NEWS

Prettex Myanmar စက်ရုံ တွင် ဥပဒေကိုဆန့်ကျင်ပြီး ဖိအားပေး အချိန်ပို ဆက်ခိုင်း

CoverLogo
366 Views

Prettex Myanmar စက်ရုံ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို ဆန့်ကျင်ပြီး အတင်းအကျပ် အချိန်ပို လုပ်ကိုင် ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလို အချိန်ပိုခေါ်ယူနေတာတွေကို စက်ရုံ မန်နေဂျာ ကိုယ်တိုင်က တိုက်ရိုက်ခိုင်းစေနေတာလို့ သိရပါတယ်။

“သီတင်းကျွတ် ပိတ်ရက်ကတည်းက မန်နေဂျာက အတင်းအကျပ် ခိုင်းနေတာ။ တန်ဆောင်တိုင် ပိတ်ရက် မတိုင်မီ ကတည်းက အတင်းအကျပ် အောလင်း ခေါ်ခိုင်းခဲ့တယ်။ ဒါကိုလည်း တိုင်တာပဲ။ တန်ဆောင်တိုင် ပိတ်ရက်တောင် လုပ်ခဲ့ရတယ်။ ” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

သီတင်းကျွတ် ပိတ်ရက် ပြီးကတည်းက လက်ရှိ အချိန်အထိ နားရတဲ့ ရက် မရှိသလောက် လုပ်ကိုနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဥပဒေကို ကျော်လွန် အချိန်ပိုခေါ်ယူမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အလုပ်သမားရုံးတွေကို တိုင်ကြားခဲ့ပေမဲ့ စက်ရုံဘက်က အပြောင်းအလဲ မလုပ်ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 

“အောလင်း ခေါ်လို့ မြို့နယ် အလရက လူကြီးတွေ လာစစ်တယ်။ ဘယ်လို ညှိလဲတော့ မသိဘူး။ အဲ့နေ့မှာပဲ အောလင်း အလုပ်ဆင်းခဲ့ ရတာပဲ။ အတိုင်ခံရလည်း စက်ရုံက အိုတီ ဆက်ခေါ်တာပဲ။ ည ၈နာရီအထိ  လုပ်ခိုင်း တယ်။ ည ၈ နာရီအထိဆိုအပြီး အောနိုက်လုပ်ရတဲ့ ညလည်း ရှိတယ်။ ကြိုတင် အသိပေးတာလည်း မရှိဘူး။ အောလင်း အောနိုက် ဆင်းခိုင်းလို့ စက်ရုံက ထမင်းဖိုးလည်း မပေး။ ကျွေးလည်း မကျွေး။ ကိုယ့်စရိတ်နဲ့ အချိန်ပို ဆင်းရတာ။ စူပါတွေကလဲ အရမ်းရိုင်းစိုင်းတယ်။ နိုတိုက်ကလေးအမေရှိတယ် မဆင်းဖို့ မဖြစ်တဲ့အကြောင်း ပြောလည်း နင်တို့ ပဲ ကလေးမွေးဖူးတာ မဟုတ်ဘူး။ ငါတိုလည်း မွေးဖူးတယ် ။ မဆင်းနိုင်ရင် ထွက်လိုက် ဆိုပြီး ပြောတယ် "လို့ ပြောပါတယ်။

စက်ရုံကို လာရောက် စစ်ဆေးမှုတွေ ဖြစ်ပွားပြီးနောက်ပိုင်းမှာ စက်ရုံအလုပ်သမားတွေထဲက ရွေးချယ်ပြီး တရားမဝင် အချိန်ပိုတွေ လုပ်ကိုင်ခဲ့တယ်လို့လည်း  အလုပ်သမားတွေက ပြောပါတယ်။ 

“ အချိန်ပို ခေါ်တာကိုအလုပ်သမားရုံးက မသိအောင်ဆိုပြီး  အိုတီမဆင်းရတဲ့ သူတွေ ပြန်တဲ့ချိန်မှာ စက်ရုံမီး အကုန် ပိတ်လိုက်တယ်။ ပြန်တဲ့သူ ကုန်ပြီဆိုတာနဲ့  မီးပြန်ဖွင့်ပြီး ကျန်တဲ့ အလုပ်သမားတွေကို အလုပ် လုပ်ခိုင်း  တာ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။  

၂၀၂၂ ခုနှစ်က ထုတ်ပြန်ထားတဲ့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနရဲ့ ညွှန်ကြားလွှာ မှာ တပတ် အချိန်ပို နာရီ ၂၀ ထက် ကျော်လွန်ခိုင်းစေခွင့် မပြုထားတဲ့ အပြင် အချိန်ပို ခိုင်းစေပါက တပတ်ကြိုတင် အကြောင်းကြား ခွင့်ပြုချက်ရယူဖို ပါရှိပါတယ်။ ဒါ့အပြင် အချိန်ပို ခေါ်ယူခိုင်းစေရာမှာ အလုပ်သမားတွေရဲ့ သဘောတူ လက်မှတ်ရယူဖိုလည်း ညွှန်ကြားထားပါတယ်။

Prettex Myanmar စက်ရုံမှာ  လုပ်ငန်းခွင် ညှိနှိုင်ဖြေရှင်းရေး ကော်မတီ WCC ကို ဖွဲစည်းထားပေမဲ့ အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ဝင်တွေက အချိန်ပို အလွန်အကျွံခေါ်ယူမှုအတွက် အကူအညီမပေးနိုင်ဘူးလို့ ပြောဆိုခဲ့ တယ်လို့ အလုပ်သမားတွေက က ပြောဆိုပါတယ်။ တရားမဝင် အချိန်ပိုခေါ်ယူနေတာကို တိုင်ကြားတယ်ဆိုပြီး  စက်ရုံအတွင်း ဖုန်းယူလာခွင့်မပေးဘဲ တင်းကျပ်တဲ့ စစ်ဆေးမှုတွေ ပြလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ WCC ကတော့ အိုတီခိုင်းနေတာ  အရေးကြီး လို့။ မဆင်းချင်ရင် အလုပ် ထွက်။ ဘာမှ လုပ်ပေးလိုမရဘူး ။ ငါတို့လည်း ဆင်းနေရတာလို့ ပြောတယ်။ အခု စက်ရုံ လုံခြုံရေးတွေ ဖုန်း ပါ၊မပါ စစ်တယ်။ စစ်ရင်လည်း  မဖွယ်မရာ နေရာတွေထိ စစ်တယ်။ မိသားစု တခုခု ဖြစ်ရင်ဆက်သွယ် လိုမရတဲ့ အခြေနေမျိုး။  မန်နေဂျာက တိုင်ချင်တဲ့နေရာတိုင် လို့တောင် ပြောတယ်” လို့ ပြောကြာပါတယ်။  

Prettex Myanmar စက်ရုံက ရန်ကုန်မြို ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန်မှာရှိပြီး လုပ်သား ၁၀၀၀  ဝန်းကျင် လုပ်ကိုင်နေတဲ့ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်မှု စက်ရုံဖြစ်ပါတယ်။  တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး Have a wonderful day , Chinese National Geography , reserved စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ် နေတယ်လို  အလုပ်သမားတွေက ပြောကြားထားပါတယ်။

 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026