NEWS

Jiashihao Myanmar အထည်ချုပ် တနင်္ဂနွေပိတ်ရက်များအား ရက်အစားနှင့် အချိန်ပိုဆင်းခိုင်း

CoverLogo
686 Views

ရွှေပြည်သာစက်မှုဇုန် က Jiashihao Myanmar Limited ပိုင် အထည်ချုပ်စက်ရုံက နိုဝင်ဘာလအတွင်း တနင်္ဂနွေ ပိတ်ရက်တွေတိုင်း အချိန်ပို နဲ့ ရက်အစား ဆင်းခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုတွေနဲ့ ရက်အစား ဆင်းခိုင်းတာတွေက နိုဝင်ဘာလ မတိုင်မီကတည်းက လုပ်ကိုင်ခိုင်းခဲ့တာလို့ သိရပါတယ်။

“နိုဝင်ဘာလထဲက တနင်္ဂနွေ ၄ ရက်လုံး မနား  ခဲ့ရဘူး။ တန်ဆောင်မုန်းလပြည့်နဲ့ အမျိုးသားနေ့တွေမှာတော့ ပိတ်တယ်။ ဒါပေမဲ့ ၁၀ ရက်နေ့ကတော့ တန်ဆောင်မုန်းလပြည့်အတွက် ရက်အစားဆိုပြီး ဆင်းခိုင်းခဲ့တာ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

မနက် ၈ နာရီကနေ ညနေ ၄နာရီခွဲ အထိက စက်ရုံရဲ့ ပုံမှန် အလုပ်ချိန်ဖြစ်ပြီး နေ့စဉ် အချိန်ပို ၂ နာရီ လုပ်ကိုင်ပေး ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နေ့လည်ထမင်းစားနားပြီး  ၁၂ နာရီခွဲကတည်းက အချိန်ပို ပြီးဆုံးတဲ့ ညနေ ၆ နာရီခွဲအထိ အနားမရဘဲ တဆက်တည်း လုပ်ကိုင်နေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။

“မနားရတော့ဘူးလေ ၊ ဆက်တိုက်ပဲ၊ အချိန်ပို ပြီးတဲ့အထိပဲ။ စနေနေ့တွေမှာ အောလင်းခေါ်တယ်။ နောက်နေ့ တနင်္ဂနွေပါ ဆက်ခေါ်ခိုင်းတယ်။ အမျိုးသားနေ့တောင် ဆင်းခိုင်းနေတာ၊ အလုပ်သမားတွေက လက်မခံလို့ ပိတ်ခဲ့ရတာ ။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။

အချိန်ပိုတွေခေါ်ယူတိုင်း အလုပ်သမားတွေ သဘောတူပါတယ်ဆိုပြိး လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲ့လိုလက်မှတ်မထိုးတဲ့ သူတွေကိုတော့ အောစူပါဆိုသူတွေက သီးခြားခေါ်ယူ ဖိအားပေး လက်မှတ် ထိုးခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ညီမတို့ကလက်မှတ်လည်း ထိုးမပေးဘူး။ အဲလို ထိုးမပေးရင် မဆင်းရင်မရဘူး ဆိုပြီး ခေါ်ဆူတယ်၊  ဖိအားပေး တယ်။ ဂရိတ်အဆင့်တွေ တိုးမပေးဘူး၊ လျှော့မယ်ဆိုပြီးလည်း ခြိမ်းခြောက်တယ်။  ညီမတို့က နားချင် နေပြီ။ နားပိုင်ခွင့် မပေးခဲ့ဘူး” လို့ အမျိုးသမီးလုပ်သားတဦးက ပြောပါတယ်။ 

အလုပ်သမားတွေကို ဥပဒေပါ ခွင့်တွေကို စက်ရုံဘက်က ပေးပေမဲ့ အဲဒီ ခွင့်ရက်အတွက် လစာ ဖြတ်တောက် တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ရှောင်တခင်ခွင့်ကို လုပ်သက် တနှစ်ပြည့်အတွင်း မပေးဘဲ၊ တနှစ်ပြည့်ပြီးသူကိုသာ ရှောင်တခွင့် ပေးတယ်လို့လည်း ဆက်ပြောပါတယ်။

“ခွင့်ရတယ်၊ ဒါပေမဲ့ လုပ်ခလစာနဲ့ ရပိုင်ခွင့်တွေ မရတော့ဘူး။ ပြောရရင် အလုပ်မပြုတ်တာပဲရှိတာ၊ ခွင့်အတွက် ဘာမှ အကျိုးခံစားခွင့် မရဘူး။ ဆေးခွင့် ရှောင်တခင်ခွင့်တွေလည်း အတူတူပဲ ။ ပိုက်ဆံ အဖြတ်ခံနေရတယ်။ နရှောင်တခင်ခွင့်ကို တနှစ်ပြည့်မှ ပေးတယ်။ ဒါကို နားမလည်းဘူး။ ရှောင်တခင်ခွင့် မပေးဘူးတော့ လုပ်သက်ခွင့် ယူရတယ်။ နှစ်ကြေးတွေ နစ်နာနေတယ်။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။ 

စက်ရုံပြင်ပထွက်ခွင့် လက်မှတ်ကိုလည်း ဘယ်လို အကြောင်းပြချက်မဆို မပေးဘူးလို့ အလုပ်သမား အစည်းအဝေး တွေမှာ စက်ရုံဘက်က ပြောဆိုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အလုပ်ချိန်မတိုင်မီ ၁၅ မိနစ် ကြိုတင်ဝင်ရောက်ရပြီး လုပ်ငန်း အစည်းအဝေး လုပ်တာကြောင့် နားချိန် အပြည့်အဝ မရဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“မနက် အလုပ်ဝင်ချိန်ကို ၁၅ မိနစ်စောပြီးဝင်ရတယ်။ တပတ်ဆိုရင် ၁ နာရီခွဲ ။ ညီမတို့ရဲ့ အချိန်တွေ ပေးလိုက် ရတယ်။ တရက်လုပ်ခ ၇၈၀၀ ဆိုရင် တနာရီကို ၉၇၅ ကျပ်။ ၅ ရက်ဆို တနာရီခွဲ၊ ၁၅၀၀ နီးပါး ။ ဒါတွေ ညီမတို့ နစ်နာနေတာတွေ။ စက်ရုံက အလုပ်ဆင်းတော့ အတိအကျပဲ။ လက်ဗွေနှိပ်ရလို့ ၅ မိနစ်တောင် စော ဆင်း မပေးဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် လုပ်သား ၂၀၀၀ ကျော်အတွက် လက်ဗွေစက် ၆ လုံးသာရှိတယ်လို့ ပြောပါတယ်။ အလုပ်သမားတွေ အနေနဲ့ မနက်တကြိမ် ညနေတကြိမ် လက်ဗွေနှိပ်ရပြီး မှတ်တမ်းမဝင်သူတွေကိုတော့ ငွေကြေး ဖြတ်တောက် တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“အလုပ်သမားများတော့ စက်တွေမနိုင်ဘူး ။ လက်ဗွေမဝင်တော့လည်း လုပ်ခဖြတ်တယ်။ မနက်မဝင်ရင် ဒေကြေး ဖြတ်တယ်။ ညနေမဝင်ရင် အိုတီကြေး ဖြတ်တယ်။ စက်ရုံထဲမှာလည်း အလုပ်ဝင်တဲ့အကြောင်း နေတိုင်း လက်မှတ် ထိုးနေတာကို အဲလိုတွေ ဖြတ်နေတာ။” လို့ ပြောပါတယ်။ 

ကုန်အမှတ် တံဆိပ်ကိုယ်စားလှယ်တွေ လာရောက် စစ်ဆေးတဲ့ အချိန်တိုင်း ဆေးသေတ္တာမှာ ရွိုင်ရယ်ဒီကအစ ရှိနေပေမဲ့ အလုပ်သမားတွေ လိုအပ်လို့ ဆေးတောင်းရာမှာတော့ ဆေးမရှိဘူးလို့ HR ဌာနက ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေက ရက်ဆက်လုပ်ရတော့ အနားရချင်တယ်။ နေမကောင်းတော့လည်း နားချင်တာ။  အချိန်ပို ဆိုတာ အလုပ်သမားတွေ သဘောဆန္ဒရှိမှ ဆင်းရတာ။ လွတ်လွတ်လပ်လပ် အနားခွင့်လည်း  ရှိပါတယ်။” လို့ ပြောဆိုပါတယ်။  

Jiashihao Myanmar Limited စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြိး ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၁ ၊ ခရေလမ်းမှာ ရှိပါတယ်။ စက်ရုံမှာ WCC အဖွဲ့ ဖွဲ့စည်းထားပြီး အလုပ်သမား ၂၀၀၀  ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ 

 #MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026