NEWS

Tai Hong Garment စက်ရုံမှာ အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အလုပ်သမားတွေ နစ်နာနေရ

CoverLogo
911 Views

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်၊ မြေတိုင်းအမှတ်- ၄၉ လမ်း ၊ အမှတ်-ရှိ   Tai Hong Garment အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာအပြည့်မရဘဲ လုပ်အားခတွေခေါင်းပုံ ဖြတ်ခံနေရတာ၊ အထည်စံချိန်အလွန်အကျွံတောင်းခံတာ၊  အချိန်ပိုကို အလုပ်သမားသဘောဆန္ဒမေးမြန်းမှုမရှိဘဲ အတင်းအကျပ်ဆင်းခိုင်းတာတွေအပါအဝင် ဥပဒေပါခွင့်ခံစားခွင့်တွေမပေးတာ စတဲ့ချိုးဖောက်မှုတွေကျူးလွန်နေတာကြောင့် နစ်နာမှုတွေဖြစ်ပေါ်နေတယ် လို့ အလုပ်သမားတွေကပြောပါတယ်။

"ဆေးပေးခန်းမှာသူနာပြုကို ဟန်ပြသက်သက်ပဲ။ ဆေးသွားတောင်းရင် ဆေးပစ္စည်းပြည်စုံလုံလောက်စီစဉ်ပေးတာမရှိဘူး။  ကျန်းမာရေးမကောင်းလို့ ဆေးပေးခန်းကိုဆေးပစ္စည်းသွားတောင်းရင် ဆေးမရှိတာကများတယ်။ လာစစ်တဲ့အခါပဲ ဆေးပစ္စည်းအစုံထားပေးတာ။ ဓါက်ဆားထုတ်ဆိုရင် Cutting ဌာန အလုပ်သမားတွေပဲထုတ်ပေးတယ်။  ကျန်အလုပ်သမားတွေ ချွေးထွက်လွန်ပြီးခေါင်းမူးလို့တောင်းရင် မပေးဘူး။ နေ့လည်၂နာရီနောက်ပိုင်းကစပြီး ဆေးပေးတာတွေမလုပ်ရတော့ဘူး စက်ရုံဘက်က စည်းကမ်းထုတ်ထားလို့ အဲ့အချိန် ကျန်းမာရေးမကောင်းဖြစ်ရင် အလုပ်သမားတွေဒုက္ခရောက်ရတယ်။ အဲ့ဒါကြောင့်အလုပ်သမားတွေကပဲစုပြီး ဆေးတွေဝယ်ပြီး စက်လိုင်းအလိုက်ဆေးဆောင်ထားကြရတယ်" လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။  

အချိန်ပိုခေါ်ယူရာမှာ အလုပ်သမားသဘောဆန္ဒကောက်ယူတာမရှိသလို အများပြည်သူရုံးပိတ်ရက်မှာ အချိန်ပိုဆင်းနေရတာ တွေနဲ့ အချိန်ပိုမဆင်းတဲ့ စက်လိုင်းတွေအတွက် ဖယ်ရီစီစဉ်ပေးမှုမရှိတာတွေကြောင့်လည်း အခက်အခဲတွေကြုံနေရတယ်လို့ လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့အလုပ်သမားကပြောပါတယ်။ 

အထည်စံချိန်တောင်းဆိုရာမှာလည်း ကြီးကြပ်ရေးလုပ်သားတွေဖြစ်တဲ့ အောစူပါ စူပါနဲ့ လီတာတွေက အလုပ်သမားတွေကို ရိုင်းစိုင်းစွာဆဲဆိုခိုင်းစေနေတာလို့ ပြောပါတယ်။

"မကြားဝံ့မနာသာတွေပြောတာပါ အောစူပါ နဲ့ စူပါ လီတာတွေ က ညစ်ညမ်းစကားတွေနဲ့ဆဲသလို နိုင်ငံခြားသားပညာရှင်တွေကလည်း အထည်တွေနဲ့ပစ်ပေါက်ပြီး အော်ဟစ်ပြောဆိုပါတယ် ကိုယ်ဝန်ဆောင်အလုပ်သမားဆိုလဲ အများနည်းတူစံချိန်တောင်းခံရပါတယ် အလုပ်သမားတွေကလည်း ရေမသောက် အိမ်သာမသွားဘဲ ချုပ်ပေးနေတာပါ"လို့ အလုပ်သမားကပြောပါတယ်။

"အထည်တွေအော်ဒါပြီးကာနီး ပစ္စည်းတွေပျက်စီးတာ ပျောက်တာတွေရှိရင် စတိုခန်းက ကြယ်သီးတို့ လေဘယ်တို့ အဲ့လို  ပစ္စည်းတွေကို ငွေလက်ငင်းပေးပြီး ဝယ်တပ်ပေးရတာ"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်မှာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ရာမှာလည်း အီးစီ စာချုပ်အတိုင်း လုပ်ဆောင်ခြင်းမပြုဘဲ ငွေကြေးဖြတ်တောက်တာတွေ အရင်ဆုံးလုပ်ဆောင်မှုတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

"လက်တလောအခက်အခဲတွေကတေ့ာ  အလုပ်ရှင်အလုပ်သမားနှစ်ဖက်သဘောတူ EC စာချူပ် များပေးမထားတာ  အလုပ်သမားများအား ကိုယ်စားပြုတဲ့ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းမပေးတာ ၊ ကျားအိမ်သာ/ (မ)အိမ်သာခွဲခြားမပေးတာ ၊ အိမ်သာသန့်ရှင်းမှုမရှိတာ၊ ဥပဒေပါခွင့်များ ခံစားခွင့်မပေးတာ ၊ သောက်ရေစင်နဲ့ သောက်ရေသန့်ရှင်းမှုမရှိတာ  ဆေးပေးခန်းမှာ  ဆေးကို အချိန်ကန့်သက်ပြီး ဆေးပစ္စည်းလုံလောက်စွာ စီစဉ်မပေးတာ နောက်ပြီး အချိန်ပိုခေါ်ရင်  အလုပ်သမားတွေ ဆန္ဒကို ကောက်ယူတာမဟုတ်ဘဲ  ခြိမ်းခြောက် ဖိအားပေးပြီး အချိန်ပိုခေါ်တာတွေ နောက် အထည်စံချိန်မပြည့်ရင် အောစူပါ /စူပါ/လီတာမ်ားက ရိုင်းရိုင်းစိုင်းစိုင်း မကြားဝံ့မနာသာတွေ အော်ဟစ်ပြီးဆဲတာ အဲ့တာတွေအဓိကချိုးဖောက်ခံနေရပါတယ်"လို့ လုပ်ငန်းခွင်ထဲမှာအလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားကပြောဆိုပါတယ်။ 

စက်ရုံမှာအလုပ်ရှင်အလုပ်သမားနှစ်ဖက်သဘောတူ EC စာချူပ် ချုပ်ဆိုဖို့ စာအုပ်တွေကို လက်မှတ်ထိုးခိုင်းပြီး  စာချုပ်မှာလည်း အလုပ်သမား၏ အလုပ်ဌာနနဲ့   အလုပ်သမားဦးစီးရုံးမှ လက်မှတ်မပါတာ တွေ့ရတယ် လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

အဆိုပါ လုပ်ငန်းခွင်မှာ အလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေတဲ့အနက် ၅၀၀ ကျော်မှာနေ့စားအလုပ်သမားတွေဖြစ်ပြီး ဒေးကြေး ၅၀၀၀ ကျပ် အချိန်ပို တစ်နာရီ ၁၀၀၀ ကျပ်၊ စုစုပေါင်း အလုပ်ချိန် ၁၁ နာရီအတွက် ၈၀၀၀ ကျပ်သာ ပေးချေပြီး အမြဲတမ်းဝန်ထမ်းတွေနဲ့ တန်းတူခိုင်းစေတာမျိုးတွေ ကျူးလွန်နေတာတွေ ကြောင့် အလုပ်သမား အများအပြားနစ်နာနေရတယ်လို့ သိရပါတယ်။

"နေ့စားတွေဆိုရင် အလုပ်ထုတ်ချင်တဲ့အချိန်ထုတ်ပစ်ပါတယ် အလုပ်ကျတော့ နင်းကန်ခိုင်းပြီး လုပ်အားခကို မျှမျှတတ ပေးစေချင်တယ်"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားခံစားခွင့်တွေနဲ့ပတ်သက်ပါက ဥပဒေပါခွင့်များခံစားခွင့်မပေးခြင်း၊ ဖူလုံရေး ဆေးခွင့်ယူသော အလုပ်သမားများကိုလဲ  ဒေးကြေးများဖြတ်တောက်သလို  အလုပ်နေရာပြောင်းရွှေ့တာတွေပါ လုပ်ဆောင်လို့ အခက်အခဲတွေ့နေရတယ်လို့ ပြောပါတယ်။ 

"ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုလည်း ရသင့်တဲ့ဥပဒေပါခွင့်တွေ မရဘူးလို့ ပြောပါတယ်။ ဂိတ်ပက်ယူပါက တနာရီ ယူလျင် အချိန်ပိုကြေးထဲက ၂ နာရီစာ ဖြတ်တောက်ခံရသလို ခွင့်မဲ့ပြုလုပ်ခံရတာကြောင့်နစ်နာဆုံးရှုံးတာတွေရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါစက်ရုံဟာ  အလုပ်သမားလူဦးရေ ၁၀၀၀ ကျော်နဲ့   EVERLAST/ DIEM အမည်ရှိ Brand အထည်တွေကို ချုပ်လုပ်နေတယ်လို့လည်းသိရပါတယ်။  စက်ရုံ ဖွင့်သည်မှာ (၁၀)နှစ် ခန့်ရှိပြီးဖြစ်သော်လည်း စက်ရုံမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းထားပေမဲ့ လုပ်ငန်းခွင်ထဲက အငြင်းပွားမှုတွေနဲ့နစ်နာမှုတွေကို ဖြေရှင်းပေးနိုင်တာမရှိလို့ အလုပ်သမား အများအပြားနစ်နာမှုတွေနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ 


Related posts

Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ
Feb 17, 2026
Cover
Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
Feb 17, 2026
Cover
Golden & Five Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား မတရားအလုပ်ထုတ်
Feb 17, 2026
Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား ဥပဒေမဲ့ အရေးယူ
Feb 13, 2026
Cover
Victory Fishion အထည်ချုပ် အချိန်ပို တလ နာရီ ၁၀၀ ကျော် လုပ်ကိုင် ရ
Feb 13, 2026