NEWS

XING YUAN ( Myanmar) Co.,Ltd အထည်ချုပ် နားချိန်မပေးဘဲ အချိန်ပို ဆက်တိုက်ခိုင်း

CoverLogo
809 Views

ဝါးတရာ စက်မှုဇုန် XING YUAN ( Myanmar) Co.,Ltd အထည်ချုပ် စက်ရုံမှာ  နေ့စဉ် နားချိန်မပေးဘဲ အချိန်ပို လုပ်ကိုင် ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အချိန်ပို နေ့စဉ်လုပ်ကိုင်ရပြီး တဆက်တည်း လုပ်ကိုင်းပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ပုံမှန် အလုပ်ပြီးချိန်က ၄ နာရီခွဲအထိပဲ။ နောက် ၂ နာရီက အချိန်ပိုဆို ၆ နာရီအထိ။ ပြီးခဲ့တဲ့ လ တလုံးနဲ့ အခုအချိန်အထိ ည ၈ နာရီတွေ ဆင်းနေရတာ။ တနင်္ဂနွေဆို တလမှာ နှစ်ကြိမ်ဆင်းထားရတယ်။ အခုလမှာလည်း နှစ်ကြိမ် ဆင်းထား ပြီးပြီ။ လာမဲ့ တနင်္ဂနွေမှာလည်း အချိန်ပိုဆင်းရဖို့ လက်မှတ်ထားရတယ်။ စနေနေ့ဆို ၄ ခွဲဆင်းတယ်။ တပတ် အချိန်ပို နာရီ ၂၀ ပဲ ဆင်းခွင့်ရှိတာ။ အခုဟာက ကျော်နေပြီ။  တချို့စနေနေ့တွေမှာ အောနိုက် ဆင်းရသေးတယ်။ စက်ရုံဖွင့်ပြီး ၂ ပတ်ကျော်က တည်းက အချိန်ပိုတွေ ဆက်တိုက် လုပ်ခဲ့ရတာ။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။ 

နေ့လယ်စာ နားချိန်ကနေ အချိန်ပိုပြီးဆုံးတဲ့ ၆ နာရီခွဲနဲ့  ည ၈ နာရီ အထိ နားချိန်မရဘဲ ဆက်တိုက် လုပ်ကိုင် ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက နားချိန် မပေးဘဲ  အချိန်ပိုတွေ ဆက်တိုက်ခိုင်းစေပေမဲ့ အစားအသောက် ကျွေးမွေးတာမျိုး မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ အချိန်ပိုကို ငြင်းမယ်၊ မဆင်းချင်ဘူးပြောတာနဲ့ စူပါတွေက ဂရိတ်တွေလျှော့မယ်ဆိုပြီး ခြိမ်းခြောက်တော့တာပဲ။ ရက်မှန်မှ ဂရိတ်ရမယ်ဆိုပြီးလည်း ပြောသေးတယ်။ မီတင်မှာ မဆင်းနိုင်ဘူးပြောတာနဲ့၊ နောက်နေ့ အလုပ်မလာနဲ့ ဆိုပြီး အောစူပါနဲ့ စူပါက ပြောတော့ တာ" လို့ အလုပ်သမားတွေက ပြောပါတယ်။

လက်ရှိ စက်လိုင်းတလိုင်းမှာ အလုပ်သမား ၂၀ ကျော် လုပ်ကိုင်နေပေမဲ့ အထည်စံချိန်ကို အလုပ်သမား ၅၀ ကျော် ထုတ်လုပ်တဲ့ အရေအတွက်ကို တောင်းဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လူမှုဖူလုံရေး အတွက် လစဉ်ပေးသွင်းရပေမဲ့ ဥပဒေပါ ခွင့်အမျိုးအစားတွေ မရဘဲ ရက်ပျက်ဆိုပြီး ဒေးကြေးနဲ့ ရက်မှန်ကြေး ဖြတ်တောက်ခံရပြီး ဂရိတ်အဆင့်ပါ လျှော့ချခံရတယ်လို့ သိရပါတယ်။ 

“တောင်းတဲ့ စံချိန်ရဖို့က တယောက်ကို ၂ ပွိုင့် ၃ ပွိုင့် ချုပ်ရတယ်။ အဲ့ဒါကို မန်နေဂျာ အမျိုးသမီး က မိုက်နဲ့ အော်ပြီး စံချိန်တောင်းနေတာ။ စံချိန်မပြည့်ရင်တော့ စူပါ၊လီတာတွေက ေ-ာက်တွေနဲ့ နှိုင်းပြီး ပြောတယ်။ အောစူပါက ပိုဆိုးတယ်။ စက်ရုံက အိုတီခိုင်းပြီး အချိန်ပိုကြေး လျှော့ပေးတာတောင် အဲဒီလုပ်ခ တောင်း ရမလားဆိုပြီး အောစူပါ၊ စူပါတွေက  လာပြောတယ်လို့" အလုပ်သမားတွေကပြောဆိုပါတယ်။ 

၂၀၂၄ ခုနှစ် ဒီဇင်ဘာလက စက်ရုံဖွင့်လှစ်ခဲ့ပြီး  လက်ရှိ အလုပ်သမား ၅၀၀ ဝန်းကျင် လုပ်ကိုင်နေကာ  စက်လိုင်း တချို့ တိုးချဲ့ဖို့  စက်ရုံဘက်က လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

သောက်သုံးရေ အသုံးပြုတဲ့နေရာမှာ ရုံးခန်းက စားကြွင်းစာကျန် လာရောက်ထားရှိတာကြောင့် သန့်ရှင်းမှု မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 

“အဲ့ဒီ ရေသန့်ထားနေရာမှာ သူတို့ရဲ့ စားကြွင်းစားကျန်တွေ လာဆေးတယ်။ လာပုံထားတယ်။ လက်ဆေးတယ်။ အဲဒီ အနံတွေကြောင့် အလုပ်သမားတွေမှာ ကောင်းကောင်းသုံးမရတော့ဘူး။ ညီမတို့ဆို အိမ်ကနေ ရေထည့် လာရတယ်။ စက်ရုံထဲမှာ တအားပူတာ။ ရေငတ်တာပေါ့။ စက်ရုံက တပ်ထားတဲ့ ပန်ကာကို ဖွင့်မပေးဘူး။ တော်တော်ပြောမှ ဖွင့်ပေးတာ။ “လို့ အလုပ်သမားတွေက ပြောပါတယ်။ 

XING YUAN ( Myanmar) Co.,Ltd  အထည်ချုပ်စက်ရုံဖွင့်လှစ်တာ ၅ လနီးပါးရှိနေပြီဖြစ်ပေမဲ့ အလုပ်သမား တွေကို EC စာချုပ် ချုပ်ဆိုပေးတာမရှိသလို WCC  ဖွဲ့စည်းပေးတာလည်း မရှိသေးဘူးလို့  ပြောပါတယ်။ စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ရာဇာဓိရာဇ်လမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပြီး  တရုတ်နိုင်ငံသား ပိုင် စက်ရုံလို့ သိထားပါတယ်။


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026