NEWS

Joc Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားရပိုင်ခွင့် ငွေကြေးများအား ဖြတ်တောက်နေ

CoverLogo
889 Views

Joc Myanmar အထည်ချုပ် စက်ရုံက အလုပ်သမားတွေ ရပိုင်ခွင့် ငွေးကြေးတွေကို ဖြတ်တောက်နေတယ်လို့ အလုပ်သမားတွေက  ပြောပါတယ်။ စက်ရုံကို တရုတ်လူမျိုးပိုင်ဆိုင်ပြီးTR Style, TIGORA တံဆိပ် အထည်တွေ ချုပ်နေတယ်လို့ သိရပါတယ်။ 

“ ဂရိတ်ကြေးတွေ ဖြတ်တယ်၊ ရက်ပျက်ရင်လည်း ဒေးကြေး၊ ရက်မှန်ကြေး” လို့ အလုပ်သမားတဦးက ပြောပါတယ်။

ခွင့်တိုင်ကြားပေမဲ့ ရက်ပျက်သတ်မှတ်ခံရပြီး စက်ရုံအမြဲတမ်းခန့် အလုပ်သမားတွေဖြစ်ပေမဲ့ ဒေးကြေး၊ ရက်မှန်ကြေး တွေ ဖြတ်တဲ့ အပြင် နှစ်ပြည့်အလုပ်သမားတွေ ရပိုင်ခွင့် ငွေကြေးတွေကို ရက်ရွှေ့တာတွေလည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

အချိန်ပို လုပ်ကိုင်ဖို့ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းတာ မရှိဘဲ အချိန်ပို ၂ ပတ်စာ ကြိုတင် လက်မှတ်ထိုးခိုင်းတာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

“ နှစ်ပတ်၊ ၁၂ ရက်စာ အိုတီဆင်းဖို့ကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းလိုက်တယ်။ အလုပ်သမားတွေရဲ့ ဆန္ဒကို မေးမြန်းတာ မရှိဘူး။ အရင်ကဆို ပိုဆိုးတယ် ညနေ လေးနာရီလောက်မှာ မိုက်နဲ့ အချိန်ပိုဆင်းရမယ်လို့ အော်တာ။ “ လို့ ပြောပါတယ်။

Joc Myanmar စက်ရုံရဲ့ အလုပ်ချိန်က မနက် ၈ နာရီကနေ ညနေ ၆ အထိ (အချိန်ပို ၂ ပါ) ဖြစ်ပေမဲ့ လာမဲ့ အပတ်က စပြီး အချိန်ပို အိုတီကို ည ၇ နာရီအထိ ဆင်းခိုင်းပြီး နားချိန် နာရီဝက်ပေးမယ် ဆိုပြီး ပြောဆိုထားတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ 

စက်ရုံ အလုပ်သမားတွေအနေနဲ့ အချိန်ပိုကို ငြင်းဆန်လို့မရဘဲ ဆဲဆိုမှုတွေနဲ့ အလုပ်အကိုင် အတွက် ခြိမ်းခြောက် ခံရတာတွေ ရှိနေတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။  

“အလုပ်သမားတဦး အိုတီမဆင်းတာနဲ့ ၄ ရက်လောက် အိုတီမဆင်းခိုင်းတော့ဘူး။ ညနေ လေးနာရီ အလုပ်ဆင်း  တော့ ပြန်ခိုင်းတယ်။ တရုတ်ဆရာတွေက ပြန်ခိုင်းတာပဲ။ ဒီလို ခြိမ်းခြောက်မှုတွေ ရှိတာ။ အလုပ်သမားတွေက အဆင်မပြေလို့ မဆင်းနိုင်တဲ့ ရက်တွေလည်းရှိတယ်။ အချိန်ပိုဆိုတာ မလုပ်လို့လည်းမရဘူး။ လစာဆိုတာ လောက်တာ မဟုတ်ဘူး။ တခါတလေများ အချိန်ပိုအတွက် ငြင်းကြည့် စူပါက ဆဲတော့တာပဲ ” လို့ အလုပ်သမားတဦးက ပြောပါတယ်။  

Joc Myanmar အထည်ချုပ်စက်ရုံမှာ နေ့လယ်စာ စားချိန် ၂ ချိန်ခွဲထားပြီး ၁၁ ခွဲ နဲ့ ၁၂ နာရီတွေမှာ နေ့လယ်စာ စားဖို့ နာရီဝက် အနားရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အလုပ်ပြန်တက်ချိန်ကစပြီး အနားမရဘဲ ည ၆ နာရီ အထိ ဆက်တိုက် လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ ၁၁ ခွဲ ဆင်းသူက ၁၂ ဆို အလုပ်ပြန်တက်တယ်။ ၁၂ ဆင်းတဲ့သူက ၁၂ ခွဲဆို လုပ်ငန်းခွင်ထဲ ပြန်ဝင်။ ည ၆  နာရီမှ ဆင်းတာဆိုတော့ အလုပ်ချိန် ၅ နာရီကျော် ၆ နာရီကို ဆက်တိုက် လုပ်နေရတယ်“ လို့ ပြောပါတယ်။

ဒါ့အပြင် ဧပြီ လုပ်ခလစာတွေထဲက ဂရိတ်ကြေး (ကျွမ်းကျင်ကြေး) တွေကို အများပြည်သူ အလုပ်ပိတ်ရက်တွက် ထည့်သွင်းတွက်ချက်တာမရှိဘူးလို့ ဆိုပြီး စက်ရုံဘက်က လျှော့ချ ပေးချေခဲ့တာကြောင့် နစ်နာခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“ဧပြီလအတွက် ဂရိတ်တွေချပြီး ရ ရမဲ့ ပိုက်ဆံတွေကို လျော့ပေးတယ်။ သူတို့ ပြောသလိုဆိုရင် တနင်္ဂနွေ ပိတ် ရက် တောင် လျှော့ပေးတော့မလို ဖြစ်နေပြီ။ အလုပ်သမားတွေအတွက် တယောက် ၃၀၀၀၀ ကနေ ၅၀၀၀၀ ကြား နစ်နာ ကြတယ်။ အဲ့ဒီ ဖြတ်တဲ့ငွေက အလုပ်သမားတွေအတွက် လေးငါးရက် သုံးလို့ရတယ်ဆို သိဖို့ကောင်းတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။

ဂရိတ်ကြေးတွေ ဖြတ်တောက်ခံရလို့ တိုင်ကြားခဲ့ပြီ စက်ရုံအလုပ်သမား ၇၀၀ ဝန်းကျင်ထဲက အလုပ်သမား ၁၀ ယောက် ဝန်းကျင်ကို ခေါ်ယူ စစ်ဆေးပြီး အလုပ်းသမားတွေ ပုံမှန်ရနေတဲ့ ဂရိတ်ကြေး မရသင့်ဘူးလို့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ဦးစီးမှူး ဦးထွန်းအောင်ကျော်က တထိုင်တည်း ဆုံးဖြတ်ခဲ့တယ် လို့လည်း နစ်နာသူ အလုပ်သမားတဦးက ပြောပါတယ်။ 

ရွှေပြည်သာ စက်မှုဇုန် ၄ ၊  ဦးမြဲလမ်းက  Joc Myanmar  အထည်ချုပ် စက်ရုံ  အလုပ်သမား သမဂ္ဂ ဖွဲ့စည်းထားတာ မရှိပေမဲ့ WCC ကို ဖွဲ့စည်းထားပြီး အလုပ်သမားတွေရဲ့ တင်ပြချက်ကို ဖြေရှင်းပေးတာမျိုး မရှိဘူးလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026