NEWS

New Plus အထည်ချုပ်စက်ရုံ အလုပ်သမားသဘော ဆန္ဒမပါဘဲ အတင်းအကြပ် ခြိမ်းခြောက် အချိန်ပိုလုပ်ခိုင်း

CoverLogo
527 Views

ရန်ကုန်မြို့၊ သာဓုကန်စက်ရုံက New Plus အထည်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ  အတင်းအကြပ် ခြိမ်းခြောက်  အချိန်ပိုလုပ်ခိုင်းနေတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအတွင်း နေ့စဉ် အချိန်ပို လုပ်ကိုင်နေရတဲ့ အပြင် တနင်္ဂနွေ ပိတ်ရက်တွေမှာပါ လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။  

“မနေ့က(ဇူလိုင် ၁၄) တနင်္ဂနွေပိတ်ရက်ကို ၄ နာရီခွဲအထိလုပ်ပေးရတယ်။ ပြီးတော့ ကိုယ့်ဆန္ဒနဲ့ ကိုယ် လုပ်ကိုင် တယ် ဆိုပြီး စာရေးမတွေက လက်မှတ်လိုက် ထိုးခိုင်းတယ်။ အလုပ်သမားတွေမှာနားချိန်နည်း၊ ပင်ပန်းတာနဲ့ ဖိအားများတော့၊ ဖျားနာတဲ့သူတွေလည်း များတယ်။  ကြိမ်းမောင်း ဆဲဆိုတာတွေ မခံနိုင်တော့ဘူး ။  မဆင်းချင် ကြဘူး။  “ လို့ အလုပ်သမားတဦးက ရှင်းပြပါတယ်။ 

အချိန်ပို မဆင်းပါကလည်း စူပါတွေရဲ့ အလုပ်သမားအားလုံးရှေ့မှာ ဆဲဆို ကြိမ်းမောင်းတာတွေကြောင့် မငြင်းဆန် ရဲဘဲ လုပ်ကိုင်ပေးနေရတယ်လို့ သိရပါတယ်။ စက်ရုံကပေးတဲ့ အထည်ဆုကြေး ခွဲဝေရာမှာ စူပါနဲ့ စက်ချုပ်  လုပ်သမားကြားက မမျှတမှုတွေက ခြိမ်းခြောက် ဖိအားပေး အချိန်ပို ခေါ်ယူမှုတွေ ဖြစ်ပေါ် စေတာလို့ အလုပ်သမားတွေက ပြောပါတယ်။

“ဆုကြေး ၄ သိန်းဆိုပါတော့၊ စူပါက ၂ သိန်း၊ ကျန်တာကို ချုပ်တဲ့ အလုပ်သမားတွေကိ ခွဲပေးတယ်။ တစ်သောင်း ၊ နှစ်သောင်းပဲရတာ၊ တအားကွာတယ်။  စူပါတွေကလည်း အဲလိုတွေရတော့၊ အလုပ်တွေ မပြီးပြီအောင် ခြိမ်းခြောက်  ဖိအားပေးတာတွေ လုပ်လာတယ် ။ ဒီအထည်တွေမပြီးရင် နင်တို့အားလုံး လျော်ရမယ်ဆိုပြီးတောင် ပြောတယ်” လို့ အလုပ်သမား တဦးက ပြောပါတယ်။

အချိန်ပို လုပ်ကိုင်ခိုင်းရာမှာ ကိုယ်ဝန်ဆောင်၊ နေမကောင်းသူတွေကိုပါ မဖြစ်မနေ တန်းတူလုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ နေ့စဉ် အချိန်ပိုလုပ်ကိုင်ရာမှာ နေ့လယ်စာ စားပြီး ကတည်းက အချိန်ပို ပြီးစီးတဲ့ ည ၈ နာရီအထိ နားချိန်မပေး ခိုင်းစေတယ်လို့ ဆိုပါတယ်။ 

“ည ၈ နာရီအထိ အချိန်ပိုခေါ်တာ နှစ်ပတ်ဝန်းကျင် ရှိပြီ။ တနင်္ဂနွေနေ့ လုပ်ခိုင်းတာက ပြီးခဲ့လထဲမှာ နှစ်ခါ။ အခုလမှာ တခါ ခေါ်တာပါ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။

ည ၇ နာရီအထိ အချိန်ပို လုပ်ထားတဲ့ အလုပ်သမားတွေကို ကြိုပို့ စီစဉ် မပေးဘဲ ည ၈ နာရီ အထိ အချိန်ပိုဆင်းတဲ့ လုပ်သမားတွေနဲ့အတူ ပြန်ပို့တာကြောင့် အလုပ်သမားတွေမှာ နားချိန် ပိုနည်း နေတယ်လို့လည်း သိရပါတယ်။ 

အချိန်ပိုလုပ်ခတွေကို  စက်ရုံဘက်က  အပိုင်း ၂ ပိုင်းခွဲပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ညနေ ၆ ခွဲအထိ လုပ်ကိုင်ထားတဲ့ အချိန်ပိုလုပ်ခ ၂ နာရီအတွက်ကို လုပ်ခလစာမှာ ပေါင်းပေးပြီး၊ ကျန်တဲ့ အချိန်ပို လုပ်ခကို တော့ သီးခြား ရှင်းပေးတယ်လည်း အလုပ်သမားတဦးက ပြောပါတယ်။

“ကျန်တဲ့ အချိန်ပို လုပ်ခကို အရင်ကတော့ ၃ ရက်နေ့ ရှင်းပေးတယ် ၊ နောက်တော့ ၄,၅,၆ ရက်တွေ ရောက်မှ ဖြစ်လာတယ်။ အခုလတော့ ၁၀ ရက်နေ့မှ ရတယ်။ အလုပ်သမားတွေ အတွက် နစ်နာတာပေါ့။ အလုပ် လုပ်ခကို လိုအပ်တဲ့ နေရာတွေမှာ သုံးခွင့်မရဘူး” လို့ ပြောပါတယ်။ 

ဒါ့အပြင် အထည်ဆုကြေးတွေကိုလည်း ပုံမှန် တနင်္လာနေ့တွေမှာ ထုတ်ပေးပေမဲ့ ၊ လက်ရှိ တပတ်အကြာမှာ ရှင်းပေးနေတယ်လို့ အသုံးစာရိတ် ခက်ခဲတာတွေနဲ့ ကြုံနေရတာလို့ အလုပ်သမားတဦးက ပြောပါတယ်။ 

“အခုလို ဖျားနာကြရင် သုံးဖို့လိုပြီ။ ပုံမှန် ဆုကြေးပေးမဲ့ ရက်က မပေးဘူး။ ဘယ်နေ့ကျမှ ပေးမယ်ဆိုတာ မသိရဘူး။ မဖြစ်မနေသုံးဖို့ဆို မရှိရင် ချေးငှားရပြီ။ တကယ်က ကိုယ့်ငွေကို မရဘူးဖြစ်နေတာ။မရှိတာမဟုတ်ဘူး” လို့  ပြောပါတယ်။ 

New Plus အထည်ချုပ်က သာဓုကန် စက်မှုဇုန် ၄၊ ကျောက်စိမ်းလမ်း၊ နွားခြံမှတ်တိုင်အနီး မှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ Myanmar Labour News က သိရှိထား ပါတယ်။ လုပ်သား ၁၀၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလည်ပတ်ပြီး LKM  တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။ 

စက်ရုံဘက် အချိန်ပိုခိုင်းစေဖို့ နည်းမျိုးစုံဆောင်ရွက်နေတဲ့ အပြင် တနင်္ဂနွေပိတ်ရက်မှာ အတင်းအကျပ် လုပ်ကိုင် ခိုင်းမှုရှိတာကို Myanmar Labour News မှာ သတင်းဖော်ပြခဲ့ပါတယ်။ 

သတင်းဖော်ပြအပြီး ဇွန် ၂၀ ရက်မှာ အလုပ်သမား တာဝန်ရှိသူတွေက စက်ရုံကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ အချိန်ပို အလွန်အကျွံခေါ်တာနဲ့ တနင်္ဂနွေပိတ်ရက် အချိန်ပို ခေါ်ယူမှုတွေက ပြောင်းလဲမှု မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အလုပ်သမားတာဝန်ရှိသူတွေက   အရေးယူဆောင်ရွက်မှု ရှိ မရှိ ဆိုတာ မသိရပါဘူး။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026