NEWS

Tristate Myanmar စက်ရုံ လုပ်သက် ၉ နှစ်ရှိ အလုပ်သမားတဦးအား မတရား အလုပ်ထုတ်

CoverLogo
1.1K Views

Tristate Myanmar စက်ရုံက တရုတ်နိုင်ငံသား ကြီးကြပ်ရေးမှူးနဲ့ အဆင်မပြေဖြစ်ခဲ့တဲ့ လုပ်သက် ၉ နှစ်ကျော် အလုပ်သမား တဦးကို ဖိအားပေးပြီး မတရား အလုပ် ထုတ်လိုက်တယ်လို့ ကိုယ်တိုင် အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားက ပြောပါတယ်။

“ ကျွန်တော် ၂၀၁၄ ကတည်းက အလုပ်ဝင်တယ် ။ လက်ရှိ Patten ဒီဇိုင်းတွေကို ကွန်ပြူတာနဲ့ ရေးတယ်။ အခု အလုပ် ထုတ်တော့ လုပ်သက် ၉ နှစ်ကျော် ရှိနေတယ်။ အဲဒါကို HR မန်နေဂျာက အလုပ်ထွက်ဖို့ ဖိအားပေးပြီး ငွေငါးသိန်းပေးတယ်။ ပေးတဲ့ငွေက ကျနော့် တလစာပဲ ရှိပါတယ်။ ဒါက မတရားတာပါ ။ ထုတ်တာက ဩဂုတ် ၁၇ ရက်ကပါ” လို့ပြော အလုပ်ထုတ်ခံခဲ့ရတဲ့ ကိုအောင်ပိုင်ထူးက ပြောပါတယ်။ 

ကိုအောင်ပိုင်ထူးဟာ စက်ရုံ လုပ်သက် ၉ နှစ်ကျော်အတွင်း မည့်သည့် ပြစ်ချက်မရှိခဲ့ဘူးလို့ ပြောပါတယ်။  အလုပ်က အထုတ်မခံရမီ ဩဂုတ်လ ၁၄ ရက်မှာ လုပ်ငန်းခွင်အတွင်း အလုပ် လုပ်ကိုင်လို့မရအောင် ဌာနက တရုတ် နိုင်ငံသား ကြီးကြပ်ရေးမှူးရဲ့  အမျိုးသမီးက ကိုယ့်အမူအရာတွေနဲ့ လုပ်ဆောင်နေတာကြောင့် HR ဌာနရဲ့ ခွင့်ပြုချက်နဲ့ နေအိမ်ကို ပြန်ခဲ့တယ်လို့ ပြောပြရပါတယ်။ 

“ တနင်္ဂနွေ့နေ့ အချိန်ပို လုပ်ပေးရ မလားလို့ ကျွန်တော်က အဲဒီ အမျိုးသမီးကိုမေးခဲ့တယ်။ သူကလည်း မလာ လည်း ရတယ်ဆိုတာနဲ့ အိမ်မှာပဲ နားခဲ့တာပါ။ တနင်္လာနေ့ကျတော့ အလုပ်ကို မလာလို့ ဆိုပြီး တရုတ်နိုင်ငံသား ကြီးကြပ်ရေးမှူးက ကျွန်တော်ကို လာပြောတယ်။ ကျွန်တော်လည်း အကျိုးအကြောင်း ပြောပြပါတယ်။ ဒါနဲ့ လုပ်ငန်းခွင်မှာတော့ အဲ့အမျိုးသမီးက ကျွန်တော်နဲ့ ကပ်လျက်ထိုင်ပြီး စူဆောင့်နေတော့ ကြာရင် အဆင်မပြေ ဖြစ်မှာ စိုးလို့ အိမ်ပြန်ခဲ့တာပါ။ ပြန်တော့လည်း တရုတ် ကြီးကြပ်ရေးမှူးကတော့ လက်မှတ်မထိုးပေးပါဘူး၊ ကျွန်တော် HR ဆီက ဂိတ်ပတ်(စ်)လက်မှတ်နဲ့ ပြန်ခဲ့တာပါ ” လို့ ကိုအောင်ပိုင်ထူးက ပြောပါတယ်။

အဲဒီနောက် ဩဂုတ် ၁၅၊ ၁၆ ရက်တွေမှာလည်း အလုပ်ဝင်ချိန် မနက် ၇ နာရီခွဲမှာ ဝင်ရောက်ခဲ့ပေမဲ့ စက်ရုံအတွင်း ဝင်ခွင့် မပေးခဲ့ဘူးလို့ ပြောပြပါတယ်။  ဩဂုတ် ၁၇ ရက်မှာတော့  စက်ရုံအတွင်း HR မန်နေဂျာ ကိုဇင်ဝင်းစိုး ဆိုသူ က ကိုအောင်ပိုင်ထူးကို ခေါ်တွေ့ပြီး အလုပ်ထုတ်ခဲ့တာလို့ ပြောပါတယ်။

“ ညှိနှိုင်းပေးပါ လို့ HR မန်နေဂျာ ကို ကျွန်တော်ပြောပါတယ်။ သူက ညှိမရဘူး အလုပ်ထုတ်မှ ရမယ်ဆိုပြီး ထုတ်ခဲ့ တာပါ။ ဩဂုတ်လ ၁၄ ရက်အထိ အလုပ်လုပ်ထားတယ်။ အလုပ်က ထုတ်ပြီဆိုတော့ ငါသိန်း ပေးတယ်။ ကျွန်တော်က လက်မခံ နိုင်ဘူး ပြောပါတယ်။ မင်းလည်း အချိန်မရှိဘူး ၊ ငါလည်း အချိန်မရှိဘူး ။ ပေးတာယူ သွားဆိုပြီး HR မန်နေဂျာ ကိုဇင်ဝင်းစိုး ဖိအားပေးပြီး လက်မှတ်ထိုး ခိုင်းခဲ့တာပါပဲ” လို့ ကိုအောင်ပိုင်ထူးက ပြောပါတယ်။ 

စက်ရုံနဲ့ ကိုအောင်ပိုင်ထူးတို့အကြား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် (EC) ချုပ်ဆိုထားတယ်လို့ သိပါတယ်။ 

အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ EC စာချုပ် နမူနာမှာတော့ “အလုပ်ရှင်က အလုပ်သမား ကို အလုပ် မှ ရပ်စဲလိုပါကလည်း ရက် ၃၀ ကြိုတင် အကြောင်းကြားရမည်။ အလုပ်သမား တစ်ဦး အလုပ်မှ ရပ်စဲခံ ရသောအခါ အလုပ်ရှင်က ၎င်းအလုပ်သမား ၏ လစာ (အချိန်ပို၊ အာမခံကြေးမပါ) ကို အခြေခံ၍ အလုပ်ဖြုတ် နစ်နာ ကြေးကို လုပ်သက်အလိုက် ပေးရမည်” လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်  EC စာချုပ်ဟာ “အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသော လုပ်ငန်းခွင် စည်းကမ်းများသည် တည်ဆဲဥပဒေ တစ် ရပ်ရပ်နှင့် ညီညွတ်ရမည့်ပြင် အလုပ်သမား၏ အကျိုးခံစား ခွင့် များသည် လည်း တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ခံစားခွင့်များအောက် လျော့နည်းခြင်း မရှိစေရ”လို့လည်း အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (၂၀၁၃) ပုဒ်မ ၅(ဂ) မှာ ပြဋ္ဌာန်းထားပါတယ်။

Tristate Myanmar စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး လုပ်သား ၃၀၀၀ ဝန်းကျင်နဲ့ တရုတ်နိုင်ငံသား ကိုး ယောက်လောက်  အလုပ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ 

DICA မှာ ဖော်ပြထားတဲ့ အချက်အလက်တွေမှာ တော့ စက်ရုံဟာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်ထားပြီး စက်ရုံ ကတော့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ မြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန်မှာ ရှိတယ်လို့ သိရပါတယ်။ 

Tristate Myanmar စက်ရုံဟာ  မြန်မာနိုင်ငံက ထွက်ခွာပြီဖြစ်တဲ့ M&S တံဆိပ်အပါအဝင် OTTO ၊ spider ၊ New Look ၊ Nautica တံဆိပ်တွေချုပ်လုပ်ခဲ့တယ်လို့ Myanmar Labour News ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ လက်ရှိ မှာတော့   အီတလီ အခြေစိုက် Max Mara ၊ Cp တံဆိပ်တွေကို အများဆုံး ချုပ်လုပ် နေတယ်လို့ သိရှိထားပါတယ်။

ဒါ့အပြင် Tristate Myanmar စက်ရုံဟာ ရက်သတ္တပတ်ရုံးပိက်ရက်တွေ အပါအဝင် အချိန်ပိုတွေ ရက်ဆက် လုပ်ကိုင်ခိုင်းတာနဲ့ လုပ်ငန်းခွင်အတွင်း ဆဲဆိုမှုတွေရှိနေလို့ အလုပ်သမားတွေက Myanmar Labour News လာရောက်ပြောဆိုခဲ့တာကြောင့်  ၂၀၂၂ ခုနှစ် ဩဂုတ်လထဲမှာ သတင်းဖော်ပြခဲ့ပါတယ်။

#MyanmarLabourNews 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026