NEWS

ZHEJIANG TONGLI Clothing (Myanmar) ပိတ်ရက်အတွက် ထောက်ပံကြေး မပေး

CoverLogo
764 Views
 

#ပေးစာ

ဒီလိုအချိန်မှာ ညီမတို့ အခက်အခဲ ပြောရလို့ အားနာပါတယ်။
ညီမတို့စက်ရုံက ZHEJIANG TONGLI Clothing (Myanmar) ကျဲ့ကျန်း ထုန်လိ ပါ။ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ နဝဒေးမင်းကြီးလမ်းမှာပါ။
အလုပ်သများတွေကို နှိမ်လွန်းလို့ပါ ။
စက်ရုံ ဒေးကြေးက ၄၈၀၀ ပါ။ ထောက်ပံကြေး ၂၀၀၀ ပေးပါတယ်။ ထောက်ပံကြေး ၂၀၀၀ ကို ပိတ်ရက်အတွက် မပေးပါဘူး ။ အလုပ်သမားတွေ အချိန်ပို မဆင်းပဲပြန်ရင် အဲဒီထောက်ပံကြေးထဲက ၁၀၀၀ ပြန်နုတ်ပါတယ်။
တလလုံးဆင်းတာတောင် လေးသိန်းအပြည့်မရပါဘူး။
သင်္ကြန်ပိတ်ရက် ၁၁ ရက်ပိတ်ပေးပါတယ်။ နှစ်ရက် ပိုပိတ်တဲ့အတွက်ဆိုပြီး ရက်အစားကို စနေ နှစ်ပတ်လုံး အချိန်ပိုကြေးမရဘဲ လုပ်ပေးရပါတယ်။ ဒါတင်မဟုတ်ပါဘူး။ ဧပြီလ ၅ရက်န တရက်လုံးကို ရက်အစား ဆိုပြီး လုပ်ပေးရပါတယ်။
စက်ရုံကို အစစ်အဆေးတွေ ရှိလာရင် အလုပ်သမားတွေကို ဘယ်လိုဖြေရမယ်ဆိုပြီး ကြိုသင်ပေးထားပါတယ်။ စစ်ဆေးတဲ့လူကြီးတွေ ခေါ်မေးတာတွေလည်း သူတို့သင်ပေးထားတဲ့ သူတွေပါပဲ။ အလုပ်သမားတွေ တကယ် ခက်ခဲပြီး၊ အဆင်မပြေတာတွေကို တင်ပြလို့ မရပါဘူးရှင့်။
အလုပ်ချိန် မနက် ၈ နာရီ၊ ထမင်းစားချိန်က နေ့လယ် ၁၂ နာရီပါ။ နာရီဝက်နားပြီး ညနေ ၆ ခွဲအထိ ဆက်တိုက် ဆင်းရပါတယ်။
တရက်က ၁၁ နာရီခွဲ မီးပျက်တော့၊ ကြာမယ်ထင်ပြီး ထမင်းစားနားခိုင်းပါတယ် ။ ၁၂ နာရီမှာ ညီမတို့ အလုပ်ပြန်စ ဝင်ပေးရပါတယ်။
စက်ရုံက နစ်နာမယ်ဆို မီးပျက်ချိန်တောင် အထိအခိုက်မခံပါဖူးရှင့်။ ရက်အစားတွေနဲ့ ပိတ်ရက်တွေနဲ့ဆို လစာက ဘာမှ မရတော့ပါဘူး ။
စက်လိုင်းက စက်ချုပ်လုပ်သားတွေဆို အထည်ချုပ်ကြေး ticketကြေးက တသိန်းဆိုရင် ၃ပုံတပုံလောက်ပဲ ရကြပါတယ်။ လေးသောင်းလောက်ပဲ ရပါတယ်။ ဘာတွေ ဖြတ်နေမှန်းမသိရပါဘူး။
အလုပ်သမားတွေကို သေချာပြောပြတာမျိုး မရှိပါဘူး။
တခြားစက်ရုံတွေထက်စာရင် လစာက အရမ်းနည်းပါတယ်။ စက်ရုံဘာမှန်းမသိတာတွေ နုတ်နေတော့ ပိုဆိုးပါတယ်။
အိမ်ကို တလ တသိန်းလောက် အနိုင်နိုင် ပို့ရတာပါ။
အခုကုန်ဈေးနှုန်းတွေ ကြီးတာနဲ့ဆို ၊ သင်္ကြန်အိမ်ပြန်ဖို့တောင် ခက်နေပါပြီး ။
လစာ ငွေတစ်သောင်းဆို ဆိုသလောက် ညီမတို့အတွက် အရေးပါတယ်။ တသောင်းခွဲဆို ညီမတို့အတွက် အဆောင်ခ တဝတ်လောက်ပါ။ ခုခေတ်မှာ တသောင်းခွဲက အရမ်းမများပေမယ့် သူတို့က သူတို့မပေးရင် မယူနဲ့ မရဖူးဆိုတဲ့ ပုံစံမျိုးနဲ့ စက်ရုံက ဆက်ဆံနေတာပါ။
ညီမတို့မှာ လစာမကောင်းတော့ နေမကောင်းရင်တောင် ရက်မှန်ကြေးလေး မပြုတ်အောင် အားတင်းပြီး အလုပ်ဆင်းရတာပါ။
ညီမတို့ အလုပ်သမားတွေ အလုပ်ရှားလို့သာ သည်းခံလုပ်နေရတာ။ အရမ်းနစ်နာပါတယ်။
စက်ရုံကို လူကြီးတွေ လာစစ်ဆေးရင် အလုပ်သမားတွေရဲ့အခက်အခဲကို သိစေချင်တာပါ။
ကူညီပေးပါရှင့်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026