NEWS

Hang Kei Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
1K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်း အမှတ် -- မှာဖွင့်လှစ်ထားတဲ့ Hang Kei Myanmar စက်ရုံမှာ အလုပ်သမားဥပဒေပါ အခွင့်အရေးတွေ ခံစားခွင့်မရဘဲ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့  hunkemoller အမှတ်တံဆိပ် အတွင်းခံအဝတ်တွေ ချုပ်လုပ်နေတာဆိုပါတယ်။

အဆိုပါ စက်ရုံမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့က အစည်းအဝေးပြုလုပ်စဉ်  WCC  အလုပ်ရှင်ကိုယ်စားလှယ် တွေက အလုပ်သမားတွေကို ဂုဏ်သိက္ခာမဲ့စွာ ပြောဆိုမှုတွေ ပြုလုပ်ခဲ့လို့ ဆိုပြီး အလုပ်သမားတွေ အလုပ်ရပ်စဲကာ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

"ဖြစ်စဉ်ကတော့ ၂၄ ရက်နေ့ စနေနေ့မီတင်မှာ အလုပ်ရှင်ဘက်က WCC ကိုယ်စားလှယ်တွေက အလုပ်သမားတွေအပေါ် အကျင့်မကောင်းတာတွေ အလုပ်သမားတွေကို သိက္ခာမဲ့စေတဲ့ စော်ကားပြောဆိုမှုတွေပြုလုပ်ခဲ့တယ်ပေါ့နော်။  အလုပ်သမားကိုယ်စားလှယ်တွေနဲ့ အချေအတင်ဖြစ်ပြီး နောက်ပိုင်းမှာ အလုပ်သမားတွေပါပါလာပြီး ထမင်းစားဆောင်မှာ စုဝေးပြီး အလုပ်ရပ်ဆိုင်းတဲ့အထိတောင်းဆိုခဲ့ကြတယ်"လို့ အဆိုပါ လုပ်ငန်းခွင်မှာလုပ်ကိုင်နေတဲ့  အလုပ်သမား ကပြောပါတယ်။ 

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အလုပ်ရှင်ဘက်က ဖြေရှင်းမပေးတဲ့အပြင် စစ်တပ်ခေါ်ဖမ်းခိုင်းမယ် ဟုခြိမ်းခြောက်လို့ ၂၆ ရက်နေ့မှာ လုပ်ငန်းခွင်ပြန်ဝင်ခဲ့ရတယ်တို့ အလုပ်သမားတွေထံကသိရပါတယ်။

"တခုခုဖြစ်ပြီဆို စစ်တပ်နဲ့ ခြိမ်းခြောက်တယ်"လို့ အထည်ချုပ်အလုပ်သမားကပြောပါတယ်။

အဆိုပါ တောင်းဆို ဆန္ဒပြမှု ဖြစ်စဉ် ကို သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာနမှ လာရောက်ဖြေရှင်းပေးပေမဲ့ ပြေလည်မှုမရခဲ့ဘူးလို့လည်းသိရပါတယ်။

"အဲ့ဒီလိုဖြစ်သွားတော့ စူပါ အောစူပါတွေက အလုပ်သမားတွေကို အငြိုးအတေးထားပြီး ဆဲဆိုတာတွေ ဖိအားပေးတာတွေ လုပ်တယ်"လို့ အလုပ်သမားက ဆက်ပြောပါတယ်။

အဆိုပါလုပ်ငန်းခွင်မှာ အလုပ်သမားတွေ ခံစားခွင့်ရှိရမယ့် ဥပဒေပါခံစားခွင့်တွေ မရရှိဘဲ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။

"ရှောင်တခင် ခွင့် ဆေးခွင့်တွေ မပေးဘူး အရေးပေါ်ကိစ္စရှိလို့ ဖုန်းဆက်ပြီးခွင့်တိုင်ရင် ခွင့်မပေးဘူး။ ကိုယ့်သဘောနဲ့ကိုယ်ပျက်တယ်ဆိုပြီး နောက်ရက်အလုပ်ဆင်းရင် မခံနိုင်အောင်ပြောတာ အလုပ်သမားတွေက နေမကောင်းရင်တောင် ခွင့် မယူရဲတော့ဘူး အလုပ် ၁ ရက်ပျက်ရင် ဒေးကြေး ၄၈၀၀ ထောက်ပံ့ကြေး ၂၀၀၀ ရက်မှန်ကြေး ၂၀၀၀၀ အဖြတ်ခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။

အထည်စံချိန်သတ်မှတ်ချက်မှာလည်း ကြီးကြပ်ရေးလုပ်သားမှ အကူလုပ်သားအပါ လူ ၄၀ ရှိတဲ့ လိုင်းတလိုင်းလျင် အလုပ်ချိန် ၁၀ နာရီအတွက် အထည် ၁၀၀၀ ကျော် သတ်မှတ်တောင်းခံနေပြီး အဲ့ဒီအရေအတွက် ပြည့်ဖို့ စူပါအောစူပါတွေက ဆဲဆိုခိုင်းစေနေတာလို့ ပြောပါတယ်။

အလုပ်ချိန်သတ်မှတ်ချက်မှာ နံနက် ၇ နာရီ ၃၀ ကနေ ညနေ ၆ နာရီ အထိ ပုံမှန်အလုပ်ချိန်ဖြစ်ပြီး အထည်အရေးကြီးတယ်ဟုဆိုကာ ည ၉ နာရီ အထိ ဆင်းပေးနေရကာ အလုပ်သမားတွေကို ကြိုတင်ပြောခြင်းမရှိဘဲခိုင်းစေတာဖြစ်တယ်လို့ ပြောပါတယ်။

"အလုပ်ရှင်က အိုတီအရေးကြီးတိုင်း အလုပ်သမားက အချိန်ပိုဆင်းပေးရတယ် အလုပ်လုပ်ရင်း ဖျားတာတို့ ဘာတို့ဖြစ်ရင် ဆေးမရှိလို့ ခက်ခက်ခဲခဲလုပ်နေရတယ်"လို့ အမျိုးသမီးလုပ်သားဖြစ်သူကပြောပါတယ်။

အလုပ်သမားတွေရဲ့  တောင်းဆိုချက်အနေနဲ့ 
၁။ အလုပ်ရှင်ဘက်က wcc ကိုယ်စားလှယ်မှ အလုပ်သမားကိုယ်စားလှယ် wccကို လေးစားမှုရှိရန်နှင့်  ဆန္ဒပြမှု ဖြစ်ပွားခြင်းကို အလုပ်ရှင်မှ တာဝန်ယူဆောင်ရွက်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ စံချိန်တောင်းခံရာတွင် အလုပ်သမားများ ချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်ကို ခံစားခွင့်ပေးရန်။
၄။ အလုပ်ရှင်ဘက်မှ အချိန်ပိုအိုတီခေါ်လျင် အလုပ်သမားများ သဘောဆန္ဒကိုမေးမြန်ပြီးမှခေါ်ရန်။
၅။ အလုပ်ရှင်ဘက် တစ်ခုခုဆိုလျင် အလုပ်သမားများကို စစ်တပ်ဖြင့် ခြိမ်းခြောက်ပြောဆိုခြင်းကို လုံးဝမ လုပ်ရန်။
၆။ ယခုလိုကိစ္စတွေဖြစ်သည်ကို စူပါ၊ အောစူပါတွေကပါ အလုပ်သမားတွေကို အငြိုးအတေးထားခြင်း၊  ဆဲဆိုခြင်း၊ ဖိအားပေးခြင်းမပြုလုပ်ရန် စတဲ့အချက်တွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026