NEWS

Lian Fa (Myanmar) အထည်ချုပ်စက်ရုံ ဝန်ကြီးဌာနသတ်မှတ်သည့် ထောက်ပံ့ကြေး မပေး

CoverLogo
805 Views

Lian Fa (လျွှံဖ) (Myanmar) Company ပိုင် အထည်ချုပ် စက်ရုံက ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို လုပ်ခလစာ ထဲ ထည့်ရှင်းမပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီကျပ် ၁၀၀၀ ကို ဩဂုတ်လ  ၁ရက်နေ့က စတင် တွက်ချက်ပြီး လုပ်ခလစာ ထည့်သွင်း ပေးဖို့ ဝန်ကြီးဌာနက ကြေညာ ညွှန်ကြားထားတာပါ။  

“စက်ရုံက စက်တင်ဘာ ၅ ရက်မှာ လုပ်ခလစာရှင်းတော့ ၅၈၀၀ နဲ့ပဲ ရှင်းပေးထားတယ်။ ဝန်ကြီးဌာနရဲ့ ကြေညာ ချက်အတိုင်းဆို တရက် ၆၈၀၀ နဲ့ လစာရှင်းပေးရမှာပါ။ စက်ရုံက ပိတ်ရက်အတွက်လည်း ထောက်ပံ့ ကြေးတွေ မပေးပါဘူး” လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။

အရင် ရရှိနေတဲ့ တောက်ပံ့ကြေး ကျပ်တထောင်ကိုလည်း တနင်္ဂနွေလို ရက်သတ္တပတ်ပိတ်ရက်တွေအတွက် လစာထဲ ထည့်ရှင်းမပေးခဲ့တာကြောင့် စက်ရုံအလုပ်သမားတွေမှာ  လတလအတွက် တောက်ပံ့ကြေး ကျပ် ၂၆၀၀၀ သာရရှိတယ်လို့ ဆက်ပြောပါတယ်။

“အရင်တခါ ကျပ်တထောင်တိုးပေးကတည်းက ၊ တနင်္ဂနွေပိတ်ရက်တွေအတွက် မပေးခဲ့ဘူး။ အခုလတော့ လွန်တယ်။ ဩဂုတ်လ တလလုံးစာကို ထောက်ပံကြေး ထည့်မပေးတာပါ” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

ထောက်ပံ့ကြေး တလစာအတွက် ငွေကျပ် ၃၀၀၀၀ ဟာ  ဆန် ၆ ပြည်ခန့် ဝယ်စားနိုင်ပြီး အဲ့ဒီ ပမာဏက တပတ်စာ ဆန်ဝယ်ယူနိုင်တယ်လို့ အဲ့ဒီ အလုပ်သမားက ပြောပါတယ်။ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတာက  ဥပဒေကို မလေးစားတာလို့ အလုပ်သမားအရေးဆောင်ရွက်သူ တဦးက ပြောပါတယ်။

“ ၂၀၂၃ နှစ်ကုန်နဲ့ အခုတကြိမ် ကျပ်တထောင် စီတိုးပေးထားတော့ တနင်္ဂနွေနေ့အတွက်ရော ခွင့်ရက်တွေ အတွက်ပါ ပေးရမယ်လို့ ရည်ညွှန်းထားတယ်။ ဒါပေမဲ့ ဒီစက်ရုံကမပေးဘူး။ ပြောရမယ်ဆိုရင် မြို့နယ် အလုပ်သမား ဦးစီးဌာနက ဒါတွေကို စိစစ်သင့်တယ်။ ရှေ့ တခါတုန်းကလည်း ဒီလို လကျော်မှရတာ တွေ ရှိခဲ့တယ်။ စက်ရုံတွေ အလုပ်ရှင်တွေက ဥပဒေတွေ၊ ညွှန်ကြားချက်တွေကို မလေးစားဘူး ဆိုတာမျိုး ဖြစ်နေတယ်။” လို့ ပြောပါတယ်။

Lian Fa (Myanmar) Company အထည်ချုပ် စက်ရုံ အချိန်ပို နေ့စဉ် ၄ နာရီလုပ်ကိုင်ရပြီး အလုပ်ဆင်းချိန် ည ၈ နာရီ အထိ နေ့လယ်အနားပေးချိန်အပြီးကတည်းက ဆက်တိုက်လုပ်ကိုင်ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံအတွင်း ဆေးခန်း၊ သူနာပြု နဲ့ ဆေးပစ္စည်း မရှိဘဲ ထိခိုက်ဒဏ်ရာရရှိပါက ဆေးပစ္စည်း တွေကို အလုပ်သမားတွေကိုယ်တိုင် ဝယ်ယူရတယ်လို့လည်း သိရပါတယ်။ 

“သောက်ဆေး၊ဆေးပစ္စည်းတွေက စက်ရုံထဲက အလုပ်သမားတချို့က ရောင်းပေးတယ်၊ စက်ရုံမှာတော့ အရက်ပျံ တောင်မရှိပါဘူး။ ကိုယ်ဖြစ်ကိုယ်ဘာသာ ဝယ်ကု ပါပဲ။ နေ့လည်စာ စားပြီး ၁၂ ကတည်းကနေ ည ၈ နာရီအထိ ဆက်တိုက် နားချိန်မရှိလုပ်တယ်။ ဒါတင်မကဘူး စနေနေ့ဆို ၆ ခွဲ အထိ လိုအပ် ထပ်ဆင်းရသေးတယ်။ ဒီနေ့ (စက်တင်ဘာ ၁၁)ဆိုရင် အောနိုက် ဆင်းရမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စက်ရုံဘက်က စနေနေ့အတွက် ခွင့်ယူပါက တနင်္ဂနွေနေ့အတွက်ပါ လုပ်ခလစာ နှစ်ရက် ဖြတ်တောက် တယ်လို့လည်း အလုပ်သမားတွေက ပြောဆိုပါတယ်။ ဒီလို ခေါ်ယူတာက အခြေခံအကြောင်းအရာကိုတွေကို စိစစ်ဖို့ လိုအပ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူက အခုလို ပြောပါတယ်။

“ တပတ် အလုပ်ချိန် ၄၄ နာရီပြည့်ရင် တနင်္ဂနွေနေ့အတွက် လုပ်ခလစာ ပေးရမယ်ဆိုတာ ဥပဒေမှာ အဲလိုတော့ ပြောထားတယ်။ နောက် စနေနေ့မှာ  ခွင့်တိုင်ပြီး ပျက်တာလား၊ ခွင့်မဲ့ ပျက်တာလား၊ လစာမဲ့နဲ့ ပျက်တာလား ဆိုတာတွေ ပြန်ကြည့်ဖို့တော့လိုတယ်။ ဒါပေမဲ့ ခွင့်လည်းတိုင်ရဲ့ သားနဲ့ တနင်္ဂနွေရက်အတွက် လုပ်ခကို ဖြတ်တယ်  ဆိုရင်တော့ ဥပဒေကို ချိုးဖောက်တာပါ” လို့ အလုပ်သမားအရေးလှုပ်ရှားသူ တဦးက ပြောဆိုထားပါတယ်။ 

Lian Fa ( myanmar) Company အထည်ချုပ် စက်ရုံကတော့ ရန်ကုန်မြို့ ၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊  မင်းဧရာလမ်း ၊ ရွှေသံလွင်စက်မှုဇုန် မှာ ရှိပြီး လုပ်သား  ၃၀၀ ဝန်းကျင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ စက်ရုံအတွင်း WCC အဖွဲ့ကို ဖွဲ့စည်းထားပေမဲ့ အလုပ်သမားကိုယ်စားလှယ်တွေမပါဝင်သလို သမဂ္ဂ ဖွဲ့စည်း ထားခြင်း မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံကိုတော့ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုနဲ့ တည်ထောင်တယ်လို့ DICA ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026