NEWS

Tianjin Fashion Milestone အထည်ချုပ်စက်ရုံမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
750 Views

လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာဖွင့်လှစ်ထားတဲ့ Tianjin Fashion Milestone အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ ခွင့်ခံစားခွင့်မရတာ ဥပဒေမဲ့အလုပ်ထုတ်ခံရတာ အချိန်ပိုဖိအားပေးပြီးဆင်းခိုင်းတာနဲ့ ငြင်းဆန်ပါက ခွဲခြားဆက်ဆံတာ နိုင်ငံခြားသားတွေက တိုက်ရိုက်အုပ်ချုပ်ခိုင်းစေနေတာ စတာတွေ အပါအဝင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခံနေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဲ့ဒီအထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၄၀၀ ကျော်နဲ့   sinsay အမှတ်တံဆိပ် ဝယ်လွန် အသားအနွေးအထည်အင်္ကျီနဲ့ အခြားဒီဇိုင်းတွေ ချုပ်လုပ်ရတာလို့ သိရပါတယ်။ လူဦးရေ ထောင်ကျော်နဲ့ ဖွင့်လှစ်ထားတဲ့ လုပ်ငန်းခွင်မှာ အလုပ်သမားအရေးရာ ကိစ္စရပ်များ ညှိနှိုင်းဖြေရှင်းရေးလုပ်ငန်းတွေအတွက် အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါတယ်။

"စက်ရုံက ဝန်းထဲမှာပဲ အေရုံနဲ့ ဘီရုံဖွင့်ထားတာ ၂ ရုံပေါင်းရင်တော့ ၁၄၀၀ လောက်ရှိတယ် အခက်အခဲတွေ ကတော့အတူတူပဲ အထည်စံချိန်တွေ မတရား တိုးတောင်းတာ တစ်နာရီကို အထည် ၉၀ ကနေ ၁၀၀ အထိ တောင်းတာပါ စံချိန်တောင်းတာကိုမရရင် အောစူပါ စူပါတွေက အလုပ်သမားတွေကို စက်လိုင်းတွေချိန်းပစ်တယ် ပွိုင့်တွေချိန်ပြီးချုပ်ခိုင်းတယ် မခံမရပ်နိုင်အောင် ဆဲဆိုအော်ဟစ်နေတာ နေ့တိုင်းလိုလိုပဲ"လို့ လုပ်ငန်းခွင်ထဲမှာအလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားကပြောပါတယ်။

"နောက်ဆိုးတာတခုက အော်ဒါအရေးကြီးရင် အလုပ်သမားတွေကို လစားဝန်ထမ်းတွေချက်ချင်းခေါ်ခန့်လိုက်တယ် အော်ဒါပြတ်သွားရင် ၃ လမပြည့်သေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်ထုတ်လိုက်တယ် အဲ့လိုတွေ ဖြစ်နေတာ နိုင်ငံခြားအော်ဒါတွေချုပ်နေရတဲ့ အလုပ်သမားတွေမှာ အဲ့လိုနည်းတွေနဲ့ အလုပ်ထုတ်ခံနေရတယ် ဥပဒေကို တဖက်လှည့်နဲ့ချိုးဖောက်ခံနေရတာ"လို့ အလုပ်သမားကဆက်လက်ပြောဆိုပါတယ်။

လက်ရှိလုပ်ငန်းခွင်ထဲမှာ ကြိုတင်အသိပေးပြောဆိုခြင်းမရှိဘဲ အချိန်ပိုကို တနင်္လာနေ့မှ သောကြာနေ့အထိကို ည ၈ နာရီအထိ စနေ တနင်္ဂနွေနေ့တွေမှာလည်း ပိတ်ရက်မပေးဘဲ အချိန်ပိုဆင်းခိုင်းပြီး ဖိအားပေးခြိမ်းခြောက်ခိုင်းစေနေတာလို့ အလုပ်သမားကပြောပါတယ်။

"အိုတီက နေမကောင်းလည်းဆင်းရတယ် အိုတီမဆင်းတဲ့အလုပ်သမားအငြိုးအတေးထားခံရတယ် ခွဲခြားဆက်ဆံတယ် တရက်လောက်အိုတီပျက်လိုက်ရင် နောက်ရက်အိုတီလုံးဝမခေါ်တော့ဘဲ ပြန်လွှတ်တယ် စူပါ အောစူပါတွေက နောက်နေ့မလာနဲ့တော့ဆိုပြီး ပြောတာ" လို့ နောက်ထပ် အလုပ်သမား တစ်ဦးကပြောဆိုပါတယ်။


အလုပ်သမားဥပဒေအရ အချိန်ပိုဆင်းခြင်းဆိုင်ရာကိစ္စရပ်တွေမှာ အလုပ်သမားတွေကို ကြိုတင်အသိပေးရမှာဖြစ်သလို အိုတီဆင်းရန် ငြင်းဆန်ခွင့်ရှိပေမဲ့ လက်တွေ့မှာတော့ အလုပ်အကိုင် တည်မြဲမှုကို ခြိမ်းခြောက်တာကြောင့် မဖြစ်မနေ လုပ်ကိုင်နေရတယ်လို့ လည်းအလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ နိုင်ငံခြားသားများမှ တိုက်ရိုက်အုပ်ချုပ်ခွင့်မရှိပေမဲ့ တရုတ်နိုင်ငံသားတွေက အလုပ်သမားတွေကို တိုက်ရိုက်အုပ်ချုပ်နေပြီး မြန်မာနိုင်ငံသားမန်နေဂျာနဲ့ စက်ရုံမှူးဆိုသူကလည်း အလုပ်သမားတွေကို ဖိနှိပ်တာ လုပ်ငန်းခွင်ထဲအခက်အခဲ တစုံတရာရှိပါက တာဝန်ယူဆောင်ရွက်ပေးတာမရှိဘဲ ဥပဒေမဲ့ ပြုလုပ်နေတာလို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားဥပဒေအရ အလုပ်သမားတိုင်းခံစားခွင့်ရှိတဲ့ ခွင့်ရက်နဲ့အလုပ်ပိတ်ရက်တွေကို ခံစားခွင့်မရဘဲ အလုပ်တရက်ပျက်ပါက ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ၁၅၀၀၀ ကျပ် စုစုပေါင်း ၂၀၈၀၀ ကျပ် ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

"ရှောင်တခင်ခွင့်ဆိုတာ ရှိတယ်လေ ဥပဒေထဲမှာ အလုပ်ထဲမှာတော့ အဖွားအသဲအသန်ဖြစ်လို့ အလုပ်တရက်ခွင့်မတိုင်မိဘဲပျက်တာကို အလုပ်ထုတ်လိုက်တယ် wcc ကလည်း အလုပ်ရှင်အလိုကျဖွဲ့ထားတာဆိုတော့ အလုပ်သမားတွေအတွက် ဘာမှကို လုပ်မပေးတာ"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ခွင့်ခံစားခွင့်နဲ့ ပိတ်ရက်ခံစားခွင့်ပေးရန်  အပြစ်မရှိဘဲ ဥပဒေမဲ့အလုပ်မထုတ်ရန် 
အချိန်ပိုခေါ်ရာမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒကိုမေးမြန်းပြီးမှ ခေါ်ရန် အချိန်ပိုမဆင်းပါက အငြိုးအတေးမထားရန် ခွဲခြားဆက်ဆံခြင်းမပြုလုပ်ရန်  နိုင်ငံခြားသားများမှ တိုက်ရိုက်အုပ်ချုပ်ခြင်းမပြုလုပ်ရန် စတာတွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026