ပြည်ပနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ ခွင့်ရက် တစ်လကျော် ယူလာရတဲ့ ခွင့်ပြန်လုပ်သားတွေကို စစ်အစိုးရ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြည်ပပြန်ထွက်ခွင့် ချမပေးတာကြောင့် ခွင့်ပြန်လုပ်သားတွေ အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။
အခုလို ခွင့်တစ်လကျော် ယူပါက ပြည်ပ ပြန်ထွက်ခွင့် မပေးတဲ့ အကြောင်းကိုလည်း ခွင့်ပြန် လုပ်သားတွေ သိရှိရန် စစ်အစိုးရ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက တရား၀င် အသိပေးကြေညာတာမျိုး မဟုတ်ဘဲ ခွင့်ပြန် လုပ်သားတွေရဲ့ ပြည်ပပြန်ထွက်ခွင့် လျှောက်ထားမှု ကို အကြောင်းတစုံတရာ ပြန်ကြာတာမျိုး မရှိတဲ့အပြင် ခွင့်ပြုချက်မပေးဘဲ ထားထားတယ်လို့ နစ်နာသူ အလုပ်သမားတွေကပြောပါတယ်။
""တစ်လထက်ကျော်ပြီး ခွင့်ယူလာသူတွေကို ပြည်ပထွက်ခွင့်လည်း ချမပေးဘူး လိုအပ်ချက်ရှိလို့ ပြန်တင်ရမယ့်စာရင်းထဲမှာလည်းမပါဘူး ကျန်းမာရေးမကောင်းလို့ ခွင့်၂လ ယူပြီး ဆေးပြန်လာကုတာ ဒီမှာက ကိုယ့်မိသားစု ရှိတော့ အဆင်ပြေတယ်ဆိုပြီး အခု ခွင့်ရက်ပြည့်လို့ ကျော်နေပြီ ပြန်ထွက်ခွင့်ချမပေးဘူး သူတို့ဌာနကိုမေးတော့လည်း ပြန်တင်ကြည့်ပါပြောတယ် သေချာမရှင်းပြဘူး အလုပ်ရှင်ဘက်ကတော့ တစ်လ ထက်ပေးတယ် ဒီကြားထဲ ထွက်ခွင့်ချမပေးရင်တော့ အလုပ်ပြုတ်ပြီ ""လို့ ခွင့်ပြန်လုပ်သားတစ်ဦးကပြောပါတယ်။
အခုလို ခွင့်တစ်လကျော် ယူလာတဲ့ ခွင့်ပြန်လုပ်သားတွေကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးတာကြောင့် ကလေးမီးဖွားဖို့ ခွင့်ဖြင့်ပြန်လာသူတွေ၊ ကျန်းမာရေးကုသဖို့ ပြန်လာရသူတွေနဲ့ မိသားစု အကြောင်းကိစ္စကြောင့် ခွင့်ရက်ရှည် ယူထားသူတွေမှာ အခက်ခဲ တွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ ခွင့်ရက်ရှည် ယူလို့ ပြည်ပပြန်ထွက်ခွင့် မရတဲ့ သူတွေရှိသလိုအထောက်အထားအစုံအလင်ရှိပြီး ခွင့်ရက်တစ်လ အတွင်းယူထားသူအချို့လည်း အကြောင်းအမျိုးမျိုးနဲ့ ပြည်ပ ပြန်ထွက်ခွင့် မရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
""ခွင့်ပြန်လုပ်သားတွေကို ပုံစံမျိုးစုံနဲ့ ပြန်ထွက်ခွင့် ကိုကြန့်ကြာအောင်လုပ်ထားတယ် ဒါပေမယ့် လေဆိပ် ဝန်ထမ်းတွေ အလုပ်သမားဌာနက ဝန်ထမ်းတွေပေါင်းပြီးလုပ်ထားတဲ့ VIP လမ်းကြောင်းကနေ တော့ သွားလို့ရတယ် ကုန်ကျစရိတ် သိန်း ၃၀ ကနေ ၄၀ လောက် ရှိတယ် ဒီလို စားဂွင် ဖြစ်အောင် အလုပ်သမားတွေကို အမျိုးမျိုးကြပ်ထားတာလို့တောင် ထင်ရတယ် ""လို့ VIPလမ်းကြောင်းဖြင့်ပြန်ထွက်ခဲ့ရသူ လုပ်သားတစ်ဦးကပြောပါတယ်။
စစ်အစိုးရ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန က ခွင့်ပြန်လုပ်သားတွေ အပေါ် ပြန်ထွက် ခွင့်မရအောင် အမျိုးမျိုး ကန့်သတ် ပိတ်ပင်တာတွေ လုပ်ဆောင်နေတဲ့ အတွက် ပြည်ပရောက် မြန်မာလုပ်သားတွေ အနေနဲ့ အရေးကြီး အကြောင်းကိစ္စ မရှိပါက ပြည်တွင်းသို့ ခွင့်ဖြင့် ပြန်လာခြင်းမျိုး မပြုလုပ်ဖို့ ပြည်ပရောက်မြန်မာအလုပ်သမားအရေးကူညီသူတွေက အသိပေးလျက်ရှိပါတယ်။








