NEWS

GTIG HUBO စက်ရုံတွင် ဖြစ်ပွားနေသော လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲများနှင့် မတရားမှုများအား တင်ပြခြင်း

CoverLogo
468 Views
လေးစားအပ်ပါသော Myanmar Labor News အဖွဲ့ဝင်များ ရှင့်
 
GTIG HUBO စက်ရုံ အတွင်း ဖြစ်ပေါ်နေသော လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲများနှင့် မတရားမှုများ အတွက် အားကိုးစရာမရှိသည့် အခြေအနေတွင် MLN သို့ အားကိုးတကြီး တင်ပြလိုပါသည်။
 
စက်ရုံစီမံခန့်ခွဲမှုနှင့် အလုပ်သမားကိုယ်စားပြုမှု
 
စက်ရုံမှူးဟောင်း ကောချုံ အလုပ်မှ ထုတ်ပယ်ခံရပြီးနောက် ဒုတိယစက်ရုံမှူးက အုပ်ချုပ်နေသော လက်ရှိစီမံခန့်ခွဲမှုမှာ ပိုမိုဆိုးရွားလာပါသည်။ လုပ်ငန်းများကို ပေါက်ကရစီမံခန့်ခွဲခြင်း၊ အထည်များကို စိတ်ထင်တိုင်း ချပေးပြီးမှ ဖိအားပေးတောင်းဆိုခြင်းများကြောင့် အလုပ်သမားများ စိတ်ဖိစီးမှုများစွာ ခံစားနေရပါသည်။ ထို့အပြင် စနေနေ့တိုင်း အမြဲတမ်းလိုလို OT ခေါ်ယူခြင်းကြောင့်လည်း ပင်ပန်းဆင်းရဲမှုများရှိနေပါသည်။
 
အရေးအကြီးဆုံး ပြဿနာမှာ ဝန်ထမ်းများကိုယ်စား မားမားမတ်မတ် ရပ်တည်ဖြေရှင်းပေးမည့်သူ မရှိခြင်းပင်ဖြစ်သည်။ အရင်က အားကိုးရသော COC မှာလည်း မရှိတော့ပါ။ ၃ ဦးရှိသော WCC (ဝန်ထမ်းကိုယ်စားလှယ်အဖွဲ့) မှ ၁ ဦးမှာ ထွက်သွားသည်မှာ ကြာပြီဖြစ်သော်လည်း အသစ်ပြန်ရွေးချယ်ပေးခြင်း မရှိသေးပါ။
 
ကျန်ရှိနေသော ၂ ဦးမှာလည်း ရုပ်သေးများဖြစ်ပြီး ဝန်ထမ်းများ၏ အခက်အခဲများကို ကိုယ်စားမပြုနိုင်ပါ။ ၎င်းတို့မှာ Cutting ဌာနမှ စာရေးမများဖြစ်သည့်အတွက် အခြားဌာနမှ ဝန်ထမ်းများက သွားရောက်တိုင်ကြားရန်ပင် လူမြင်မှာ စိုးရိမ်နေကြရပါသည်။
 
လုပ်ငန်းခွင်ပတ်ဝန်းကျင်နှင့် အခြားပြဿနာများ
 
ကလေးလုပ်သား အသက် ၁၃ နှစ်မှ ၁၆ နှစ်အရွယ် ကလေးငယ်များစွာကို စက်ရုံတွင် အလုပ်ခန့်ထားပြီး ၎င်းတို့၏ စာရင်းကိုလည်း ကျွန်ုပ်တို့ရရှိထားပါသည်။ စက်ရုံဘက်မှ ယခုကိစ္စကို ဖုံးကွယ်ရန်အတွက် ကလေးများ၏စာရင်းကို ကြိုကောက်ကာ အသက်လိမ်ထားသော စာရွက်စာတမ်းအတုများ ပြင်ဆင်နေကြပါသည်။
 
ထမင်းစားဆောင်မှာ မိုးရွာတိုင်း ရေကြီးခြင်း၊ သောက်ရေမှာ ညှီစော်နံ့ထွက်ခြင်းနှင့် အိမ်သာများမှာလည်း မသန့်ရှင်းဘဲ အနံ့ဆိုးများ ထွက်နေပါသည်။ ထို့အပြင် သန့်ရှင်းရေးဝန်ထမ်းများကို ပုံမှန်တာဝန်မဟုတ်သော ဘွိုင်လာတွင် ထင်းထိုးခိုင်းခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် လုပ်ငန်းများကိုလည်း လုပ်ခိုင်းနေပါသည်။
 
ဌာနတွင်း ခွဲခြားဆက်ဆံမှု - Finishing ဌာနတွင် ဝန်ထမ်းများအား သဘောမတူဘဲ ရာထူးများ လျှော့ချခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများလည်း ဖြစ်ပေါ်နေပါသည်။
 
တိုင်ကြားသူများကို ခြိမ်းခြောက်မှု
 
ပြဿနာများကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဝန်ထမ်းများက Bestseller မှ ပံ့ပိုးပေးထားသော Ulula စနစ်တွင် တိုင်ကြားခဲ့ပါသည်။ သို့သော်လည်း စက်ရုံမှ COC က နောက်တစ်ရက်ဖြစ်သော စက်တင်ဘာလ ၂၀ ရက်နေ့တွင် “ဘယ်သူတိုင်တာလဲ”၊ “ကလေးလုပ်သားအကြောင်းတွေ တိုင်တာလား” စသည်ဖြင့် ရုံးခန်းမှ မိုက်ဖြင့် နာမည်ခေါ်၍ ဝန်ထမ်းများကို တစ်ယောက်ချင်းစီ ခေါ်ယူစစ်ဆေးခဲ့ပါသည်။ ဤသို့ မေးမြန်းစစ်ဆေးမှုများကြောင့် ဝန်ထမ်းများမှာ နောက်ထပ် တိုင်ကြားရန်ပင် မရဲတော့ပါ။ ၎င်းတို့၏ လုပ်ရပ်ကြောင့် ဝန်ထမ်းများနှင့် စက်ရုံအကြားရှိ ယုံကြည်မှုများ ပျက်ပြားခဲ့ရသည်။
 
ဤအခြေအနေများအားလုံးသည် ဝန်ထမ်းများအတွက် အလွန်ဆိုးရွားပြီး မတရားမှုကို ခံစားနေရသည့် လုပ်ငန်းခွင်ကို ဖြစ်ပေါ်စေပါသည်။ စက်ရုံခေါင်းဆောင်ပိုင်းက Brand များထံသို့ သတင်းမပေါက်ကြားစေရန် အတွင်းမှာပင် ဖြေရှင်းနေသဖြင့် ကျွန်ုပ်တို့၏ အခွင့်အရေးများ ဆုံးရှုံးနေပါသည်။
 
ထို့ကြောင့် မြန်မာလုပ်သားထုအတွက် အမြဲရပ်တည်ပေးသော Myanmar Labor News အနေဖြင့် GTIG HUBO စက်ရုံ၏ အခြေအနေများကို အလုပ်ရှင်များ၊ သက်ဆိုင်ရာ Brand များနှင့် အဖွဲ့အစည်းများ သိရှိစေရန်အတွက် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးပါရန် အလေးအနက် တောင်းဆိုအပ်ပါသည်။ သို့မဟုတ်ပါက အလုပ်ထွက်ခြင်းမှအပ ကျွန်ုပ်တို့အတွက် အခြားရွေးချယ်စရာ မရှိတော့ပါ။
 
လေးစားစွာဖြင့်၊ GTIG HUBO စက်ရုံမှ ဝန်ထမ်းများ။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026