ဇူလိုင် ၁၁ ၊ ၂၀၂၆
Jin chang Myanmar မှာ စက်ရုံက တောင်းတဲ့ စံချိန်မရလို့ဆိုပြီး အချိန်ပို အောလင်း၊ အောနိုက် ဆင်းခိုင်း ပါတယ်၊ ဒါတင်မဆုံးပါဘူး တနင်္ဂနွေပိတ်ရက်လည်း မနားရပဲ အချိန် ထပ်ဆင်းပေးရပြန်တယ်။ အောနိုက်ဆင်း ပြီးလို့ အလုပ်က ပြန်တော့ ဖယ်ရီကားလည်း မပေးဘဲ ကိုယ်အစီစဥ်နဲ ပြန်ခိုင်းတယ်။ သိပ်ကို လွန်လွန်း နေလို့ပါ ။
စံချိန်က အလုပ်သမားတွေ မချုပ်နိုင်တဲ့ စံချိန်ကို တောင်းပါတယ်။ ၄၅ ယောက်လောက်ရှိတဲ့ စက်လိုင်းလိုင်း ကို တစ်နာရီ လိုင်းပေါက် အထည် ၇၀ကနေ ၈၀ အထိ တောင်းတယ်။ စံချိန်မပြည့်တော့ နိုင်ငံခြားသား တရုတ်အမျိုးသမီးကစပြီး အော်စူပါ၊ စူပါတွေ အဆုံး အော်ဟစ်ဆဲဆိုတယ်။
တောင်းတဲ့ စံချိန်ပြည့်ဖို့ အလုပ်သမားတစ်ယောက် နှစ်ပွိုင့်မှ သုံးပွိုင့်ချုပ်နေရတာ သူတို့ မမြင်တာလား ၊ ချုပ်ရတဲ့အထည်က ကိုလာဖီ အမွှေးအထည်တွေ ။
ပေးတဲ့ ဒေးကြေးက ၁၂၀၀၀ ဘာမှ ပိုပေးတာမရှိဘူး။ တခြားစက်ရုံတွေထက် ပိုတာ ဘာမှမရှိတာ။
ရက်မှန်ကြေး ၇၀၀၀၀ နဲ့ ဂရိတ်ကြေး ပေးတာလည်း အတူတူပဲ။ အလုပ်တစ်ရက်ပျက်တော့ ၅၀၀၀၀ ကျော် အဖြတ်ခံတယ်။ ဘာမှာ အလုပ်သမားအပေါ် ငဲ့ညှာတာ မရှိပါဘူး ။
ရက်ပျက်တယ်ဆိုတာက စက်ရုံက ခွင့်မပေးလို့ ရက်ပျက်ရတာပါရှင့်။ ခွင့်ဆိုရင် ဘာခွင့်မှ စက်ရုံက မပေးတာပါ။ ဆေးခွင့်လည်း မရှိပါဘူး။ လူမှုဖူလုံရေးကြေးကို လစာအနည်းများပေါ်မူတည်ပြီး လတိုင်း ၅၀၀၀ ဖြတ်ပါတယ်။
လုပ်ငန်းခွင်က ထမင်းစားဆောင်ဆိုတာ နေရာကကျဥ်းလို့ အလုပ်သမားတွေ ထမင်းစားရတာ အဆင်မပြေပါဘူး ။ ဒီထက်ဆိုးတာလည်း ရှိပါတယ်။ အိမ်သာပါ။ မသန့်ရှင်းပါဘူး။
အလုပ်သမား တစ်လပြည့်အောင်ဆင်းပြီး အလုပ်ထွတ်တော့ လစာကို အများနည်းတူ ၅ ရက်နေ့ ထုတ်မပေးပါဘူး။ ၁၀ ရက်နေ့မှာ ထုတ်ပေးပါတယ်။ လစာထုတ်ပေးတော့ အပြည့်အဝ ထုတ်မပေးဘဲ ခေါင်းပုံဖြတ်ထားပါတော့တယ်။
လက်ရှိ Jin chang Myanmar Co.,Ltd မှာက LIVE SMARTတံဆိပ်ချုပ်ပါတယ်။ ပိုင်ရှင်က တရုတ်နိုင်ငံသား တွေပါ။ အလုပ်သမားက ၂၀၀ ဝန်းကျင်လောက် ရှိပါတယ်။ စက်ရုံက ဗိုလ်ချုပ်၊ ဦးအောင်သူလမ်း၊ လှိုင်သာယာစက်မှုဇုန် ၂ မှာပါ။









