NEWS

HERMITE အရုပ်အမွှေးပွ စက်ရုံ အလုပ်ပိတ်ရက် မပေး၊ တဆက်တည်း ၈ နာရီနီးပါး နားချိန်မရဘဲ လုပ်ကိုင်ခိုင်း

CoverLogo
572 Views

HERMITE အရုပ်အမွှေးပွ စက်ရုံအလုပ်သမားတွေကို တာဝန်ရှိသူတွေက တနင်္ဂနွေနေ့ကို အလုပ်ပိတ်ရက် မပေးဘဲ အချိန်ပိုကို ခြိမ်းခြောက်လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

လုပ်သား ၁၀၀၀ ကျော် လုပ်ကိုင်နေပြီး စက်ရုံကို ကိုရီးယားနိုင်ငံသားတဦးက ပိုင်ဆိုင်တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။ 

“ပြီးခဲ့တဲ့ (၇)လပိုင်း(ဇူလိုင်)ထဲမှာ အာဇာနည်နေ့ တရက်တည်းနားခဲ့ရတယ်။ ဝါဆို လပြည့်နေ့လည်း အနား မရ ခဲ့ဘူး။ အခုဆိုရင် နေ့လယ်နားချိန်ပြီးရင် ၁၂ ခွဲကတည်းက အချိန်ပို အလုပ်ဆင်းတဲ့ ည ၈ နာရီအထိ လုံးဝ အနား မရတော့ဘူး။ ဆက်တိုက် လုပ်ပေးရတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။ 

HERMITE စက်ရုံက မေလထဲမှာကတည်းက နားရက်မပေးဘဲ  အချိန်ပိုတွေလုပ်ကိုင်ခိုင်းခဲ့တာလို့ အလုပ်သမားတွေ က ပြောပါတယ်။ အချိန်ပိုမဆင်းတဲ့ အလုပ်သမားတွေကို လုပ်ဌာနပြောင်းရွှေ့တာ၊ လုပ်ခနဲ့ ရပိုင်ခွင့်  ဖြတ်တောက် တာတွေပါ ပြုလုပ်တာကြောင့် မဖြစ်မနေ လုပ်ကိုင်ပေးနေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။ 

“တနင်္ဂနွေ အိုတီမဆင်းတာနဲ့ အလုပ်ဌာနပြောင်းတာတွေလုပ်တယ်။ စက်ရုံက တနင်္ဂနွေနေ့ကို အလုပ်ဆင်းခိုင်း  တာက တပတ်ခြား ဆင်းခိုင်းနေတယ်။ အချိန်ပိုမဆင်းရင် ဆုကြေးထဲကနေ ဖြတ်တယ်။ ” လို့ ပြောပါတယ်။

စက်ရုံဘက်က အလုပ်ပြီးစီးမှုအပေါ်မူတည်ပြီး တပတ်အတွက် ဆုကြေးပေးလေ့ ရှိပြီး နေ့စဉ် အချိန်ပိုနဲ့ တနင်္ဂနွေအချိန်ပိုတွေ မဆင်းပါက အဲဒီ ဆုကြေးကို ပထမတကြိမ် ၃၃ ရာခိုင်နှုန်း၊ ဒုတိယ တကြိမ်အတွက် ၇၀ ရာခိုင်နှူန်း ၊ တတိယအကြိမ်မှာ ဆုကြေးအားလုံးကို ဖြတ်တောက်တယ်ဆိုပြီး ရှင်းပြပါတယ်။ 

စက်ရုံဘက်က ခွင့်ကို ခွဲခြားပြီး ပေးတာ၊ ဆေးခွင့်ကလွဲလို့ တခြား ရှောင်တခင်ခွင့် အမျိုးအစားတွေပါမရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ဒေးကြေး ဖြတ်တယ် ၊ ရက်မှန်ကြေးနဲ့ ဂရိတ်ကြေး တဝက်လောက်ဖြတယ်။ ရက်မှန်ကြေးက ၄၀၀၀၀၊ ဂရိတ် ကြေးလည်း အဲလိုပဲ ဆိုတော့ တော်တော်များများ အဖြတ်ခံရတာပါ။ တခါအဖြတ်ခံရရင် ၅၀၀၀၀ လောက် နစ်နာနေတယ်” လို့ ပြောပါတယ်။

စက်ရုံကို တိုင်ကြားမှုတွေရှိတာကြောင့် အလုပ်သမားအရာရှိ တချို့ လာရောက် စစ်ဆေးခဲ့ပေမဲ့ သန့်စင်ခန်း မသန့်ရှင်းမှုတွေနဲ့ အချိန်ပို အလွန်အကျွံခေါ်ယူမှုတွေက မပြောင်းလဲဘဲ ရှိနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။ 

ဒါ့အပြင် စက်ရုံ စစ်ဆေးမှုတွေ ပြုလုပ်တိုင်း စက်လိုင်းခေါင်းဆောင်တွေက မေးမြန်းမှုတွေကို လိမ်လည် ဖြေကြားခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ခေါင်းဆောင်တွေက လိုင်းသားတွေကို လိမ်ခိုင်းတာပေါ့။ လာစစ်ရင် အချိန်ပို ၆ နာရီလောက်ပဲ ဆင်းရတယ် ပြောခိုင်းတာ။ လိမ် မပြောရင် စက်ရုံက အရေးယူခံမယ်။ အဲလိုဆို စက်ရုံ ပုံရိပ် ထိခိုက်တယ်လည်း ပြောတယ်။ နောက် အလုပ်လည်း ထုတ်ခံရ နိုင်တယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်။ ဒီလိုပြောထားတော့ အလုပ်သမားတွေက အလုပ်ထုတ်ခံရမှာ ကြောက်ပြီး အချိန်ပို ညနက်အောင်ဆင်းရတာကို အမှန်တိုင်း မပြောခဲ့ရဘူး” လို့ ပြောပါတယ်။

စစ်ဆေးမှုတွေပြုလုပ်ရာမှာ ပထမ အလုပ်သမား ၁၅ ဦးလောက်ကိုသာ ရွေးချယ်ခဲ့ပေမဲ့ ကျန်တဲ့ အလုပ်သမား တွေကိုတော့ စက်ရုံဘက်က ရွေးချယ်စေလွှတ်ခဲ့တာကို တွေ့မြင်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

အချိန်ပို မနားနေ ဆင်းရတာတွေများလို့ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“တနင်္ဂနွေကိုမဆင်းရဘူး ည ၈ နာရီထိဆင်းပေးပါဆိုပြီး ပြောတာ ၇လပိုင်းကတည်းကနေ  အခုလထိ ဆက် ဆင်းနေရတယ်။ ကျန်းမာရေး မကောင်း ခဏခဏ ဖြစ်တယ်။ စိတ်ဖိအားလည်း တအားများတယ်၊ မဆင်းရင် ဌာနပြောင်းမှာဆိုတာတွေ၊ လုပ်ခလစာဖြတ်ခံရမှာတွေကို ကြောက်ကြတယ်။ ဒါကြောင့် ကျိတ်မှိတ် ဆင်းနေ ရတာ။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။ 

တဆက်တည်းအလုပ်ချိန်တွေမှာ နားချိန်မရဘဲ လုပ်ကိုင်ရတာလည်း အလုပ်ချိန်ကို မနက် ၇ ခွဲ ည ၈ နာရီ ပြောင်းလဲတာကြောင့် ဖြစ်ပြီး အလုပ်သမားတွေမှာ တဆက်တည်း နားချိန်မရှိဘဲ လုပ်ကိုင်နေရလို့ ပိုပင်ပန်းနေတယ်လို့ အလုပ်သမားတဦးက အခုလို ပြောပါတယ်။

“အရင် ညနေ ၆ ခွဲအထိဆင်းတုန်းက နားချိန် နာရီဝက်ရတယ်၊ အခုတော့ ၈ နာရီအထိလုပ်ရတယ်၊ နားချိန်မရဘူး၊ နောက်ကျပြီးပြန်ရတယ် ပိုပြီးပင်ပန်းတယ်၊ အဲတာတွေ ကွာခြားတယ်။ ဘယ်လိုပဲ ပြောင်းပြောင်း အလုပ်သမားက နစ်နာနေတာပဲ” လို့ ပြောပါတယ်။

HERMITE စက်ရုံကတော့ MGMA အသင်းဝင် စက်ရုံဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အချိန်ပို အလွန်အကျွံခေါ်တာ၊ သန့်စင်ခန်းတွေ မသန့်ရှင်းတာ၊ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေတာ၊ သဘောဆန္ဒအတိုင်း အချိန်ပိုမဆင်းတာကို အလုပ်ဌာန ပြောင်းရွှေ့တဲ့ အကြောင်းတွေကို  Myanmar Labour News မှာ  ဇွန်လ ၁၈ ရက်က သတင်းဖော်ပြထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026