NEWS

Li DA အထည်ချုပ်အလုပ်သမားများ ၆ နာရီ ဆက် နားချိန်မရှိ လုပ်ကိုင်နေရ၊ နေ့စဉ် အချိန်ပို လုပ်ကိုင်ခိုင်းလို့ ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နေ

CoverLogo
513 Views
တရုတ်နိုင်ငံသားပိုင် ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ဥဿဖရားလမ်းက Li Da အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အချိန်ပိုနေ့စဉ် လုပ်ကိုင်ရပြီး ၆ နာရီဆက် နားချိန်မရဘဲ လုပ်ကိုင်နေရတာကြောင့် ကျန်းမာရေး လူမှုရေးပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“နေ့လယ်စာ စားပြီး ၁၂ နာရီခွဲကနေ ညနေ ၆ ခွဲ အထိ နားချိန်လုံးဝ မပေးဘူး။ ဆက်တိုက်လုပ်ရတယ်"လို့ အလုပ်သမားတဦးက ပြောပါတယ်။
ဒါ့အပြင် အချိန်ပို ညနေ ၈ နာရီခွဲ အချိန်အထိ လုပ်ကိုင်ရတဲ့ ရက်တွေမှာလည်း အလုပ်သမားတွေကို စက်ရုံတာဝန်ရှိသူတွေက ပေါင်မုန့်တလုံးကျွေးပြီး နားချိန်မပေးဘဲ လုပ်ကိုင်ခိုင်းခဲ့ရတယ်လို့ အလုပ်သမားတွေက ဆက်ပြောပါတယ်။
“ပေါင်မုန့်ကျွေးတယ်၊ စားပြီးချက်ချင်းလုပ်ရတယ်၊ အပြင်ထွက်နားရတာမျိုးမဟုတ်ပါဘူး။ စက်ရုံ အလုပ်သမားတွေ ပင်းပန်းကြပါတယ်” လို့ ပြောပါတယ်။
 
စက်ရုံ အလုပ်ချိန်က မနက် ၈ နာရီကနေ ညနေ ၆ နာရီခွဲ(အချိန်ပိုပါ) အထိ ဖြစ်တယ်လို့ သိရပါတယ်။ နေ့လယ် ၁၂ နာရီမှာ နေ့လယ်စာ စားချိန်နားပြီး ၁၂ နာရီခွဲကနေ အချိန်ပိုပြီးတဲ့ နားချိန်မရဘဲ ဆက်တိုက်လုပ်ကိုင်နေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
နေ့စဉ် အချိန်ပိုဆင်းနေရတာကြောင့် ကောင်းမွန်စွာစားသောက်ရတာမျိုးမရှိဘဲ ကျန်းမာရေး ပြဿနာတွေပါ ရင်ဆိုင်ရလို့ ဂိတ်ပတ်စ် ယူ ဆေးခန်းသွားရတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ တချို့ အလုပ်သမားတွေက လှိုင်သာယာကနေ လာဆင်းကြတယ်။ စက်ရုံက ၈ ခွဲ လွှတ်ရင်၊ သူတို့ အိမ်ကို ၉နာရီခွဲ ၁၀နာရီမှ ရောက်တယ်။ အချိန်မရတော့ ခေါက်ဆွဲပြုတ်စား၊ လွယ်တာစားဆိုတော့ ကောင်းကောင်း မွန်မွန်မစားရဘူးပေါ့။ စက်ရုံက အလုပ်သမားတွေက မနက်ဆို ခေါင်းကပ်ပလာစတာတွေနဲ့။ တချို့ဆို နေမကောင်းလို့ ဂိတ်ပတ်စ်နဲ့ပြန်ကြတယ်၊ ပြန်တဲ့သူတွေများတော့ ဂိတ်ပတ်မပေးတော့ဘူးလို့ ပြောနေတယ်။
 
စက်ရုံ အလုပ်သမားတွေ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရပေမဲ့ လုပ်ငန်းခွင်ထဲမှာ ဆေးခန်းနဲ့ သူနာပြုတွေလည်း မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ Li Da အထည်ချုပ်စက်ရုံရဲ့ အချိန်ပိုခေါ်ယူမှုတွေမှာ အလုပ်သမားက ငြင်းဆန်တာတွေရှိပေမဲ့ ဝန်ထမ်းတချို့က အတင်းအကျပ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
“စူပါတွေက သဘောအတိုင်း အချိန်ပို လက်မှတ်ထိုးတာတွေ ရှိတယ်။ အချိန်ပို မလုပ်ချင်လို့ အလုပ်သမားတွေက ငြင်းကြတယ်။ စူပါတွေကလည်း လက်မှတ်မထိုးမချင်း ဘေးကမသွားဘူး၊ အတင်းထိုးခိုင်းတာ။ အလုပ်သမားရဲ့ သဘောဆန္ဒ မပါဘဲ သူတို့ သဘောအတိုင်း လက်မှတ်ထိုးတာတွေလည်း ရှိတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အချိန်ပိုလုပ်ကိုင်နေရတာ သင်္ကြန်ပြီးကတည်းက ဖြစ်ပြီး ညနေ ၆ ခွဲနဲ့ ည ၈ ခွဲ တပတ်ခြားစီ လုပ်ကိုင်ခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိ အချိန်ပို ညပိုင်း ၇ ခွဲအထိ တလ လုပ်ကိုင်ဖို့ စက်ရုံဘက်က ပြောဆိုထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
Li Da အထည်ချုပ်စက်ရုံမှာ စက်လိုင်း ၆ လိုင်း ဝန်းကျင်နဲ့ အလုပ်သမား ၂၅၀ ဝန်းကျင် လုပ်ကိုင်နေပြီး လက်ရှိ ဘောင်းဘီတွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ရက်ပျက်လို့ဆိုပြီး စူပါ (ကြီးကြပ်ရေး) ရာထူးကနေ လီဒါ (ခေါင်းဆောင်) နေရာကို ရာထူးချပြောင်းရွှေ့ခိုင်းလို့ Li Da အထည်ချုပ်စက်ရုံက အလုပ်သမား ၂၉ ယောက် တပြိုင်နက် အလုပ်ထွက်ခဲ့တဲ့ သတင်းကို Myanmar Labour News မှာ ဖော်ပြခဲ့ဖူးပေမဲ့ အဲဒီတုန်းက လုပ်ငန်းခွင်လိုအပ်ချက်တွေကလည်း အခုချိန်ထိ ပြောင်းလဲတာတွေ မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026