NEWS

U&G အထည်ချုပ်စက်ရုံ စနေနေ့များတွင် ညနက်အထိ အချိန်ပို ခိုင်းစေ

CoverLogo
1K Views

ဝါးတရာ စက်မှုဇုန်က U&G (Myanmar) Fashion Co.,Ltd ပိုင် အထည်စက်ရုံမှာ အလုပ်သမားတွေကို ညနက် အချိန်ပို (အိုတီ)တွေ ဆက်တိုက် ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ညနက်အထိ အချိန်ပို လုပ်ကိုင်နေရတာ နှစ်လနီးပါးရှိနေပြီး၊ စနေနေ့တွေမှာဆို အောလင်း လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။


“အချိန်ပိုတွေကို တရက်ခြား ည  ၁၁ ခွဲအထိ ခိုင်းတယ်။ အလုပ်သမားတွေက အလှည့်ကျ ဆင်းရတာ။ ကြားရက် တွေတိုင်း ည ၁၁ ခွဲအထိ လုပ်ပေးရတယ်။ စနေနေ့ဆို နောက်တရက် မနက် ၁နာရီခွဲ၊ ၂ နာရီခွဲ အထိ ခိုင်းပါတယ်” လို့ စက်ချုပ်လုပ်သားတဦးက ပြောပါတယ်။


အချိန်ပိုကို မဖြစ်မနေ ဆင်းခိုင်းပြီး၊ မဆင်းပါက အများရှေ့မှာ ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု ခံရပြီး ဆုကြေး ဖြတ်တောက် တယ်လို့ ပြောပါတယ်။ လက်ရှိ စနေနေ့ အချိန်ပိုတွေလုပ်ခိုင်းတာတွေ ရပ်တန့်နေတာ ၂ ပတ်ကြာ ရှိနေပေမဲ့ ကြားရက် အချိန်ပိုခေါ်ယူမှု တွေကို ဆက်ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


၂၀၂၂ ခုနှစ်အတွင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဌာနရဲ့ ညွှန်ကြားလွှာမှာတော့ ရက်သတ္တပတ် အတွက် အချိန်ပို နာရီ ၂၀ အထိသာ ခိုင်းစေခွင့်ရှိပါတယ်။ ဒါ့အပြင် အချိန်ပိုခေါ်ယူမှုတွေမှာ အလုပ်သမားတွေရဲ့ သဘောတူမှသာ ခိုင်းစေခွင့်ရှိပြီး အလုပ်ရှင်နဲ့ စက်ရုံမန်နေဂျာတွေက တာဝန်ခံရမှာ ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။


U&G အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ညနက် လုပ်ကိုင်ပြီးမှာလည်း နေအိမ်ပြန်ခွင့်မရဘဲ စက်ရုံအတွင်းမှာ ဖြစ်သလို အိပ်စက်ရပြီး နောက်ရက်မှာ ဆက်တိုက် လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတဦး က ပြောပါတယ်။


“ည ၁၁ ခွဲပြီးရင် ၊ စက်ရုံ သမံသလင်းပေါ်မှာ ဒီတိုင်း အိပ်ရတယ်။ နောက် ယောက်ျားလေးတွေလည်း ဆင်းရ တော့၊ မလုံခြုံဘူးလို့ ခံစားရတယ်။ စနေနေ့ ညနက် အိုတီဆင်းပြီးမှပဲ အိမ်ကို ပြန်ရတယ်။ အိမ်က မိဘတွေလည်း စိတ်မချဖြစ် နေရတာ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။


ဒါ့အပြင် လုပ်သားအင်အားလိုအပ်အရ ဆိုပြီး   ကိုယ်ဝန်ဆောင် အလုပ်သမားတွေပါ တန်းတူ အချိန်ပိုင်ဆင်း လုပ်ကိုင်ခိုင်းနေတယ်လို့ ပြောပါတယ်။ နေ့လယ်စာ စားပြီးနောက် နေ့လယ် ၁၂ နာရီကနေ ည ၆ နာရီ အထိ ဆက်တိုက် လုပ်ကိုင်ရပြီး အချိန်ပိုဆင်းရမဲ့ ရက်တွေမှာတော့ စက်ရုံဘက်က ထမင်းဖိုးဆိုပြီး ထုတ်ပေးတာ ရှိတယ်လို့ ပြောပါတယ်။ 


“အရင်က ကိုယ်ဝန်သည်တွေကို တလ နှစ်လ ဆို အချိန်ပိုမဆင်းခိုင်းတော့ဘူး၊ အခုတော့ သူတို့လည်း တန်းတူ အချိန်ပိုကို ဆင်းနေရတယ်။ နေ့လယ်စာအတွက် ၁၁ ခွဲကနေ ၁၂ အထိ နားချိန်။ အဲ့ဒီကနေ ည ၆  နာရီအထိ အနားမရတော့ဘူး ။ ညအချိန်ပိုကလည်း ည ၆ နာရီနဲ့ ည ၇ နာရီအထိကို တပတ်ခြားစီ ချုပ်ပေးရတယ် ” လို့ အလုပ်သမားတဦးက ပြောပါတယ်။


စက်ရုံဘက်က ခွင့်အမျိုးအစားတွေပေးပေမဲ့ ဒေကြေးနဲ့ ရပိုင်ခွင့်တွေ ဖြတ်တောက်တယ်လို့လည်း ပြောပါတယ်။ အလုပ်ချိန် တဆက်တည်း ၆ နာရီခွဲကြာ လုပ်ကိုင်ရတာကြောင့် စက်ရုံထဲက အမျိုးသမီးလုပ်သားတချို့ ကျန်းမာရေး ထိခိုက်တာရှိတယ်လို့ ပြောပါတယ်။


“နားချိန်မရဘူး၊ အများစုက ဗိုက်စာကြတာပေါ့၊ မဖြစ်မနေစားရတာဆို တာဝန်ခံတွေ မသိ၊ မမြင်အောင် စားရ တယ်။ အဲ့လိုကြောင့် အစာအိမ်နာတဲ့ အလုပ်သမားတွေ ရှိနေတယ်။ စက်ရုံ ဆေးခန်း ကလည်း ပရုပ်ဆီနဲ့ ခေါင်းကပ် ပလာစတာက လွဲလို့ ဘာဆေးမှ မရှိဘူး ။ ညပိုင်းဆိုရင် သူနာပြုလည်း မရှိတော့ဘူး။” လို့ အမျိုးသမီး လုပ်သားတဦးက ပြောပါတယ်။


စက်ရုံအတွင်း အချိန်ပိုခေါ်ယူမှုတွေကို အလုပ်သမားဦးစီးဌာနက အရာရှိတွေလာရောက်စစ်ဆေးပေမဲ့ ဆန္ဒ အလျှောက် လုပ်ကိုင်တယ်ဆိုပြီး စက်ရုံဘက်က လိမ်လည် ဖြေကြားခိုင်းတယ်လို့လည်း အလုပ်သမားတွေက ပြောကြားထားပါတယ်။ 


U&G (Myanmar) Fashion Co.,Ltd က ဝါးတရာ စက်မှုဇုန်မှာ ရှိပြီး စက်ရုံကို တရုတ်၊ ဂျပန် ဖက်စပ် ပိုင်ဆိုင် တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ BAYFLOW ၊ LIMONT၊ Niko and..၊ GLOBAL WORK၊ ALLIED FEATHER DOWN ၊ STUDIO CLIP စတဲ့ အထည်တွေကို လုပ်သား ၁၀၀ ကျော်လောက်က ချုပ်လုပ်နေပြီး စက်ရုံအတွင်း အလုပ်သမားသမဂ္ဂမရှိဘဲ WCC အဖွဲ့ကိုတော့ ဖွဲ့စည်းထား တယ်လို့ သိထားရပါတယ်။ 


Related posts

Cover
Dishang Fashion (Myanmar) ကိုယ်ထိလက်ရောက် ကျူးလွန်မှု နစ်နာသူအား အလုပ်ပြန်ခန့်ရန် အလုပ်သမားများ တောင်းဆိုထား
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026