NEWS

Gold Emperor 1 ဖိနပ်စက်ရုံ အချိန်ပိုများ အလွန်အကျွံ ခေါ်ယူသည့်အပြင် နှစ်သစ်ကူးရုံးပိတ်ရက်များပါ နားခွင့်မပေးဘဲ ခိုင်းစေနေ

CoverLogo
954 Views
Gold Emperor 1 ဖိနပ်စက်ရုံက ဝန်ထမ်းပါရှင့်။
စက်ရုံကို တရုတ်နိုင်ငံသားပိုင်ပါတယ်။ အလုပ်သမားက ၂၈၀၀ ဝန်းကျင်ရှိပါတယ်ရှင်။ စက်ရုံက ရန်ကုန်၊ လှိုင်သာယာ၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ရွှေလင်ဗန်း မီးသတ်ဝိုင်းအနီး၊ဆရာရှမ်းလမ်း မှာ ဖွင့်ထားတာပါ။
ကျွန်မတို့စက်ရုံမှာ အချိန်ပိုတွေကို အလွန်အကျွံခေါ်ပြီး ပြီးခဲ့တဲ့ နှစ်သစ်ကူးရုံးပိတ်ရက် (၂၉၊၃၀၊၃၁) ရက်တွေ လည်း မနားရပါဘူး။ နောက်ပြီးတော့ လာမယ့် (၅) ရက်နေ့ တနင်္ဂနွေနေ့လည်း ဆင်းရမယ်လို့ ပြောထားပါတယ်။ ပြောမယ်ဆို ပြီးခဲ့တဲ့နှစ် ခရစ်စမတ်နေ့ကလည်း တစ်ရုံလုံး အချိန်ပိုအိုတီ ဆင်းရပါတယ်။ တနင်္ဂနွေနေ့တွေလည်း ခေါ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း တစ်လလုံးအိုတီတွေ ခေါ်ပါတယ်။ အလုပ်သမားတွေအိုတီ မဆင်းရင် တရုတ်ဆရာတွေက ခေါ်ဆူပါတယ်။ အောစူပါတွေ၊ စူပါတွေလည်း ဆူပါတယ်။ HR မန်နေဂျာကလည်း ဝမ်တိန်ခေါ်ထိုးခိုင်းပါတယ်။ အချိန်ပိုအိုတီခေါ်တာနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက လက်မှတ်မထိုးချင်ဘူး ပြောရင် ခေါင်းဆောင်တွေက ဖိအားပေးပြီး အတင်းအကြပ် ထိုးခိုင်းပါတယ်။ HR မန်နေဂျာ ကိုယ်တိုင်ကလည်း ဝန်ထမ်းဆွေးနွေးပွဲတွေမှာ ပြောရင်တစ်မျိုး လုပ်ရင်တစ်မျိုး လုပ်ပါတယ်။ သူဌေးဘက်လိုက်ပြီး လတိုင်းလတိုင်း အချိန်ပိုတွေ မတရားခေါ်ပါတယ်။
ဒီလိုအချိန်ပိုတွေ မတရားခေါ်နေလို့ အလုပ်သမားရုံးကို သွားတိုင်လည်း HR မန်နေဂျာနဲ့ သူဌေးရောက်လာပြီး ပိုက်ဆံအေးလိုက်တာနဲ့ အလကားပါပဲ။ မသိချင်ယောင်ဆောင်ပြီး အိုတီတွေကို ခွင့်ပြုပေးနေပါတယ်။ ဘာမှ မလုပ်ပေးပါဘူး။ ကျွန်မတို့က စားဝတ်နေရေးအတွက် သည်းခံပြီး လုပ်နေကြပေမယ့် ကြာလာတော့ ကျန်းမာရေး ထိခိုက်လာပါတယ်။
စက်ရုံအလုပ်ချိန်က မနက် (၇) နာရီခွဲကနေ ည(၇) နာရီခွဲအထိပါ။ ဒါပေမယ့် ဖယ်ရီကားတွေကို မနက် (၅) နာရီ (၅၅) မိနစ်တို့၊ (၆) နာရီတို့မှာ ထစီးရပါတယ်။ ဖယ်ရီမီဖို့အတွက် မနက်ဆို (၄) နာရီ (၄၅) မိနစ်လောက် ထချက် ရပါတယ်။ ဒီထက်ဆိုးတာက ပိတ်ရက်တွေကို အမြဲမြဲလိုလို အချိန်ပိုခေါ်နေတော့ အဆင်မပြေတော့ပါဘူး။ ကျွန်မတို့က ခေါင်းဆောင်တွေကို ကြောက်လို့ ထုတ်မပြောတာဘဲ ရှိတာပါ။ အချိန်ပိုအိုတီတွေ မဆင်းရင် ခေါင်းဆောင်တွေ လူမှတ်ပါတယ်။ ပြီးရင်မဆင်းတဲ့သူတွေကို အလုပ်မှာ အမျိုးမျိုး အဆင်မပြေအောင်လုပ်ကြတာ မခံနိုင်တော့လို့ အလုပ်ထွက်သွားတာတွေအထိ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၁၀လပိုင်၊ ၁၁လပိုင်းလည်း တစ်ရက်မှ မနားရပါဘူး။ အလုပ်သမားတွေ အကုန်လုံး မနားရတာပါ။ နောက် ပြီး စက်ရုံမှာ WCC ရှိပါတယ်။ ဒါပေမယ့် သူတို့ကလည်း သူဌေးဘက်ကပါပဲ။ HR မန်နေဂျာကလည်း သူဌေးဘက်ကပါပဲ။ ပြောမယ်ဆို ဝန်ထမ်းတွေဘက် ကြည့်တဲ့သူတွေ မရှိပါဘူး။ လိုင်းခေါင်းဆောင်တွေကလည်း အချိန်ပိုအိုတီ မဆင်းတဲ့သူတွေကို မှတ်ထားပြီး ကျွမ်းကျင်ကြေးတွေ၊ ဂရိတ်ကြေးတွေ ပြန်ချတာတွေအထိပါ လုပ်နေပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026