NEWS

GOLDEN FASHION အထည်ချုပ်စက်ရုံ ဥပဒေပါ ခွင့်မပေးဘဲ ရက်ပျက် သတ်မှတ်ပြီး ရပိုင်ခွင့် ဖြတ်တောက်

CoverLogo
1K Views

ဥပဒေမှာ သတ်မှတ်ထားတဲ့ ခွင့်ရက်တွေမပေးဘဲ ရက်ပျက်သတ်မှတ်ပြီး ရပိုင်ခွင့်တွေ ဖြတ်တောက် ခံနေရ တယ်လို့  GOLDEN FASHION အထည်ချုပ် စက်ရုံ အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊  အနော်ရထာစက်မှုဇုန် မှာ GOLDEN FASHION  အထည်ချုပ် စက်ရုံကို လည်ပတ်နေပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တယ် လို့လည်း အလုပ်သမားတွေ ဆီက သိရပါတယ်။ 

“ခွင့်ရက် ယူလို့ မရဖြစ်နေတာ။  ခွင့်နဲ့ပဲ ဖြစ်ဖြစ် ၊ ခွင့်မဲ့ပဲ ဖြစ်ဖြစ် တရက်ယူတာနဲ့  ရက်မှန်ကြေး ၁၀၀၀၀ နှင့် ထမင်းဖို့းထဲက ၁၅၀၀၀ကျပ် ၊ ကျွမ်းကျင်ကြေးက တရက်စာ အဖြတ်ခံရပါတယ် ခွင့် ၂ ရက်ပျက် ရင်တော့ ရက်မှန်ကြေး၊ ထမင်းဖိုး အကုန်ဖြတ်တာပဲ။” လို့စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

ခွင့်ရက်အတွက် ခွင့်တင်ပါက အလွယ်တကူမရရှိဘဲ အကြောင်းကိစ္စအတွက် ဂိတ်ပတ်စ် အလွယ် တကူမရရှိ တာကြောင့် အလုပ်သမားအများစုဟာ ခွင့်မဲ့အဖြစ် သတ်မှတ်ခံနေရတယ်လို့ ပြောဆိုပါတယ်။  

“ လစာပေးရင်တော့ ဒေးကြေး ၄၈၀၀ ၊  အချိန်ပိုကြေး ရယ်  ကျွမ်းကျင်ကြေး ၊ ရက်မှန်ကြေး ၂၀၀၀၀ နဲ့  ထမင်းဖိုး ၃၀၀၀၀ က တအိတ် ပေးတယ်  ဒေးကြေး ၈၀၀ နဲ့ အချိန်ပို ကြေး ၂၀၀ က တအိတ် အဲလို ခွဲပေးတယ်” လို့ အလုပ်သမားတွေ Myanmar Labour News ကို ရှင်းပြပါတယ်။  

ခွင့်ရက် အကျိုးခံစားခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ပြဌာန်းထားတဲ့ ခွင်ရက်နဲ့ အလုပ်ပိတ်ရက် နည်းဥပဒေ အခန်း ၃ ခွင့်ခံစားခြင်း အခန်းမှာ “အလုပ်သမားသည် ဥပဒေအရ သတ်မှတ်ထားသည့် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ကာလ အတိုင်း သက်ဆိုင်ရာအခကြေးငွေ သို့မဟုတ် လစာငွေ ခံစားခွင့်ရှိသည်။ “ လို့ သတ်မှတ် ပြဌာန်း ထားပါတယ်။ 

ဥပဒေမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပေမဲ့ GOLDEN FASHION အထည်ချုပ် စက်ရုံကတော့ ခွင့်ရက်အတွက် ရပိုင်ခွင့် ဖြတ်တောက်သလို  ကျွမ်းကျင်ကြေး တရက် ၂၄၀၀ ကျပ် ပေးမယ်လို့ စက်ရုံဘက်က ပြောဆိုထားပေမဲ့ သတ်မှတ်ရက်အတွင်း အထည်ပြီးစီးတာမရှိပါက ကျွမ်းကျင်ကြေးကို ထပ်မံ ဖြတ်တောက် တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အလုပ်ရှင်ကလည်း အခုနှစ် ၆လပိုင်း (ဇွန်လ)ကစပြီး စက်လိုင်းတလိုင်းကို  အော်ဒါ တစ်သောင်းချ တယ်ဆို ပါတော့၊  သတ်မှတ်ရက်အတွင်း ၇၀ ရာခိုင်နှုန်းပဲပြီးတယ်ဆိုလျှင် ကျွမ်းကျင်ကြေး ဖြတ်တော့တာဘဲ ။  ၃၀ ရာခိုင်းနှုန်းအထိ ဖြတ်တာ ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။ 

စက်ရုံတာဝန်ရှိသူတွေက   အထည်စံချိန်တွေတောင်းခံရမှာ  အလုပ်သမားတွေ လုပ်ကိုင်နိုင်တာထက် ပိုမို တောင်းခံတာတွေလည်း ရှိသလို ကိုယ်ဝန်ဆောင် အလုပ်သမားတွေကိုလည်း သက်သောင့်သက်သာ လုပ်ကိုင် ခိုင်းတာ မရှိသလို သာမန်အလုပ်သမားတွေအတိုင်း စံချိန်တောင်းခံနေတယ်လို့ အလုပ်သမားတွေ က Myanmar Labour News ကို ပြောပါတယ် ။ 

ဒါ့အပြင် စက်ရုံဘက်က အချိန်ပိုခေါ်ယူမယ်လို့  အလုပ်သမား တွေကို ကြိုတင်အသိပေးတာမျိုး မရှိကြဘူးလို့ ပြောပါတယ်။ 

“အချိန်ပိုက ည ၉ နာရီထိ ခေါ် ခဏခဏ ခေါ်တာ။  ကြိုတင်လည်း မပြောဘူး။  ညနေ အလုပ်ပြန်ခါနီးမှ အချိန်ပို (၉) နာရီထိဆင်းရမယ်ပြောတယ်။ နောက်ကျမဲ့အကြောင်း မိသားစုတွေဆီလည်း ဖုန်းဆက်ခွင့် မပေးဘူး” လို့ အလုပ်သမားတွေကပြောပါတယ်။ 

GOLDEN FASHION စက်ရုံဖွင့်လှစ်ခဲ့တာ ၂ နှစ်နီးပါးရှိနေပြီး သန့်ရှင်းမှုမရှိတဲ့ အိမ်သာ သုံးရေကို  အလုပ်သမား ၉၀၀ ကျော်က သုံးစွဲနေရတယ်လို့လည်း  Myanmar Labour News ကို ပြောပြထားပါတယ်။

အဆိုပါ စက်ရုံမှာတော့ UNITED COLORS OF BENETTON စတဲ့အမှတ်တံဆိပ်ချုပ်လုပ်နေတာလို့သိရပါတယ်။လုပ်ငန်းခွင်ထဲမှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းထားတယ်လို့သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ အချိန်ပိုများခေါ်ယူပါက ကြိုတင်ပြောရန်နှင့် အလုပ်သမားသဘောဆန္ဒကောက်ယူရန်၊  ဥပဒေပါခွင့်ရက်များယူပါက အလွယ်တကူပေးရန်နှင့် ဥပ‌ဒေပါ ခွင့်ယူပါက ရက်မှန်ကြေး၊ ထမင်စရိတ်ထဲမှ မဖြတ်တောက်ရန်၊ ကျွမ်းကျင်ကြေးကို ယခင်ပေးထားသည်အတိုင်းခံစားခွင့်ပေးရန်နှင့် ရာခိုင်းနှုန်းမဖြတ်တောက်ရန်၊ အလုပ်သမားများချုပ်လုပ်နိုင်သည့်စံချိန်ကိုသတောင်းခံရန်၊ အိမ်သာရေးများကို သန့်ရှင်းသောရေးထားပေးရန်စတဲ့အချက်တွေ ပြင်ဆင်ပေးဖို့တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026