NEWS

Myanmar Zande အထည်ချုပ်စက်ရုံမှာ အချိန်ပိုအတင်းအကျပ်ခေါ်ယူနေ

CoverLogo
1.3K Views

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၂ ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်ထားတဲ့ Myanmar Zande Garment  အထည်ချုပ်စက်ရုံမှာ အချိန်ပိုတွေ အတင်းအကျပ်ခေါ်ယူနေတာရှိပြီး လုပ်ငန်းခွင်အတွင်း ရိုင်းစိုင်းစွာ ပြောဆိုပြီးအလုပ်ခိုင်းစေတာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၆၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်ကာ  LERROS အမှတ်တံဆိပ်ချုပ်လုပ်တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ သမဂ္ဂအဖွဲ့အစည်းမရှိသလို လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ လည်း မရှိတဲ့အပြင် အလုပ်လုပ်ဖို့ အတွက် အင်တာဗျူးစခေါ်ကတည်းက အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုလို့ မရကြောင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်မပြုကြောင်းနဲ့ သမဂ္ဂဖွဲ့စည်းပါကလည်း အသိအမှတ်ပြုမည်မဟုတ်ကြောင်း ကြိုတင်ပြောဆိုမှုတွေရှိတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

တစ်နေ့အလုပ်ချိန်နံနက် ၈ နာရီကနေ ညနေ ၆ ခွဲအထိ အိုတီ ၂ နာရီအပါ ပုံမှန်အလုပ်ချိန်ဖြစ်ပြီး စက်ရုံသက်တမ်းမှာ ၃ လသာရှိသေးတယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်းမှာတော့ တနင်္လာနေ့မှ သောကြာနေ့ထိကို ည ၈ နာရီ ၃၀ ထိ အလုပ်ဆင်းနေရတာဖြစ်ပြီး စနေနေ့ ကိုတော့ ညလုံးပေါက် (အောလင်း) ဆင်းနေရတာဖြစ်ပြီး အချိန်ပိုခေါ်ယူရာမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို ကောက်ယူတာမရှိသလို ငြင်းဆန်ခွင့်လည်းမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

"အချိန်ပိုခေါ်ရင် မဖြစ်မနေဆင်းရပါတယ် ကြိုပြီးမေးတာ အသိပေးတာမရှိဘဲ ခေါ်တော့ တစ်ခါတစ်လေ လူရွေးခေါ်တာရှိသလို တစ်ရုံလုံးခေါ်တာလည်းရှိတယ် ညဘက်တွေဆင်းရင် မုန့်တစ်ထုတ်ကျွေးတယ် မနက်လင်းတဲ့အထိလုပ်ရတာ ထမင်းပြန်စားဖို့ လဲ အချိန်မရှိသလို အိမ်ပြန်ချိန်လည်းမရဘူး ဗိုက်ဆာရင် အိမ်ကိုဖုန်းဆက်ပြီး ထမင်းချိုင့်လာပို့ခိုင်းရတယ် အဆင်မပြေဘူး"လို့ အလုပ်သမားကပြောဆိုပါတယ်။

အချိန်ပိုခေါ်ရာမှာ ကြိုတင်အသိပေးခြင်းမရှိသလို ငြင်းဆန်ခွင့်လည်းမရှိတာကြောင့် အခက်အခဲဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။

အထည်စံချိန်သတ်မှတ်တောင်းခံရာမှာလည်း အလုပ်သမားတွေချုပ်လုပ်နိုင်တာထက်ပိုတောင်းပြီး စံချိန်မပြည့်နိုင်မှာစိုးသဖြင့် စူပါ လီဒါတွေမှ တချိန်လုံးအော်ဟစ်ဆဲဆိုပြီး ခိုင်းစေနေတာလို့ အလုပ်သမားကပြောပါတယ်။

"အပေါ့သွားလို့တောင်မရဘူး သွားချင်လို့ ထလိုက်ရင် စူပါ လီဒါတွေက အော်ဆဲလို့ ရေလည်းမသောက်ရဘူး"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အိုတီဆင်းရမည်ဆိုပါက ကြိုတင်အသိပေးဖို့နဲ့ ချုပ်လုပ်နိုင်တဲ့စံချိန်ပမာဏကိုသာတောင်းခံဖို့ ၊ လုပ်ငန်းခွင်အတွင်း ဆဲဆိုနေတာတွေ မလုပ်ဖို့နဲ့ ရိုင်းစိုင်းစွာ ဆဲဆိုနေသူတွေကို တားမြစ်ပေးဖို့ ၊ အလုပ်သမားဥပဒေအတိုင်း ခံစားခွင့်တွေပေးဖို့ တောင်းဆိုလိုတယ်လို့ ပြောဆိုပါတယ်။

 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026