NEWS

Great Glowing စက်ရုံ HR ရုံးအဖွဲ့ အလုပ်သမားများအား ရိုင်းစိုင်းစွာ ခွဲခြားဆက်ဆံ

CoverLogo
532 Views

#ပေးစာ

Great Glowing အထည်ချုပ် စက်ရုံက အလုပ်သမားတွေပါ ။ စက်ရုံကို JW လို့ အသိများပါတယ်။ စက်ရုံကတော့ ရန်ကုန်စက်မှုဇုန်၊ ဇေကမ္ဘာ ၇ လမ်း ၊ ဇေကမ္ဘာဝင်း၊မင်္ဂလာဒုံမြို့နယ် မှာပါ။   


ကျွန်မတို့အလုပ်သမားတွေနဲ့ စက်ရုံပိုင်ရှင်နဲ့က ပြဿနာ မရှိပါဘူး ။
ဒါပေမဲ့ စက်ရုံ HR ဌာနက အလုပ်သမားတွေ အပေါ် ဆက်ဆံတာက အရမ်း ဆိုးရွားပါတယ်။ သူတို့က HR ဌာနမှာ နောက်ဆုံးကျန်နေတဲ့ လူဟောင်း သုံးယောက်ပါ။ အလုပ်သမားတွေကို  ရိုင်းရိုင်းဆိုင်းဆိုင်း ဆက်ဆံကြပါတယ်။ ကျွန်မတို့ အလုပ်သမားတွေကို ခွဲခြားဆက်ဆံပါတယ်။ 


HR ဌာန မန်နေဂျာက အမျိုးသမီးပါ။ ခင် နဲ့စတဲ့ နာမည်နဲ့ပါ။ နောက်တယောက်က စိုး နဲ့စတဲ့ နာမည်ပါ ။ အဲ့ဒီ တယောက်က လစာနဲ့ ငွေစာရင်း ကိုင်ပါတယ်။ လုပ်ငန်းခွင်မှာ ကျွန်မတို့ အလုပ်သမားတွေ အမှားလုပ်မိလို့ သတိပေး လက်မှတ်ထိုး ခိုင်းတယ်။ ကျွန်မတို့က လက်မှတ်ထိုးပေး ပါတယ်။


ကျွန်မတို့ သတိပေး လက်မှတ်ထိုးလည်း အလုပ်သမားခေါင်းဆောင်တွေကို မခေါ်ပါဘူး။ ကျွန်မတို့ အလုပ်သမားတွေကို အာဏာပြပြီး လက်မှတ် ထိုးခိုင်းတာပါ။ WCC အလုပ်သမားကိုယ်စားလှယ်ကိုတောင်  လေးစားမှု မရှိပါဘူး။
သတိပေး လက်မှတ်ထိုးပေးပြီးလည်း  အဲဒီ HR မန်နေဂျာနဲ့ နောက်တယောက်က မပြီးပါဘူး ။ အလုပ်သမားတွေ ကို လွန်လွန်ကဲကဲ ဆိုးဆိုးရွားရွားကို ပြောတယ်။ အဲဒီ မန်နေဂျာလက်အောက်က လစာငွေစာရင်းကိုင်တဲ့ တယောက်ကဆို တော်တော်ပြောပါတယ်။ 


အမျိုးသမီး ၊ အမျိုးသားလည်း မခွဲဘူး။ “နင်ပဲ ငစ” ပြောတယ် ။ ယောက်ျားလေးတွေဆို အရှက်ရတဲ့ အကြောင်းပြောပြ ကြပါတယ်။ အဆင့်အတန်း မတူသလို မောက်မောက်မာပြောတာပါ ။ ဒီလို ပြောနိုင်တာက သူတို့က အလုပ်ကိုင်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်နိုင်တဲ့သူ လို့ ထင်နေတာလို့လားတော့ မသိဘူး ။ 


ကျွန်မတို့ အလုပ်သမားတွေက အင်အား၊ စွမ်းအား၊ ကျွမ်းကျင်မှုတွေကို အသုံးချပြီး အလုပ်လုပ်နေသူတွေပါ။ သူလည်း သူတို့ အတတ်ပညာ ရှိသလို၊ ကျွန်မတို့မှာလည်း တတ်ကျွမ်းတာတွေ ရှိပါတယ်။ ရှင်းရှင်းပြောရရင် ကျွန်မတို့လို သူတို့လည်း အလုပ်သမားပါ။ 


“နင်တို့မှာ အပြစ်ရှိတယ်ဆိုတာ သိတယ်မလား”၊ “နင်တို့မှာ ဦးနှောက်မရှိဘူးလား”၊ “နင်တို့က ဘာေ-ာင်မတွေ မို့လို့လည်း”၊ “ကိုယ့်ေ-ာက်ဆင့် ကိုယ်မသိတဲ့ဟာတွေ” ၊ “နင်တို့က ဘာရာထူး ယူထားလို့လဲ”၊ “နင်တို့မှာ လုပ်ပိုင်ခွင့် ရှိလို့လား” ၊ အဲလို စကားတွေ အပြောခံရပါတယ်။ 


တခါတလေ ဆဲဆိုတဲ့ စကားတွေပါလာပါတယ်။ ရိုင်းရိုင်းဆိုင်းဆိုင်း”ေ-“နဲ့ ကိုင်ပြီး  ဆဲပါတယ်။ နပမ်းလုံးလည်း ရတယ်၊ ေ-ာက်ဂရု မစိုက်ဘူး၊ ကြိုက်တဲ့ ေ-ာင်မ လာဆိုတာမျိုးတွေပါတယ်။ 
HR မန်နေဂျာက သူ့အောက်ကသူ ဒီလို ပြောနေလည်း တားမြစ်တာ မရှိပါဘူး  ။ သူ့ဌာနက လူတွေကို သူ့ကိုယ်တိုင် မထိန်းသိမ်းလို့ ကျွန်မတို့ အလုပ်သမားတွေ ပြောဆိုခံရပါတယ်။ 


ကျွန်မတို့ လက်မှတ်ထိုးထားတဲ့ EC စာချုပ်မှာ ခွဲခြားပြီး မဆက်ဆံရဘူး လို့ ပါတယ်။ ဒီစာချုပ်ကို HR ဌာနမှာ  အလုပ်လုပ်နေသူတွေလည်း လက်မှတ်ထိုးရမှာပဲ ။ ဒါဆို စက်ရုံက ခွဲခြားဆက်ဆံမှုကို လက်ခံနေတယ် ။ EC စာချုပ်က HR ဌာနနဲ့ မပတ်သက် ဘူးလားလို့ မေးချင်ပါတယ်။ 


စက်ရုံ လုပ်ငန်းခွင်အတွင်း ဖုန်းပြောလို့မရဘူး၊ အစားအသောက်မစားရဘူးလို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ HR ဌာနကတော့ ကော်ဖီသောက်တယ်၊ ဖုန်းပြောတယ်၊ V ခေါ် တယ်၊ Tik Kot ဆော့ပါတယ်။ ကျွန်မတို့တော့မှာ အရေးပေါ် ပြောဆိုဖို့ဆို အင်မတန်ခက်ပါတယ်။ 


HR ဌာနက  လုပ်ပိုင်ခွင့်ရှိတယ်၊ ဩဇာရှိတယ်၊ အာဏာ ရှိတာ လက်ခံပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေကို ညီမတန်ရင် ညီမ ၊ အမ တန်ရင် အမ အပြန်အလှန်လေးလေးစားစား ပြောဆိုမယ်ဆို ကောင်းပါတယ်။ 
အခုတော့ အမျိုးသမီးအချင်းချင်း အကြမ်းဖက်နေတာပါ ။ ရိုင်းရိုင်းဆိုင်းဆိုင်း ပြောဆို ဆက်ဆံနေတာပါ ။ 


ကျွန်မတို့က အရည်အချင်းနဲ့ ဒီစက်ရုံမှာ အလုပ် လုပ်နေတာပါ။ သူတို့ ရဲ့ လက်အောက်ကသူတွေလည်း မဟုတ်ပါဘူး  ။ အပြောဆို ခံဖို့၊ အနိမ်ခံဖို့ လာပြီး အလုပ်လုပ်တာလည်း မဟုတ်ပါဘူး ။ ကျွန်မတို့ကို သူတို့က နိုင်ထက်စီးနင်း ထိခိုက်အောင် ပြောဖို့ မလိုပါဘူးလို့ ထင်ပါတယ် ။ 


စက်ရုံဘက်က ၂၀၂၂ ခုနှစ် နောက်ပိုင်း တော်တော်ပြောင်းလဲသွားပါတယ်။ အကောင်းဘက်လည်း ဦးတည်နေတဲ့ စက်ရုံပါ ။ ဒါပေမဲ့ HR ဌာနကတော့ လူဟောင်းတွေနဲ့ မပြောင်းလဲဘဲ ၊ အလုပ်သမားတွေကို ဖိနှိပ်နေတာပါ ။ သက်ဆိုင်ရာလူကြီးမင်းတွေကို ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံပါတယ်။ 


 #MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026