NEWS

Tristate Myanmar အထည်ချုပ် နားရက် ပိတ်ရက် မရှိ လုပ်ကိုင်ခိုင်း

CoverLogo
918 Views

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန်က Tristate Myanmar Co,.LTD အထည်ချုပ် စက်ရုံက အများပြည်သူပိတ်ရက်တွေနဲ့ ရက်သတ္တပတ်ပိတ်ရက်တွေမှာ နားခွင့်မရဘဲ အလုပ် လုပ်ကိုင်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အာဇာနည်နေ့မှာ အလုပ်သမားတွေက အလုပ် မဆင်းချင်ကြဘူး။ အဲဒါကို စက်ရုံမန်နေဂျာက အလုပ်သမားရုံးကို ပိုက်ဆံပေးရရင် ရတယ်ဆိုပြီး ဇွတ်လက်မှတ် ထိုးခိုင်းပြီး အလုပ်ဆင်းခိုင်းတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီဇူလိုင်လရဲ့ ရက်သတ္တပတ်ပိတ်ရက် တနင်္ဂနွေ ၄ ရက် အလုပ်ဆင်းထားရပြီး နားရက်မရှိ လုပ်ကိုင်နေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။ နေ့စဉ် အချိန်ပို ၃ နာရီလုပ်ကိုင်ရတဲ့ အပြင် နားရက်မရဘဲ အလုပ် လုပ် ရတာကြောာင့် အလုပ်သမားတချို့ ကိုယ်ဝန် ပျက်ကျတာ၊ ကျန်းမာရေး ထိခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။ ကျန်းမာရေးမကောင်းလို့ ခွင့်တောင်းပေမဲ့ ခွင့်မပေးတဲ့ အပြင် ရက်ပျက်တယ်ဆိုပြီး လုပ်ခနဲ့ ရပိုင်ခွင့်တွေကို စက်ရုံဘက်က ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အချိန်ပိုက နေ့တိုင်း၊ နားရက်က မရနဲ့၊ အလုပ်သမားတွေလည်း ကျန်းမာရေး ချို့ယွင်းတာပေါ့ ။ ကိုယ်ဝန်ပျက် ကြတာတွေ့ရ တယ်၊ အဲတယောက်ဆို ဆေးခွင့်မရတော့၊ အလုပ်ကနေ ထွက်ပေးရတယ်။ ခွင့်လည်းမရနဲ့ ပျက်ရင်လည်း ရက်မှန်ကြေး၊ ဒေးကြေး အကုန်ဖြတ်တာ။ အလုပ်သမားတွေ နစ်နာနေတာပေါ့ ” လို့ အလုပ်သမားတွေက ပြောပါတယ်။

အချိန်ပို မဆင်းလို့ဆိုပြီး လိုင်းခေါင်းဆောင်၊ လိုင်းစူပါ၊ အောစူပါတွေက စိတ်ထိခိုက်အောင် ပြောဆိုတာကြောင့် အရှက်ရ ကြရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်အပိုတွေ အလွန်အကျွံဆင်းရပြီး နားရက် မရတာတွေက အလုပ်သမားတွေရဲ့ လူမှုရေး၊ ကျန်းမာရေးတွေ နစ်နာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“တပတ်လုံး အလုပ်လုပ်ထားတော့ တကိုယ်လုံးကိုက်ခဲနေတာ၊ တရက်လေးတော့ နားချင်တာပေါ့။ အများရှေ့ ပြောဆိုခံရမှာလည်း ကြောက်တာပဲ။ အနားမရတော့ အိမ်မှုကိစ္စတွေ၊ ကလေးတွေအတွက် ဘာမှ လုပ်မပေး နိုင်ဘူး” လို့ ပြောပါတယ်။

Tristate Myanmar စက်ရုံဟာ အများပြည်သူရုံးပိတ်ရက်တွေ၊ ရက်သတ္တပတ် အလုပ်ပိတ်ရက်တွေမှာ အချိန်ပို လုပ်ကိုင်ခိုင်းခဲ့တာကြောင့် ၂၀၂၂ ခုနှစ်ကတည်းက နှစ်စဉ် Myanmar Labour News မှာ သတင်းဖော်ပြခံရတဲ့ စက်ရုံ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာလည်း လုပ်သက်ရင့် အလုပ်သမား တဦးကို အလုပ်ထုတ်ခဲ့တာကြောင့် မြို့နယ် အလုပ်သမား ရုံးမှာ ဖြေရှင်းခဲ့ ရပါတယ်။ Myanmar Labour News က ရရှိထားတဲ့ စက်ရုံ အချက်အလက်တွေထဲမှာ တလအတွင်း အချိန်ပို စုစုပေါင်း နာရီ ၈၀ ကျော် အလုပ်ဆင်းထားရလို့ အချိန်ပို ဥပဒေနဲ့ ညွှန်ကြားချက်တွေကို ဖေါက်ဖျက်ထားတာကို တွေ့ထားရပါတယ်။

မြန်မာနိုင်ငံက ထွက်ခွာပြီဖြစ်တဲ့ M&S အပါအဝင် OTTO ၊ spider ၊ New Look ၊ Nautica ၊Max Mara ၊ Cp တံဆိပ်တွေကို ချုပ်လုပ်ခဲ့တယ်လို့ သိထားပါတယ်။


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026