NEWS

SEN YU Garment မှာ အလုပ်ထုတ်မည်ဟုခြိမ်းခြောက်ကာ  အိုဗာတိုင် အလွန်အကျွံခေါ်ယူနေ

CoverLogo
1.3K Views

လုပ်ငန်းခွင်ထဲမှာ အော်ဒါအကြောင်းပြချက်နဲ့ အချိန်ပိုကို အောလင်း အောနိုက် (တစ်နေ့ တစ်ည တစ်မနက်) ဆင်းခိုင်းတာမျိုးတွေ မနားမနေ လုပ်နေရပြီး ငြင်းဆန်ပါက အလုပ်ထုတ်မယ်လို့  ဖိအားပေးခိုင်းစေနေတာကြောင့် အခက်ကြုံနေရတယ်လို့ SEN YU Garment  အထည်ချုပ်စက်ရုံအလုပ်သမားတွေကပြောပါတယ်။

ပုံမှန်အလုပ်ချိန်မှာ တနင်္လာနေ့မှ သောကြာနေထိကို နံနက် ၈ နာရီမှ ည ၈ ခွဲထိ ဖြစ်ပြီး စနေနေ့မှာတော့ ညနေ ၆ ခွဲထိဆင်းရတာဖြစ်ပြီး ၇ ခွဲထိ ဆင်းရတာတွေလည်းရှိတယ်လို့ သိရပါတယ်။

အလုပ်တက်ချိန်မရောက်မီ ၁၀ မိနစ် ကြိုတင်ကာအလုပ်ဆင်းရတာ အလုပ်နားချိန်မှာ အစည်းအဝေးခေါ်တာ အချိန်ပိုအိုတီကို အောနိုက် အောလင်း (တစ်နေ့တစ်ည တစ်မနက်ထိ) မနားမနေ ဆင်းရတာတွေ မကြာခဏဆင်းပေးနေရတာတွေကြောင့် ကျန်းမာရေးထိခိုက်တာတွေပါ ဖြစ်ပေါ်လာတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန် လှိုင်သာယာမြို့နယ် အလယ်ရွာထိပ် ၅၃ ကားဂိတ် ဗန်းမော်အတွင်းဝန်လမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါ အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၆၀၀ ကျော်နဲ့လည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံမှာ အခုလို အချိန်ပို အလွန်အကျွံခေါ်ယူမှုတွေပြုလုပ်နေတာဖြစ်တယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

"တချို့ရက်တွေမှာဆို ညအချိန်မတော်ထိ အိုဗာတိုင်ဆင်းရတယ် အိမ်ပြန်လို့ လမ်းမှာ စစ်တပ်က စစ်ဆေးရင် စက်ရုံကပြန်လာတာဆိုတာကို မယုံလို့ အလုပ်သမားကတ်ပြခိုင်းတယ် စက်ရုံဘက်က ကတ်ပေးထားတာမရှိဘူး အဲ့လိုအခက်အခဲတွေလည်းကြုံရတယ် တစ်လလုံးမနားမနေ ဆင်းရတာ လစာထုတ်ရက်မှာတောင် အချိန်ပိုအိုတီခေါ်လို့ ပြန်တာ နောက်ကျရင် လမ်းမှာအလုခံရသေးတယ်"လို့ အလုပ်သမားကပြောပါတယ်။

အခုလို အချိန်ပိုခေါ်တာကို အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းတာတွေမလုပ်ဘဲ ဖိအားပေးခေါ်တာ လုပ်ငန်းခွင်အတွင်းမှာ တရုတ်နိုင်ငံသားတွေက တိုက်ရိုက်အုပ်ချုပ်တာ စူပါ အောစူပါ တွေက အလုပ်သမားတွေကို ဆဲဆိုတာ ရိုင်းစိုင်းစွာပြောဆိုတာတွေလည်း ကျူးလွန်လျက်ရှိတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

တနင်္ဂနွေရက်များတွင်လည်း အချိန်ပိုအိုတီများ မဖြစ်မနေဆင်းရခြင်း၊ မဆင်းလျှင်ဖိအားပေးခံရခြင်း၊နေ့စားသမားတွေ အများအပြားခန့်ထားခြင်း ၊  ခွဲခြားဆက်ဆံခံရခြင်း၊ စူပါ၊ အောစူပါများမှ အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်၍ အချိန်ပိုအိုတီဆင်းခိုင်းခြင်း၊ otလက်မှတ်အတင်းထိုးခိုင်းခြင်း၊ အလုပ်သမားများမှာ အချိန်ပိုအိုတီမတရားဆင်းခိုင်းခြင်းကြောင့် နေထိုင်မကောင်းဖြစ်လို့ ခွင့်ယူသည်ဖြစ်စေ၊ ဂိတ်ပတ်ယူသည်ဖြစ်စေ ဒေးကြေး ၅၆၀၀ကျပ်၊ ရက်မှန်ကြေး (၁၅၀၀၀) ကျပ်ဖြတ်တောက်ခံရခြင်း၊  ဂရိတ်ကြေး A (၄၀၀၀၀)၊ B (၃၀၀၀၀)၊ C (၂၀၀၀၀)ကျပ်တို့ကို အကုန်ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားကပြောပါတယ်။

အထည် စံချိန်များတောင်းခံရာတွင် အလုပ်သမားတစ်ဦး မချုပ်လုပ်နိုင်သော စံချိန်တောင်းခံခြင်း၊ စံချိန်ကိုလည်း တစ်သတ်မှတ်ထဲ မရှိဘဲ ၊ စံချိန်တောင်းခံရာတွင် စူပါ၊ အောစူပါများမှာ အလုပ်သမားများကို ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွားပြောဆိုခြင်း၊ နိုင်ငံခြားသား တရုတ်လူမျိုးများမှလည်း တိုက်ရိုက်အုပ်ချုပ်နေခြင်း၊ ထမင်းစားဆောင်ဘေးတွင် အိမ်သာမှ အညစ်အကြေးများ လျှံကြခြင်းကြောင့် အနံ့အသက်များကြောင့်ထမင်းစား၍ မရခြင်းစတဲ့အခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

"အဓိကကတော့ အချိန်ပိုကို မနားမနေဆင်းခိုင်းတာပဲ အဲ့ကိစ္စကို သက်ဆိုင်ရာဌာနတွေက လာရောက်ပြီး စစ်ဆေးပေမဲ့ ရုံးပေါ်ပဲလာပြီးပြန်သွားကြတာ ဦးစီးမှူးတွေက အချိန်ပိုခေါ်တာတွေလည်း ဘာမှပြောင်းလဲသွားတာမရှိဘူး"လို့ အလုပ်သမားကပြောဆိုပါတယ်၊

အဆိုပါ စက်ရုံမှာ   sinsay, P&VV စတဲ့အမှတ်တံဆိပ်တွေ ချုပ်လုပ်တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့လည်းသိရပါတယ်။

"အလုပ်ဆင်းရက်ပြည့်ရဲ့သားနဲ့ ဂရိတ်ကြေးတွေမပေးဘူး Cutting အောစူပါက သူနဲ့အဆင်မပြေတဲ့သူမှန်သမျှမပေးဘူး Cutting ဝန်ထမ်းတွေကိုနေတိုင်ဆဲဆိုနေတာပြီးတော့ အိုတီမဆင်းရင် အလုပ်မလာနဲ့ဂရိတ်ကြေး မပေးဘူးဆိုပြီးခြိမ်းခြောက်ပါတယ် အိုတီမဆင်းရင် အလုပ်မှာမလိုအပ်ဘူးလို့ ခြိမ်းခြောက်တယ် အလုပ်သမားတွေကိုလည်းခွဲခြားဆက်ဆံတာမျိုးတွေလုပ်တယ်"လို့ အလုပ်သမားကပြောပါတယ်။

 

 


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026