NEWS

Prettex Myanmar စက်ရုံ EC စာချုပ် ချိုးဖောက် အလုပ်သမားများမှ အခက်အခဲတင်ပြပေမဲ့ အလုပ်ထွက်ဟု ပြောဆို

CoverLogo
663 Views

အချိန်ပို ခေါ်ယူမှုတွေကြောင့် တိုင်ကြားခံရပြီး အလုပ်ချိန်ပြောင်းလဲမှုကြောင့် Prettex Myanmar အထည်ချုပ် လုပ်သားတွေ အခက်အခဲတွေ့နေရတယ် သိရပါတယ်။

စက်ရုံဘက်က အလုပ်ချိန်မနက် ၇နာရီခွဲကနေ ညနေ ၆နာရီ အစား ညနေ ၇နာရီကို ပြောင်းလဲလိုက်တာကြောင့် အခက်အခဲ ဖြစ်ရတာကို ပြောပြပေမဲ့ အလုပ်ထွက် ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“မှော်ဘီ ၊ မင်္ဂလာဒုံ ၊ လှိုင်သာယာ က အလုပ်သမားတွေ အပြန်နောက်ကျတာကို ကြီးကြပ်ရေး(စူပါ)တွေကို ပြောပြ လည်း လက်မခံဘူး။ ရုံးပေါ်က ဆင်းဆို၊ ဆင်းလိုက် ။ မလုပ်နိုင်ရင် ထွက်လို့ ပြောတယ်” လို့ ပြောပါ တယ်။ 

လက်ရှိ လျှပ်စစ်မီးပုံမှန်မရတာ၊ စစ်မှုထမ်းဥပဒေနဲ့ လုယက်မှုတွေ စတဲ့ လုံခြုံရေး၊ လူမှုရေး ပြဿနာတွေကို အိမ် ပြန် နောက်ကျတဲ့ အလုပ်သမားတွေ ရင်ဆိုင်နေရတယ်လို့လည်း ကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ ပြောင်းလဲထားတဲ့ အလုပ်ချိန်ထဲက အချိန်ပို ၃ နာရီကို နေ့စဉ် မဖြစ်မနေ လုပ်ကိုင်ပေးနေရတာလို့ သိရပါတယ်။ 

“အချိန်ပို မဆင်းနိုင်လို့ မဆင်းပဲ ပြန်သွားရင်၊ နောက်နေ့ ပွိုင့်ကို ပြောင်းချုပ်ခိုင်းတယ်၊ ရက်ပျက်လည်း ပွိုင့်ပြောင်း ချုပ်ခိုင်း တယ်။ အချိန်ပို ခေါ်ရင် အမြဲဆင်းပေးပါတယ် ၊ တရက်တလေ ပင်ပန်းလို့ ပြန်ချင်လို့ ပြောရင် မရဘူး။ မလုပ်နိုင်ရင် ထွက်ဆိုတဲ့ စကားကို အမြဲ ပြောခံရတယ်။ မန်နေဂျာနဲ့ စူပါတွေက  ပြောတဲ့အတိုင်းပဲ လုပ်ရမယ်၊ မကျေနပ်ရင် မလုပ်နဲ့ ။ တိုင်တဲ့ ကောင်မတွေ တော်တော် အားယားနေကြတယ်။ အဲ့ပါးစပ်ပေါက်တွေကို ဆွဲဖြဲ ချင်တယ်၊ တိုင်တဲ့သူ သိလို့ကတော့ ပါးချမယ် ပြောတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ရုံအတွင်း ခြိမ်းခြောက်မှုကြောင့် ကြီးကြပ်ရေးဆိုသူတွေကို မလွန်ဆန်ရဲဘဲ လုပ်ကိုင်ပေး နေရတယ် လို့ ဆက်ပြောပါတယ်။ 

စက်ရုံမှာ EC စာချုပ်ကို လက်မှတ်ထိုး ခိုင်းပြီး ဥပဒေအရ အလုပ်သမားတွေကို စာချုပ်တခုပေးထားရမှာ ဖြစ်ပေမဲ့ အလုပ်သမားတွေမှာ အဲဒီ စာချုပ်မပေးတဲ့အပြင် စာချုပ်ပါအချက်အလက်တွေကို သိခွင့်မရဘူးလို့ ဆက်ပြော ပါတယ်။ စက်ရုံအတွင်း နေ့စားလုပ်သားတွေကို ခိုင်းစေထားပြီး လုပ်ငန်းခွင် ထိခိုက်မှုတွေ ဖြစ်ပွားနေတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

“နေ့စားဝန်ထမ်းတစ်ဦး လက်ကို စနက်ရိုက်မိတာ ဆေးခန်းတော့ပို့ပါတယ်။ ဒါပေမဲ့ နောက်နေ့ အနား မရခဲ့ဘူး။ ပတ်တီးကြီးနဲ့ မနားရဘဲ အလုပ်လုပ်ရတယ်၊ နောက်နေ့ အလုပ်မခေါ်မှာစိုးတော့ ဒဏ်ရာကြီးနဲ့ လုပ်နေရတယ်” လို့  ပြောပါတယ်။ 

ခွင့်ယူပါက နောက်ရက်တွေမှာ ကြီးကြပ်ရေးမှူးတွေရဲ့ ခေါ်ယူပြောဆိုခံရပြီး၊ ပွိုင်ပြောင်း ချုပ်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အရေးပေါ်ကိစ္စတွေကြောင့် ဂိတ်ပတ်စ်ယူပါက အကြောင်းပြချက် မခိုင်လုံလို့ ဆိုပြီး ထွက်ခွင့်မရဘဲ  HR တာဝန်ရှိသူတွေကလည်း စူပါမပေးလို့ဆိုပြီး ဂိတ်ပတ်စ်မပေးခဲ့ဘူးလို့ သိရပါတယ်။ 

အမျိုးသမီးအလုပ်သမားတွေ အသုံးပြုတဲ့ သန့်စင်ခန်း ၃ ခု လုံခြုံမှုမရှိတဲ့အပြင် ကျား၊မ ခွဲခြား မထားတွေကြောင့် စိတ်လုံခြုံမှု မရှိ ဖြစ်နေတယ်လို့ ပြောပါတယ်။ စက်ရုံလုပ်ငန်းခွင် အပူဒဏ်ကို အလုပ်သမားတွေ ခံစားနေရပေမဲ့ စက်ရုံအတွင်း လုံလောက်တဲ့ သောက်ရေ မရတဲ့နေ့တွေ ရှိနေတယ်လို့ သိရပါတယ်။ 

Prettex Myanmar စက်ရုံက သြဂုတ်လကနေ စက်တင်ဘာလ ၂၁ရက်အထိ အချိန်ပို ည ၈နာရီ၊ အေားလင်း (နောက်တနေ့ မနက် ၄ နာရီ)၊အောနိုက်(ည ၁၂ နာရီ) အထိ လုပ်ကိုင်ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါ တယ်။ အချိန်ပို လုပ်ကိုင်ခိုင်းရာမှာ ညစာကျွေးတာ၊ ထမင်းဖိုးပေးတာ မရှိတဲ့အပြင် အချိန်ပိုဆင်းတဲ့ ည ၈ နာရီ၊ မနက် ၅ နာရီ နဲ့ တနင်္ဂနွေနေ့တွေမှာလည်း  ကြိုပို့ယာဉ်တွေ စီစဥ် မပေးခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါ တယ်။ 

အချိန်ပို ခေါ် ခိုင်းစေမှုတွေကို မြို့နယ်အလုပ်သမားရုံးကို တိုင်ကြားခဲ့ပေမဲ့ အရေးယူဆောင်ရွက်ပေးတာ မရှိခဲ့ဘူး လို့ သိရပါတယ်။  

Prettex Myanmar စက်ရုံက ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိပြီး လုပ်သား ၁၀၀၀  ဝန်းကျင်လုပ်ကိုင်နေတဲ့ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်မှု စက်ရုံဖြစ်ပါတယ်။  တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး Have a wonderful day , Chinese National Geography စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့  အလုပ်သမားတွေက ပြောကြားထားပါတယ်။ 

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026