NEWS

Sunrise Myanmar Fashion Garment မှာ အချိန်ပိုဖိအားပေးဆင်းခိုင်း၊ တိုင်ကြားသော်လည်းအရေးယူမှုမရှိဟုဆို

CoverLogo
1.3K Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် ၄ ကျောက်စိမ်းလမ်းမှာဖွင့်လှစ်ထားတဲ့ Sunrise Myanmar Fashion Garment စက်ရုံမှာ အလုပ်သမားတွေကို အသိပေးခြင်းမရှိဘဲ အချိန်ပိုဖိအားပေးဆင်းခိုင်းတာ လုပ်ငန်းခွင်အတွင်းဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ ဆောင်ရွက်ထားမှုမရှိတာတွေကို အလုပ်သမားတွေက တိုင်ကြားပေမဲ့ အရေးယူဆောင်ရွက်ပေးတာကင်းမဲ့နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အဆိုပါ စက်ရုံမှာ GLOBAL WORK, WOLLYTEC, CINEMA CLUB, HARE, LEPSIL,URBAL FUNCTION , SINCE 1930 UNITED ATHLA, FINO-OUT, LOWRYS FARM, AIRTHERMAL. WMB, HK WORKS LOND- N, GLACIER, စတဲ့အမှတ်တံဆိပ်တွေကို ချုပ်လုပ်တင်ပို့နေတာဖြစ်ပြီး အလုပ်သမား အင်အား ၁၀၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်တယ်လို့သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားပေမဲ့ လုပ်ငန်းခွင်အတွင်းက အလုပ်သမားရေးရာ အငြင်းပွားမှုတွေကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

အလုပ်ချိန်မှာ နံနက် ၈ နာရီကနေ ည ၇ နာရီ ၃၀ ထိ ( အချိန်ပို ၂ နာရီ ၃၀ ပါ) ပုံမှန်အလုပ်ချိန်ဖြစ်ပြီး ဇန်နဝါရီလထဲမှာ အထည်အရေးကြီးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ည ၉ နာရီ မှ ည ၁၂ နာရီအထိ အချိန်ပိုဆင်းရတာဖြစ်ပြီး ရက်သတ္တပတ်အလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေ ၃ ပတ်ထိ အချိန်ပိုဆင်းခဲ့ရတယ်လို့ အလုပ်သမားကပြောပါတယ်။

"မန်နေဂျာပြောတာတော့ သက်ဆိုင်ရာရုံးတွေကို အချိန်ပိုခွင့်တင်ထားတယ် ခွင့်ပြုချက်ရထားတယ်ပြောပါတယ် ရှေ့လတွေမှာလဲ ဒီတိုင်းပဲဆင်းရတာတွေရှိတယ်  အချိန်ပိုတွေကို တစ်ရုံးလုံးခေါ်တာရှိတယ်။ လူခွဲခေါ်တာရှိတယ်။ အချိန်ပိုကို အလုပ်သမားသဘောဆန္ဒတောင်းခံတာမဟုတ်ဘဲ  ခေါ်တဲ့သူ ဆင်းကိုဆင်းပေး နေရတာဖြစ်ပါတယ်။ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီကလည်း အလုပ်သမားသဘောဆန္ဒဆိုတာထက် အလုပ်ရှင်ကခိုင်းတာပြောတာကိုပဲ လုပ်ပေးနေတာဖြစ်ပါတယ် အခုဆို HR မန်နေဂျာဆိုသူက လုပ်ငန်းခွင်ထဲမှာ အကျိုးအကြောင်းပြန်ပြောတဲ့ အလုပ်သမားတွေကို အကြောင်းအမျိုးမျိုးရှာ ဖိအားပေးပြီး အလုပ်ကထုတ်တယ်။ အလုပ်ကနေ နစ်နာကြေးပေးပြီးထုတ်တာတွေလည်းရှိတယ်။ အလုပ်သမားတွေကလည်း နိုင်ငံရေးအခြေအနေ ကြောင့် ဘာမှမပြောတော့ပဲ သူတို့ပေးတဲ့နစ်နာကြေးယူပြီးထွက်ကြတယ်။ စက်ရုံက နှစ်ရုံကို တစ်ရုံ ပေါင်းမယ်လို့လဲ ကြားတယ်။ နစ်နာကြေးကို မပေးချင်းလို့ပဲလား၊ ဒါမှမဟုတ် သူတို့စက်ရုံမှာ အလုပ်သမား အငြင်းပွားဖြစ်မှာမို့လို့လားမသိဘူး သူတို့ကို ပြန်ပြီးပြောတဲ့သူဆို အလုပ်ကထုတ်တော့တာပဲ။ ကျန်တဲ့ အလုပ်သမားတွေဆိုလည်း ဖိအားအမျိုးမျိုးပေးတယ်။ ဥပမာ လုံခြုံရေး တွေကို အလုပ်သမားနားမှာ စောင့်ကြည့်ခိုင်းထားတာမျိုးလုပ်တယ်။ အလုပ်တာဝန်ကို အကြောင်းပြုပြီး ဖိအားပေးတာတွေလုပ်ပါတယ်။ နောက်ဆုံးမခံနိုင်ရင် ကိုယ့်ဘာသာ ထွက်အောင် လုပ်တယ်။ တချို့အလုပ်သမားတွေဆို သည်းမခံနိုင်တော့လို့ အလုပ်ထွက်သွားသူတွေလည်း ရှိပါတယ်။ လုပ်ငန်းခွင်ထဲမှာတော်တော်ကို ဖိအားပေးမှုတွေရှိပါတယ်။ အခုဆိုရင် စက်ပြင်ဌာနမှာဆို အလုပ်ထုတ်ခံရတာတွေရှိတယ်။ ဖိအားပေးလို့ ထွက်သွားတဲ့ အလုပ်သမား တွေလည်းရှိပါတယ်။"အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အချိန်ပိုဖိအားပေးဆင်းခိုင်းတာတွေရှိတဲ့အပြင် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ အားနည်းတာတွေရှိနေတာကြောင့် ပြုပြင်ပေးစေလိုတယ်လို့ လည်းအလုပ်သမားတွေကပြောဆိုထားပါတယ်။

"စက်ရုံက အရေပေါ်ထွက်ပေါက်မရှိဘူး။ လျှောက်လမ်းတစ်လျှောက်ကလည်း အဝတ်ပုံတွေနဲ့ ပိတ်နေတယ်။ အရေးပေါ် အချက်ပေးသံလည်းမရှိပါဘူး။ အိမ်သာတွေဆိုလည်းရှိတယ်။ မသန့်ဘူး။ အပေါ်တွေမှာဆို မိန်းခလေး၊ ယောက်ကျားလေးဆိုပြီးခွဲထားတာမရှိ ဘူး အားလုံးအတူတူအိမ်သာဝင်နေရတယ်။ ခဏခဏသတင်းတွေတက်ပေမဲ့ သက်ဆိုင်ရာရုံးတွေလာစစ်လဲ ပြောင်းလဲတာမရှိပါဘူး။ မန်နေဂျာဆိုသူကလည်း  သက်ဆိုင်ရာရုံးဘက်ဆိုင်ရာက လာတဲ့ မန်နေဂျာဖြစ်တဲ့အတွက် "တိုင်ကြားလဲအပိုပဲ ရုံးတွေက ငါတစ်ခွန်းပဲ ကြိုက်သလောက်တိုင်၊ ကြိုက်သလောက်သတင်းတင်"လို့ပြောပြီး ဖိအားပေးတာတွေလုပ်တယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ စက်ရုံတွင်းအချိန်ပိုခေါ်ရာမှာအလုပ်သမားသဘောဆန္ဒကိုတောင်းခံဖို့ လုပ်ငန်းခွင်အတွင်း ဖိအားပေးတာတွေ အလုပ်မှ ဥပဒေမဲ့ထုတ်ပယ်တာတွေ မလုပ်ဖို့နဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ ဆောင်ရွက်ထားရှိဖို့တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026