NEWS

Wonderful Apparel စက်ရုံအလုပ်သမားအခွင့်အရေးချိုးဖောက်နေဟုဆို

CoverLogo
1.1K Views

ရန်ကုန်တိုင်း မှော်ဘီမြို့ မြောင်းတကာစက်မှုဇုန် ဟန်စတီးပါဝါလမ်း မှာဖွင့်လှစ်လည်ပတ်နေတဲ့ Wonderful Apparel Co.Ltd အထည်ချုပ်စက်ရုံ မှာ လုပ်ငန်းခွင်အတွင်း ဖိအားပေး ခြိမ်းခြောက်ခိုင်းစေမှုတွေ အထည်စံချိန်အလွန်အကျွံတောင်းခံတာ အလုပ်သမားဥပဒေပါခံစားခွင့်တွေမရတာ နဲ့ အလုပ်ကနေ ဥပဒေမဲ့ ထုတ်ပယ်တာတွေ ကျူးလွန်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါ စက်ရုံမှာ အလုပ်သမား ၂၀၀ ကျော်နဲ့ TROLLKIDS၊ JACKET စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။လုပ်ငန်းခွင်ထဲမှာတော့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ရှိနေပြီး  ညှိနှိုင်းဖြေရှင်းပေးတာမရှိဘဲ ဌာနဆိုင်ရာတွေက လာရောက်စစ်ဆေးသော်လည်း လုပ်ငန်းခွင်အတွင်းက ချိုးဖောက်မှုတွေ အမှန်တကယ် လျှော့နည်းသွားခြင်းမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

"စက်ရုံမှာ အရင်က အလုပ်သမား ၄၀၀ ကျော်လောက်ရှိတယ် စက်ရုံမှူးနဲ့အောစူပါတို့က ဖိအားပေးတာတွေ ရိုင်းရိုင်းစိုင်းစိုင်းပြောတာတွေ အကြောင်းမရှိအကြောင်းရှာပြီး အလုပ်ထုတ်ချင်သလို ထုတ်နေလို့ အခုတော့ အလုပ်သမားက ၂၀၀ လောက်ပဲရှိတော့တာဖြစ်ပါတယ်။ အခုချိန်သူတို့ဘာလုပ်လုပ် လုပ်ချင်တာလုပ်လို့ရတယ် တိုင်ချင်တဲ့နေရာတိုင် ဂရုမစိုက်ဘူးဆိုပြီး အမြဲတမ်းပြောတာ ဌာနဆိုင်ရာလူကြီးတွေလာလည်း လုပ်ငန်းခွင်ထဲပြောင်းလဲသွားတာမရှိဘူး ပိုတောင်ဆိုးလာသေးတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

ယခင်က အလုပ်ချိန်ဟာ နံနက် ၈ နာရီ ကနေ ညနေ ၆ နာရီ ၃၀ အထိ သတ်မှတ်ထားပြီး ဧပြီလကုန်လောက်မှာတော့ အလုပ်ချိန်ကို နံနက် ၇ နာရီ ၃၀ မှ ည ၇ နာရီအထိ သတ်မှတ်လိုက်ပြီး အထည်စံချိန်တွေကိုလည်း ယခင်ထက်ပိုမိုပေးချေရမည်ဟု အသိပေးလာတယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားခံစားခွင့်တွေ ဆုံးရှုံးနေရပြီး မည်သည့်ခွင့်ခံစားခွင့်မှမရခြင်း  ကျန်းမာရေးမကောင်းပါက လူမှုဖူလုံရေးမှ ဆေးခွင့်ပေးပါက ၂ ရက်ထက်ပိုလျင် အလုပ်မှ ထုတ်ပယ်ခြင်း ၊ ယင်းကဲ့သို့ ထုတ်ပယ်ခြင်းကို အလုပ်သမားရုံးတွေမှာ သွားရောက် တိုင်ကြားပါကလည်း အလုပ်သမားအနေနဲ့ အလုပ်ထွက်လိုက်ရခြင်းသာ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

"အလုပ်လာခါနီးမှာ အရေးပေါ်အကြောင်းကိစ္စကြောင့် ရှောင်တခင်ခွင့်တိုင်ရင် ခွင့်မပေးလို့ ဒေးကြေး ၄၈၀၀ နဲ့ ရက်မှန်ကြေး ၂၀၀၀၀ စုစုပေါင်း ၂၄၈၀၀ အဖြတ်ခံရတယ် တလလုံးတရက်ပျက်တာနဲ့ တော်တော်ထိတယ်ပေါ့နော် အထည်စံချိန်တွေတောင်းတာလည်း နှစ်ယောက်ချုပ်ရမဲ့ပွိုင့်တွေကို တယောက်ထဲချုပ်ခိုင်းတာ စက်လိုင်းတလိုင်းကို အလုပ်သမား ၁၈ ယောက်ပဲရှိတယ် တလိုင်းလုံးအနေနဲ့ တနာရီကို အထည် စံချိန် ၁၀၀ ပေးရတယ် သူတို့တောင်းတဲ့ စံချိန်မရရင် အောစူပါ စူပါတွေက ဆဲဆိုတယ် ရိုင်းရိုင်းစိုင်းစိုင်း ပြောတာတွေလုပ်တယ် ကိုယ်ထိလက်ရောက်လုပ်တာတွေအထိပါရှိတယ်"လို့ အလုပ်သမားကပြောပါတယ်။

"မန်နေဂျာက ဆေးပေးခန်းမှာပဲ ထိုင်နေတော့ အလုပ်သမားတွေက သွားမပြရဲကြဘူး သွားပြရင်လည်း မကြိုက်ဘူး အလုပ်သမားတယောက်အလုပ်လုပ်နေရင်း အရမ်းပူတော့ မူးလဲသွားလို့ ဆေးခန်းပြရင် ခဏလှဲနေတာကို မန်နေဂျာလာမှာမို့လို့ဆိုပြီး ပြောင်းပေးရတယ် တော်ရုံတန်ရုံနေမကောင်းတာလောက်တော့ ဆေးခန်းသွားမပြရဲကြတော့ဘူး အဲ့လို ဖြစ်နေတာ"လို့ အလုပ်သမားကပြောပါတယ်။

 လုပ်ငန်းခွင်ထဲမှာ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုထားပေမဲ့ နှုတ်ဖြင့်သတိပေးရမဲ့ ပြစ်မှုများရှိပါက လဲ ချက်ချင်း အလုပ်မှထုတ်ပယ်ခြင်း စက်လိုင်းချိန်းကာစ အထည်မတက်ပါက ချက်ချင်းအလုပ်မှထုတ်ပယ်ခြင်း ဘက်လိုက်ခြင်းနဲ့ အလုပ်သမားတွေအပေါ် ဖိနှိပ်တာတွေလုပ်ဆောင်နေတယ်လို့ ပြောဆိုပါတယ်။

အလုပ်သမားများတောင်းဆိုချက်အနေနဲ့ 
၁။ အောစူပါ---မှအလုပ်သမာများကို မဆဲဆိုရန်နှင့် ကိုယ်ထိလက်ရောက်မကျူးလွန်ရန်။
၂။ အလုပ်ရှင်ဘက်မှစံချိန်တောင်းခံရာတွင် အလုပ်သမားတစ်ဦးချုပ်လုပ်နိုင်သော စံချိန်ကိုတောင်းခံရန်။
၃။ လုပ်ငန်းခွင်စည်းကမ်းများကို ECစာချုပ်ချုပ်ဆိုထားသည့်အတိုင်း အလုပ်ရှင်ဘက်လုပ်ဆောင်ရန်။
၄။ အလုပ်ရှင်ဘက်မှအလုပ်သမားများ ခံစားခွင်ရှိသော ခွင့်ရက်များ ဆေးခွင့်များခံစားခွင်ပေးရန်။
၅။ အလုပ်သမားများကို ဖိအားပေးခြင်း၊ ဥပဒေမဲ့အလုပ်ထုတ်ခြင်းများ မပြုလုပ်ရန်စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026