NEWS

Mai Yi Bei (Yangon)Garment Manufacturing Co, Ltd တွင် အချိန်ပိုနာရီတစ်ချို့ကို အခကြေးငွေမပေးဘဲ ခိုင်းစေသလို အချိန်ပိုကြေးကို ကျပ် (၁၄၀၀) နဲ့သာ တွက်ချက်ပေးချေနေ

CoverLogo
638 Views

တရုတ်နိုင်ငံသားပိုင် ခေါင်သုံးလုံး အထည်ချုပ်စက်ရုံ (ခေါ်) Mai Yi Bei (Yangon)Garment Manufacturing Co, Ltdမှာ အချိန်ပိုနာရီတစ်ချို့ကို အခကြေးငွေမပေးဘဲ ခိုင်းစေတာတွေအပြင် မဖြစ်မနေ အချိန်ပိုကြေးပေးချေဖို့ တွက်ချက်ရာမှာလည်း  ကျပ်(၁၄၀၀) သာပေးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကိုတော့ ရန်ကုန်တိုင်းဒေကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်းမှာ ဖွင့်လှစ်ထား တာဖြစ်ပြီး လုပ်သားအင်အားတစ်ထောင်ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

စက်ရုံမှာတော့ mister lady , clevercare.info , ALCOTT , ORIGINAL MARINES စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာ ဖြစ်ပါတယ်။

“ပုံမှန်အလုပ်ချိန်ကတော့ မနက်(၈)နာရီကနေ ညနေ(၆)ခွဲအထိပါပဲ။ ပုံမှန်အချိန်ပိုကတော့ (၂) နာရီပါပဲ။ ဒါပေမယ့် အခုဖြစ်နေတာက တစ်ရုံလုံးဖြစ်ဖြစ်၊ လူရွေးပြီးတော့ဖြစ်ဖြစ် ည(၁၂)နာရီလောက်ထိဖြစ်ဖြစ်၊ မိုးလင်းထိဖြစ်ဖြစ် ဆင်းရပါတယ်။လိုင်းအလိုက်၊ ဆက်ရှင်အလိုက်တော့ မတူကြပါဘူး။ အခုက အချိန်ပိုတွေကို အလုပ်သမားတွေကို ပြောတာထက် ပိုဆင်းပေးနေရပါတယ်။ တစ်ချို့အချိန်ပိုတွေက အချိန်ပိုကြေး မရပါဘူး။ ည (၈) နာရီတို့၊ ည (၁၀) နာရီတို့ထိ ဆင်းပေးရတဲ့သူတွေက ကိုယ့်လိုင်းမှာ အထည်မရရင် နောက်နေ့မီအောင် အချိန်ပိုအလကား ဆင်းပေးရတာက များပါတယ်။ ည (၁၂) နာရီထိ ဆင်းရမှ (၇၀၀၀)နဲ့ ထမင်းဖိုး (၂၀၀၀) ပေးပါတယ်။ အချိန်ပိုတွေ ခေါ်နေတာ တော်တော်ကြာပါပြီ။ အချိန်ပိုကြေးကိုလည်း တစ်နာရီကို (၁၄၀၀) ပဲ တွက်ပေးပါတယ်။ စနေနေ့တွေ ဆိုလည်း အောလင်းခေါ်ပါတယ်။ တနင်္ဂနွေနေ့ပိတ်ရက်တွေလည်း ဆင်းရတဲ့နေ့တွေ ရှိပါတယ်။ ကြာလာတော့ ကျန်းမာရေး ထိခိုက်တာတွေပါ ရှိလာပါတယ် ”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံမှာ ဒေးကြေး (၆၈၀၀)ကျပ်၊ အပိုထောက်ပံကြေး (၁၀၀၀) ကျပ်၊ ရက်မှန်ကြေး (၄၀၀၀၀) ကျပ်၊ အထည်ကြေး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ ရက်မှန်ကြေးကို အပတ်အလိုက် တွက်ချက်ပေးနေပြီး တစ်ပတ်အတွင်း အလုပ်ဝင်ချိန် အနည်းငယ်နောက်ကျတာ၊ အလုပ်ပျက်ကွက်တာ၊ ဂိတ်ပတ်ယူတာ၊ စက်ရုံ ဘက်က ပြောတဲ့ အလုပ်ချိန်အတိုင်း မဆင်းတာတွေ ရှိမယ်ဆိုရင် ရက်မှန်ကြေး ဖြတ်တောက်ခံရတာ ဖြစ်ပါတယ်။

“ရက်အတိအကျတော့ မမှတ်မိတော့ဘူး။ သီတင်းကျွတ်ပြီးမှ ဖြစ်တာပါ။ စက်ရုံမှာ အချိန်ပိုညပိုင်းခေါ်တုန်း စစ်သားတွေ စက်ရုံထဲ လာစစ်တယ်။ အဲဒီတုန်းကလည်း အလုပ်သမားတွေအားလုံး ပြေးပုန်းခဲ့ရတယ်။ နောက်အချိန်ပိုဆင်းလို့ ပြန်နဲ့အခါမျိုးလည်း လမ်းမှာစစ်သားတွေ မေးမြန်းတာခံရတဲ့ အလုပ်သမားတွေလည်း ရှိပါတယ်။ အထည်စံချိန်တောင်းရင်လည်း အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက် ပိုတောင်းပါတယ်။ သတ်မှတ်စံချိန်ကို မပေးနိုင်ရင် လိုင်းတာဝန်ခံတွေက ဆဲပါတယ်။အလုပ်ထဲမှာလည်း အထည်မှားတာဖြစ်ဖြစ်၊ ပဲကျတာပဲဖြစ်ဖြစ် တစ်ခုခုဆိုတာနဲ့ ဝမ်တိမ် ထိုးခိုင်း ပါတယ်။ နောက်စက်ရုံမှာ ဆေးပေးခန်းနဲ့ သူနာပြုရှိပေမယ့် ဘာဖြစ်ဖြစ် ပါရာစီတမောကလွဲပြီး ဘာမှမရပါဘူး။ အိမ်သာတွေကလည်း အလုံးရေများပေမယ့် ပျက်စီးနေတာက များပါတယ်။ သန့်ရှင်းပေးတာ မရှိပါဘူး”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အသက်မပြည့်သေးတဲ့ လုပ်သားတွေကိုလည်း အသုံးပြုနေပါတယ်။ ဒါ့အပြင် အော်တစ် လာစစ်မယ့်နေ့တွေမှာ  အရွယ်မရောက်သေးတဲ့ လုပ်သား တွေကို ပုန်းခိုင်းတာနဲ့ အလုပ်မလာခိုင်းတာတွေလည်း ရှိနေပါတယ်။ 

စက်ရုံမှာ နေ့စားအလုပ်သမားတွေလည်း ခန့်ထားပြီး ဥပဒေနဲ့အညီ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်တာလည်း မရှိဘူးလို့ သိရပါတယ်။ 

လက်ရှိမှာ စက်ရုံအလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။

စက်ရုံက အလုပ်သမားတွေအနေနဲ့ အချိန်ပိုလုပ်ကိုင်ရမည်ဆိုပါက ကြိုတင်ခွင့်ယူချက် သဘောတူချက်ယူရေး၊ မည့်သည့်အကြောင်းနဲ့မဆို အချိန်ပိုလုပ်ကိုင်ရပါက အချိန်ပိုကြေးပေးရေးနဲ့ အလုပ်သမားတွေ သွားလာရေး အဆင်ပြေအောင် ဆောင်ရွက်ပေးရေး။ အချိန်ပိုကြေးကို (၇၈၀၀) ကျပ်အပေါ် အခြေခံတွက်ချက်ပေးရေး၊ အထည်စံချိန်တွေကို ဖိအားပေးမတောင်းခံဖို့နဲ့ ဆဲဆိုတာတွေ မလုပ်ရေး၊ ဆဲဆိုသူတွေကို EC စာချုပ် စည်းမျဉ်းအတိုင်း စက်ရုံဘက်က အရေးယူဆောင်ရွက်‌ရေး၊ အိမ်သာတွေကို ပြန်လည်ပြင်ဆင်ပေးဖို့နဲ့ သန့်ရှင်းရေး လုပ်ပေးရေး၊ ဆေးပေးခန်းမှာ ဆရာဝန်နဲ့ဆေး ပြည့်စုံစွာ ထားပေးရေးအပါအဝင် ရက်မှန်ကြေး (၄၀၀၀၀) ကျပ်ကို နောက်ကျတာ၊ ဂိတ်ပတ်နဲ့ ထွက်တာ၊ ခွင့်ယူတာနဲ့ အလုပ်ချိန် (၈) နာရီအပြည့် ဆင်းပေးသူတွေကို မဖြတ်တောက်ရေး စတာတွေကို ဖြေရှင်းပေးဖို့ လိုလားနေတာ ဖြစ်ပါတယ်။


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026