NEWS

KFINE INTERNATIONAL GARMENT မှာ အချိန်ပိုအလွန်အကျွံမခေါ်ဖို့ အလုပ်သမားတွေတောင်းဆို

CoverLogo
2.1K Views

ပဲခူးမြို့နယ် အရှေ့ပိုင်း ဝိုင်းကျေးရွာ ကွင်းအမှတ် (၆၅၂-ဂ)မှာဖွင့်လှစ်ထားတဲ့  KFINE INTERNATIONAL GARMENT  အထည်ချုပ်စက်ရုံမှာ အထည်ချုပ်အလုပ်သမားတွေဟာ မနက်ခင်း  ၇ နာရီ ၃၀ မိနစ်ကနေ ည ၁၀ နာရီ ၃၀ မိနစ် အချိန်ထိ တစ်ရက်ကို ၁၅ နာရီ အလုပ်ဆင်းနေရပြီး  ပိတ်ရက်မရှိဘဲ လုပ်ကိုင်နေရလို့ အိုတီအလွန်အကျွံမခေါ်ဖို့ တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။  

"ည ၁၀ နာရီ ၃၀ ထိ အချိန်ပိုဆင်းရတာ ဖယ်ရီက လမ်းတစ်ဝက်ပဲပေးတော့အဆင်မပြေဘူး ဆင်းရတာ ၂ လလောက်ရှိပြီဆိုတော့ လူတွေက ၁ ရက်မှ မနားရသေးဘူး တနင်္ဂနွေ ဆိုလဲ ည ၁၀ ခွဲပဲ အရင်က စနေနေ့ဆို နောက်နေ့မနက် ၆ နာရီထိဆင်းရတယ်"လို့ အဲ့ဒီစက်ရုံက အမည်မဖော်လိုတဲ့အလုပ်သမားကပြောဆိုပါတယ်။

စက်ရုံက ဂျာမန်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်ပြီး နိုင်ငံတကာအမှတ်တံဆိပ်ဖြစ်တဲ့ RESERVED အမှတ်တံဆိပ် ဝယ်လွန်သား ကိုရီးယားစတိုင်အနွေးထည်တွေ ချုပ်လုပ်နေရတာလို့ အလုပ်သမားတွေထံကသိရပါတယ်။

အခုလိုအများပြည်သူရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ တနင်္ဂနွေနေ့တွေပါ ည ၁၀ ခွဲထိ အချိန်ပိုခေါ်နေတာဖြစ်ပြီး အခုလိုဆက်တိုက်ဆင်းရတာက ၂ ပတ်ဆက်တိုက်ရှိနေပြီလို့ အလုပ်သမားကပြောပါတယ်။

အထည်ချုပ်အလုပ်သမားတွေအနေနဲ့  နားရက်မရှိဘဲ တစ်ရက်လျင်  ၁၅ နာရီခန့် အလုပ်ဆင်းနေရတာဟာ ကျန်းမာရေးထိခိုက်မှုတွေရှိနေပြီး အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"အိုတီကြေးကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး ၁၄၀၀ ပေးမယ်တဲ့ အရင်က ၁၂၀၀ ပါ ၊ ထမင်းကျွေးတာ ဘာမှမရှိဘူး လူမှုဖူလုံရေးခံစားခွင့်တွေလည်း မရရှိဘူး အိုတီကြေးရတယ်ဆိုပေမယ့် ခံနိုင်ရည်မရှိတော့ဘူး "လို့ လည်း အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အချိန်ပိုအိုတီကို တစ်ရက်ကျော်ဖြစ်‌စေ နှစ်ရက်ကျော်ဖြစ်စေ သတ်မှတ်ပေးစေချင်တယ်လို့ လည်း ဆိုပါတယ်။

"ခုလိုမျိုး နေ့တိုင်းကြီးကျတော့ ခံနိုင်ရည်မရှိတော့ဘူး စံချိန်ကျတော့လဲ ဌာနကလာစစ်တော့ စံချိန်သတ်မှတ်ထားတာ ၂၀ လို့ပြောတယ် တကယ်ချုပ်ရတာက ၆၀ ပါ မတရားတောင်းတာပါ။ စက်လိုင်းတစ်လိုင်းကို အယောက် ၇၀ ကျော်ရှိပါတယ် တစ်ပွိုင့်ကို အကြိမ်ရေ ၆၀ ချုပ်ရတာပါ၊ ကျန်းမာရေးထိတာတွေ မူးလဲတာ ဖျားတာတွေဖြစ်ရင် ရက်ပျက်အနေနဲ့ ရက်မှန်ကြေးတွေ ပြုတ်တယ် ကျွမ်းကျင်ကြေးတွေ ဖြတ်တယ် ပျက်လို့ ရှိရင် အနည်းဆုံး ၆၀၀၀၀ လောက် ပြုတ်သွားတယ်"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတစ်ဦးအနေနဲ့ တစ်နာရီလျင် ပွိုင့် ၅၈ - ၆၀ ခန့်ချုပ်လုပ်နေရပြီး စက်လိုင်းတစ်လိုင်းလျင် တစ်နာရီကို အထည် ၆၀ နှုန်း ချုပ်လုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

အခုလို ထမင်းစားချိန်ကလွဲပြီး စက္ကန့်မလပ် ချုပ်လုပ်နေရတဲ့ အထည်ချုပ်လုပ်သားတစ်ဦးရဲ့ လစာက တစ်ရက်ကို ၄၈၀၀ ကျပ်နဲ့ အိုတီတစ်နာရီကို ၁၂၀၀ ကျပ်ဖြစ်ပါတယ်။ ရက်မှန်ကြေး ကျွမ်းကျင်ကြေးတွေနဲ့ ပေါင်းလိုက်မယ်ဆိုပါက မြန်မာငွေ  ၂ သိန်းကျော် ၃ သိန်းဝန်းကျင်သာ ရရှိတာဖြစ်ပါတယ်။

ခုရက်ပိုင်းမှာပဲ ဒေးကြေး ၅၆၀၀ ကျပ်နဲ့ အိုတီကို တစ်နာရီ ၁၄၀၀ ကျပ် ပေးမယ်လို့ အသိပေးထားတယ်လို့ သိရပြီး သိသာထင်ရှားစေတဲ့ အပြောင်းအလဲမဟုတ်ဘူးလို့ လည်း အလုပ်သမားတွေကပြောဆိုပါတယ်။

စက်ရုံမှာအလုပ်သမား ဦးရေ ခန့်မှန်း ၂၀၀၀ ဝန်းကျင်ခန့်ရှိပြီး လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲတွေ ကို သက်ဆိုင်ရာ အလုပ်သမားရုံးတွေမှာ တိုင်ကြားဖို့ ကြိုးစားပေမယ့် လာရောက်စစ်ဆေးတဲ့အခါမှာလည်း အမှန်အတိုင်းဖြေဖို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

"တိုင်ဖို့ ကြိုးစားခဲ့တယ် ဌာနက လာစစ်တော့ အမှန်အတိုင်းမဖြေခိုင်းဘူး လာစစ်တဲ့လူတွေနားမှာမန်နေဂျာက မတ်တပ်ရပ်နေတာ ပြောခွင့်မရှိဘူး"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်ခွင်ထဲမှာ ထမင်းစားချိန်မလောက်ငှလို့ တိုးပေးဖို့ ဖယ်ရီစီစဉ်ပေးဖို့ အိုတီအချိန်ကို လျော့ပေးဖို့ အလုပ်ချိန်ကို သတ်မှတ်ချိန်အတိုင်း အတိအကျခေါ်ဖို့ အလုပ်သမားတွေရဲ့ အချိန်ထဲကနေ အစည်းအဝေးမခေါ်ဖို့ ကိုယ်ဝန်ဆောင်တွေကို အလုပ်ထွက်ခိုင်းတာတွေမလုပ်ဖို့ တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

#MyanmarLabourNews
 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026