NEWS

J-Land Myanmar စက်ရုံ မန်နေဂျာ အချိန်ပိုမဆင်းသည့် အလုပ်သမားများအား ဆဲဆို

CoverLogo
789 Views

J-Land Myanmar စက်ရုံ အချိန်ပိုမဆင်းလို့ဆိုပြီး မန်နေဂျာက အများရှေ့မှာ ဆဲဆိုတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။

တနင်္ဂနွေနေ့ အလုပ်မဆင်းတဲ့ စက်ရုံလုပ်သား အမျိုးသမီး အမျိုးသားတွေကို စက်လိုင်း မန်နေဂျာက ဆဲဆိုတာလို့ ပြောပါတယ်။

“တနင်္ဂနွေနေ့တွေ ဆင်းခိုင်းတယ်။ အကြောင်းကြောင့် အလုပ်သမားတချို့ မဆင်းနိုင်ကြဘူး။ အဲ့ဒါကို မန်နေဂျာ အမျိုးသမီးက လူတောထဲမှာ ခေါ်ဆဲတယ်။ သူတောင်းစားတွေ၊ အိမ်မှာသာ စားစရာမရှိတာ။ ေ-ာက်လုပ် လုပ်ဖို့တော့ ပျင်းကြတယ်။ အရေးကြီးလို့ ခေါ်ခိုင်းတာလို့ ပြောပြီး ဆဲ တယ်။ အပေါ်ပေါက်နဲ့ အောက် ပေါက်နဲ့ မှားမယ်။ ထမင်းစားတာလား၊ -ျီးစားတာလားတို့ ၊ အဲလိုတွေပြောတာပါ” လို့ အလုပ်သမားတဦးက ပြောပါတယ်။

တနင်္ဂနွေပိတ်ရက် အချိန်ပိုမဆင်းလို့ ဆဲဆိုခံရတဲ့ အပြင် အလုပ်နေရာ ပြောင်းရွှေ့တာတွေလည်း စက်ရုံ မန်နေဂျာက ပြုလုပ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက တလလုံးနီးပါး ပိတ်ရက်မရှိ လုပ်ကိုင်ခဲ့ရပြီး အခု အောက်တိုဘာလထဲမှာတော့ တနင်္ဂနွေ တရက် လုပ်ကိုင်ခိုင်းထားတယ်လို့ အဲ့ဒီ အလုပ်သမားက ပြောပါတယ်။ နေ့စဉ် အချိန်ပိုလုပ်ကိုင်ခိုင်းတာကို အလုပ်သမားရုံးတင်ပြဖို့ ကြိုတင်လက်မှတ်ထိုးခိုင်းပေမဲ့ သတ်မှတ်အချိန်ထက် ကျော်လွန်ခိုင်းစေတာတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“လက်မှတ်ထိုးခိုင်းတော့ ၆ နာရီအထိပဲ၊ နောက်မှ အရေးကြီးလို့ ဆိုပြီး ၇ နာရီအထိခိုင်းတာ။ အလုပ်သမား တွေကို ကြိုတင်ပြီး မပြောဘူး။ စက်ရုံက လက်ကိုင်ဖုန်းတွေ ယူခွင့်မပေးဘူး။ အိမ်ကို အကြောင်းကြား လို့  မရတော့ ၊ အိမ်က စိတ်ပူကြတာပေါ့။ ကျန်းမာရေးမကောင်းလို့ အိမ်ပြန်ခွင့်တောင်းတာလည်း စက်ရုံ ဆေးခန်းက သူနာပြုက ပြန်ခွင့်ပြုတာတောင် ၊ အဲဒီ မန်နေဂျာအမျိုးသမီးက ခွင့်မပြုလို့ မပြန်ရဘူး။ ခွင့်လည်း အဲလိုပဲ မရဘူး” လို့ အလုပ်သမားတဦးက ပြောပါတယ်။

ခွင့်အနေနဲ့ ကျန်းမာရေး(လူမှုဖူလုံရေးခွင့်) ခွင့်ကလွဲပြီး မည့်သည့် ခွင့်အမျိုးအစားမှ မပေးဘဲတဲ့အပြင် လုပ်သက်ခွင့် ငွေကြေးကို တနှစ်ခွဲကြာမှ ရရှိကြတယ်လို့ သိရပါတယ်။

“ခွင့်ဆိုတာ ဘာမှန်းတောင် မသိဘူး။ လူမှုဖူလုံရေးခွင့် စာရွက်သွားပေးတာတောင် မန်နေဂျာအမျိုးသမီးက ဆဲတယ်။ ကြားရက်မှာ ခွင့်မရလို့ ရက်ပျက်ရင် (ဘောပြုတ်) ရဖို့ ရှိတာ မရဘူး။ လေးသောင်းလောက်  မရ တော့ဘူး။ အဲ့ဒီထဲမှာ ထောက်ပံကြေးတွေလည်း ပါတယ်။ လုပ်သက်နှစ်ကြေးဆိုရင် WCC အဖွဲ့ကို အကူအညီ တောင်းမှ ရတယ်။” လို့ အလုပ်သမား တဦးက ပြောပါတယ်။

စက်ရုံ အလုပ်သမားတွေရဲ့ အကူညီတောင်းမှုကို ဖြေရှင်း WCC  အဖွဲ့ဝင်တွေကို အလေးအနက်မထားဖို့ စက်ရုံပိုင်ရှင်နဲ့ နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်တွေက မန်နေဂျာကို ညွှန်ကြားထားတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“WCC အဖွဲ့ကို စက်ရုံပိုင်ရှင်ကိုယ်တိုင်က အသိအမှတ်မပြုဘူး။ ဒါကိုလည်း ထုတ်ပြောထားတယ်။      မန်နေဂျာက ရမ်းကားနေတာ။ အဖွဲ့ဝင်တွေကလည်း အလုပ်သမားတွေပဲ၊ မန်နေဂျာနဲ့ ထိပ်တိုက် တွေ့ ရတော့၊  အခက်အခဲတွေတိုင်း WCC က ဖြေရှင်းပေးဖို့ ခက်ကြတယ်”လို့ပြောပါတယ်။

စက်ရုံအတွင်း အသက်မပြည့်တဲ့ နေ့စားလုပ်သား ၁၀၀ ဝန်းကျင်ရှိပြီး တန်းတူ လုပ်ခလစာ မရဘူးလို့လည်း အလုပ်သမားတချို့က ပြောပါတယ်။ စစ်ဆေးရေးအဖွဲ့တွေ စက်ရုံကို လာရောက်စစ်ဆေးပါက အဲ့ဒီ နေ့စား အလုပ်သမားတွေကို ကြိုတင် အလုပ်နားခိုင်းတယ်လို့လည်း အလုပ်သမားတဦးက ပြောပါတယ်။

“နေ့စားကလေးတွေက ၁၂ နှစ် အငယ်ဆုံး ၊ ၁၇ နှစ်အရွယ်တွေလည်းပါတယ်။ စစ်ဆေးရေး ရှိပြီဆိုတာနဲ့  ၂ ရက်ကြိုတင် အလုပ်နားခိုင်းတယ်။ သူတို့ရဲ့ ဒေးကြေး  ၅၂၀၀ ပဲရတယ်။  အိုတီပေးလည်း လုပ်ခကို အဲ့ပေါ်က တွက်တာပေါ့။ လခစား အလုပ်သမားတွေကတော့ ဒေကြေး အမြင့်ဆုံး  ၇၅၀၀ ရပါတယ်။” လို့ ပြောပါတယ်။

J-Land Myanmar စက်ရုံကတော့ ကိုရီးယားနိုင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား ၈၀၀ ဝန်းကျင် လုပ်ကိုင် နေတယ်လို့ သိရပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ ဝါးတရာစက်မှုဇုန် မှာရှိပြီး ကမ္ဘာကျော် အမှတ်တံဆိပ် GUESS ချုပ်လုပ်နေတဲ့ စက်ရုံ ဖြစ်တယ်လို့  ၂၀၂၃  ခုနှစ် Maynmar Labour News ရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။

 


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026