းခဲ့တယ်။ အခု အထည် လည်း ပြန်ဝင်ပြီး အထည်တွေလည်း စချုပ်တော့ တစ်ကတ်စနစ်နဲ့ပဲ ပေးမယ် ပြောတယ်” လို့ အလုပ်သမားတဦး က ပြောပါတယ်။ 

တစ်ကတ်စနစ်( ticket ) နဲ့ လုပ်ခပေးချေတယ်ဆိုတာ အထည်အရေအတွက် ပြီးမြောက်မှုအပေါ်မှာ လုပ်ခပေးချေတဲ့ စနစ် ဖြစ်တယ်လို့ အလုပ်သမားတဦးက ရှင်းပြပါတယ်။ 

အဲ့ဒီလိုပေးချေမယ် ဆိုရင် အလုပ်သမားတွေရဲ့ လုပ်ခရရှိမှုဟာ အရင်လတွေထက် ပိုနည်းသွားမှာဖြစ်ပြီး စားဝတ်နေရေး ပိုမိုဆိုးရွားသွားနိုင်လို့ အဲ့ဒီအတွက် စိတ်ပူပန်နေရတယ်လို့ဆိုပါတယ်။ 

E&P Fashion အထည်ချုပ်စက်ရုံက ဇူလိုင်လထဲမှာ ရက် အနည်းငယ် ဖွင့်လှစ်ခဲ့ပြီး နောက် ၁၅ ရက်လောက် ပြန်ပိတ်ခဲ့ကာ အဲဒီပိတ်ရက်တွေအတွက် လုပ်ခလစာကို တဝက်သာ ပေးချေမယ်လို့ လိုင်းစူပါတွေက တဆင့် အလုပ်သမားတွေကို ပြောဆိုခဲ့တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။  

“အစတော့ ၂ ရက် ၃ရက်လို့ ထင်တာ ။ နောက်တော့ စက်ရုံပိတ်တာ ၁၅ရက်လောက် ကြာသွားတယ်။ စက်ရုံ စ ပိတ်တဲ့နေ့မှာ အလုပ်သမားတွေကို အစည်းအဝေးခေါ်ပြီး လုပ်ခကို ၄၈၀၀ နဲ့ ပိတ်ရက်တွေမှာ ရှင်းမယ်လို့ စက်ရုံဘက် ပြောပါတယ်။ နောက် ၂ ရက်လောက်နေတော့ လိုင်းစူပါက ဖုန်းဆက်ပြီး ပိတ်ရက်တွေမှာ လုပ်ခ တဝတ် ၂၄၀၀ နဲ့ လက်ခံနိုင်လားဆိုပြီး ဖုန်းဆက်လာတယ်။ ကျွန်မတို့ကလည်း တရက်နှစ်ရက်ပဲ စက်ရုံပိတ်မယ် အထင်နဲ့ လက်ခံတယ်ဆိုပြီး ပြောမိတယ်။ တကယ် စက်ရုံပိတ်တော့ ၁၅ ရက် ကြာခဲ့တာ။ ပြန်ဖွင့်တော့ လုပ်ခ လျော့ပေးတာကို ကျွန်မတို့က လက်မခံနိုင်ဘူးလို့ ပြောလိုက်တော့ လက်မခံတဲ့ အလုပ်သမားအုပ်စုကို နို့တစ် ပေးမယ်ဆိုပြီး ပြောခဲ့တယ်” လို့ အလုပ်သမား တဦးက စက်ရုံအခြေအနေတွေကို ရှင်းပါတယ်။ 

စက်ရုံဘက်က နို့တစ် ကြေညာမယ်လို့ ပြောဆိုတာကြောင့် အလုပ်သမားတွေကလည်း အလုပ်သမားရုံးကို စုပေါင်း တိုင်ကြားခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

ဒါပေမဲ့ စက်ရုံဘက်က နို့တစ် မကြေညာတော့ပဲ ဇူလိုင်လ အတွက် လုပ်ခ လစာကို  ကျပ် ၄၈၀၀ နဲ့ပဲ ပေးချေ ခဲ့တယ်လို့ အလုပ်သမား အမျိုးသမီးတဦးက ပြောပါတယ်။ 

“အဲ့လကနေ နောက်တလ ၉ လပိုင်းလည်း အလုပ်မရှိဘူး။ အခု ၁၀ လပိုင်း ရက် ၂၀ ကျော်မှ အထည်အော်ဒါတွေ ပြန်ရောက်လာတယ်။ ပြန်ချုပ်ရတာ့ စက်ရုံက တစ်ကတ်စနစ်နဲ့ ပဲ ရှင်းပေးမယ်ဆိုပြီး ပြောလာတာ” လို့ အလုပ်သမား တဦးက Myanmar Labour News ကို ပြောပါတယ်။  

လဝက်ကျော်မှ တစ်ကတ် စနစ်နဲ့ ပေးချေမယ်လို့ ပြောဆိုထားတဲ့အတွက် အလုပ်သမားတွေအတွက် အောက်တိုဘာလ အတွက် ရရှိမဲ့ လုပ်ခဟာ နည်းပါးပြီး အခက်အခဲတွေဖြစ်ပေါ်မှာကို စိုးရိမ်နေကြတာဖြစ်တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ 

“အခုချုပ်နေရတဲ့ အမျိုးသမီးဝတ် ဂါဝန်တွေက ချုပ်ခက တော်တော်နည်းတာ ။ ဘာမှကို မရတာ။ ကော်လံကို ၃ ယောက် ၄ ယောက် ချုပ်ရတယ်။ အဲဒီ ကော်လံတပ်ခက ၃ ကျပ်ပဲ ရတယ်။ ဘယ်လောက်နည်းလဲ စဉ်းစားကြည့် ပါ။ နောက် အုပ်စုလိုက် ခွဲယူရတော့ ရမဲ့ ငွေက လစာနဲ့ယှဉ်ရင်ဘာမရတော့ ခက်ခဲကြမယ်။ စက်ရုံဘက်ကိုတော့ ဂရိတ်ကြေး (ကျွမ်းကျင်ကြေး) ထည့်ပေါင်းပေးဖို့ တောင်းဆိုတာ။ စက်ရုံက လုံးဝ ငြင်းထားတယ်။” အလုပ်သမား တဦးက ပြောပါတယ်။ 

စက်ရုံဘက်က ငြင်းဆိုတာကြောင့် အလုပ်သမားတချို့ ချုပ်လုပ်မှုတွေ လျှော့ချပြီး လုပ်ငန်းခွင်အတွင်း ဆန္ဒပြမှု တွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“နည်းနည်း ချုပ်နေတာပေါ့၊ မချုပ်ဘူးလဲ မဟုတ်ဘူး။ အဲလို မချုပ်တော့ အာဝါလီ (Hourly) မမီဘူးလို့ လာပြော တယ်။ လာပြောတော့ ကျွန်မတို့လည်း တောင်းဆိုထားတာတွေကို ပြောပြပေမဲ့ ။ စက်ရုံဘက်က လုံးဝ ငြင်းဆို နေတုန်းပဲ။” လို့ အလုပ်သမားတဦးက ရှင်းပြပါတယ်။  

E&P Fashion အထည်ချုပ်စက်ရုံဘက်က ညှိနှိုင်းမှု တစုံတရာမရှိဘဲ  အလုပ်သမားတွေ အလုပ်ထွက်သွားဖို့ လိုလား သဘော ရှိနေတယ်လို့ ယူဆနေကြပါတယ်။ 

“ကျွန်မတို့က အလုပ်သမားထွက်သွားဖို့ကိုဘဲ စက်ရုံဘက်က လုပ်နေတယ်ယူဆတယ်။ ဘာလို့ဆိုရင် ပြီးခဲ့တဲ့ ရက်က အလုပ်သမား  ၃၀ ကျော် စက်ရုံမှာ လုပ်ကိုင်နေစဉ်ထွက်သွားတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဂိတ်ပတ်စ် မပေးလို့ဆို ပြီးထွက်သွားတယ်။ စက်ရုံကလည်း ဘာမှ မပြောဘူး ။ ပြီးရင် အလုပ်သမားတွေ အမှားဆိုပြီး လုပ်တော့မယ်။ အလုပ်သမားတွေ သူတို့ဘာသာသူတို့ ထွက်သွားရင် စက်ရုံဘက်က လျော်ကြေးပေးဖို့ သက်သာတယ်ဆိုတဲ့ ပုံစံပေါ့။” အလုပ်သမားတဦးက သုံးသပ်ပြောဆိုထားပါတယ်။ 

E&P Fashion အထည်ချုပ်စက်ရုံကတော့ လှိုင်သာယာ စက်မှုဇုန် ၅ ၊ သောင်ကြီးရဲစခန်းအနီးမှာ ရှိပြီး ပိုင်ရှင် ကတော့  တရုတ်လူမျိုးဖြစ်တယ်လို့ သိရပါတယ်။ 

စက်ရုံကို အလုပ်သမား  ၅၀၀ ဝန်းကျင်နဲ့  လည်ပတ်နေပြီး  sinsay ကုန်အမှတ် တံဆိပ်ကို ချုပ်လုပ်နေတယ်လို့  အလုပ်သမားတွေက ပြောကြားထား ပါတယ်။ 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026