NEWS

Mayfair Myanmar အထည်ချုပ် ည ၁ နာရီအထိ အချိန်ပို ခိုင်းစေ တနင်္ဂနွေ ပိတ်ရက်ပါ ဆက်လုပ်ခိုင်း

CoverLogo
785 Views

Mayfair Myanmar အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဇွန်လထဲမှာ အချိန်ပို ညည့်နက် ၁ နာရီအထိ တပတ်ကြာ လုပ်ကိုင်ခိုင်းခဲ့ပြီး တနင်္ဂနွေနေ့ပါ ဆက်တိုက် လုပ်ကိုင်ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“အောနိုက်ပေါ့  ည ၁ နာရီအထိကို တနင်္လာနေ့ကနေ စနေ့နေ့ အထိ တပတ်လုပ်ပေးခဲ့ရတယ်။ တနင်္ဂနွေနေ့ ဆက်တိုက် လုပ်ခိုင်းလို့  ည ၇ ခွဲအထိ ဆက်လုပ်ပေးခဲ့ရတယ်။” လို့ ပြောပါတယ်။

တခါတရံ ညနက် ၁၀ နာရီအထိ အချိန်ပို လုပ်ကိုင်ပေးရပြီး အဲဒီနေ့တွေမှာ ကြိုပို့ယာဉ်တွေနဲ့ ပို့ဆောင်ပေးပေမဲ့ ညနက် ၁ နာရီ အထိလုပ်ကိုင်ရတဲ့ နေတွေမှာတော့ စက်ရုံမှာပဲ ဖြစ်သလို အိပ်ခိုင်းတယ်လို့ အမျိုးသမား အလုပ်သမားတဦးက ပြောပါတယ်။ 

“စိတ်မလုံခြုံဘူး၊ နောက် ပစ္စည်းတွေ ပျောက်တယ်။ ခိုးခံရလို့ စက်ရုံဘက်က ဖော်ထုတ်ပေးတာ၊ တာဝန်ယူ  ပေးတာ မရှိဘူး။” လို့ ပြောပါတယ်။ 

အချိန်ပို လုပ်ကိုင်ပေးခဲ့ရတဲ့ တနင်္ဂနွေနေ့ နေ့လယ်စာကို စက်ရုံက ကျွေးခဲ့ပေမဲ့ နောက်ရက်တွေမှာတော့ အစားထိုး နားရက် မပေးခဲ့ဘူးလို့ သိရပါတယ်။ ဇွန်လအတွင်းက စနေနေ့ ၂ ရက်ကို ည ၆ နာရီခွဲအထိ လုပ်ကိုင်ခိုင်းခဲ့ပြီး ကျန်စနေနေ့  ၂ ရက်ကတော့ ည ၁ နာရီအထိ လုပ်ကိုင်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အချိန်ပိုကို အလုပ်ချိန်  ၇ နာရီ ဆက်တိုက်လုပ်ခဲ့ရတာပါ။ နေ့လယ် ထမင်းစားချိန် ၁၂ ခွဲကတည်းက နားချိန် မရဘဲ လုပ်ခဲ့ရတာ။ ဆာတာပေါ့” လို့ ပြောပါတယ်။ 

လုပ်အားခ ဒေးကြေး ၆၈၀၀ လို့ သတ်မှတ်ထားပေမဲ့ အချိန်ပိုလုပ်ခကို တနာရီကို ၁၄၀၀ နဲ့ပဲ စက်ရုံက ရှင်းပေး  တယ်လို့လည်း သိရပါတယ်။ အချိန်ပို ဆက်တိုက်ဆင်းရလို့ မူးတာ၊ လေ့အောင်တာတွေရှိပေမဲ့ စက်ရုံဆေးခန်းက ဆေးမပေးဘဲ  ဆေးမရှိဘူး ဆိုပြီး  ပြောဆိုတာတွေရှိတယ်လို့ အလုပ်သမား တဦးက ပြောပါတယ်။ 

“ဆေးခန်းက ဆေးမရှိဘူးပဲ ပြောနေတာ။ မူးတာသက်သာအောင် ဓါတ်ဆားတောင်းလဲ ရှိလည်း မရှိဘူးပြောတယ်။ ငိုက်ပြီး လက်အပ်စိုက်မိတာလည်း ဆေးမရှိဘူးဘဲ ပြောတယ်။ ခေါင်းကပ် ပလာစတာတွေလည်း အဲလိုပဲ ရှိလည်း မရှိဘူး။ မရှိလည်း မရှိဘူး ။ အဲလိုပဲ ပြောတယ်။” လို့ ပြောပါတယ်။

အလုပ်သမားဥပဒေမှာ အလုပ်သမားတွေ ခံစားခွင့်ရှိတဲ့ ဥပဒေပါ ခွင့်တွေကို စက်ရုံတာဝန်ရှိက မပေးဘဲ ရက်ပျက် ဆိုပြီး ရပိုင်ခွင့်နဲ့ ဒေကြေး ဖြတ်တောက်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လုပ်သက်ခွင့် ၁၀ရက် အတွက် နှစ်ကြေး ကိုလည်း ရှင်းပေးတာမရှိဘူးလို့ အလုပ်သမားတဦးက ပြောပါတယ်။

“ဆေးခွင့်(လူမှုဖူလုံရေးခွင့်) ကလွဲလို့ ဘာခွင့်မှမရတာ။ ဘယ်လို အကြောင်းကြားထား ဒေးကြေး၊ အထည်ကြေး ရက်မှန်ကြေး အကုန်ဖြတ်တာပဲ။ တရက်ပျက်ရင် ဒေးကြေး နှစ်ရက်စာ အဖြတ်ခံရတယ်။ တနှစ်ပြည့်တဲ့ အလုပ်သမားက နှစ်ကြေးရဖို့ ၄ လလောက်စောင့်ရတယ်။ ဒီကြားမှာ အလုပ်ထွက်ရင် စက်ရုံမပေးတော့ဘူး။ “ လို့ ပြောပါတယ်။ 

Mayfair (Myanmar) Industry Co.,Ltd အထည်ချုပ်စက်ရုံကတော့ ဒဂုံမြိုသစ်(ဆိပ်ကမ်း) မြိုန့ယ် ၊စက်မှုဇုန် ၂၊ မက္ခရာ မင်းသားကြီးလမ်းမှာရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိထားရပါတယ်။ စက်ရုံဝန်းအတွင်းက စက်ရုံ ၃ ရုံမှာ စက်လိုင်း ၂၁ လိုင်းရှိပြီး လုပ်သား ၁၅၀၀ ဝန်းကျင်က DEFACTO အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ် နေတယ် လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026