NEWS

FZ GARMENT CO ,ltd တွင် အချိန်ပိုအလွန်အကျွံခိုင်းစေ ဝန်ထမ်းကတ်လုပ်မပေးလို့ အခက်တွေ့နေ

CoverLogo
796 Views

တရုတ်နိုင်ငံသားပိုင် FZ GARMENT CO ,ltd အထည်ချုပ်စက်ရုံမှာ အချိန်ပိုနာရီတွေကို အလွန်အကျွံ ခေါ်ယူနေတာ ၊ အချိန်ပိုဆင်းရန် ငြင်းဆန်ပါက အလုပ်ကထုတ်ပယ်တာစတဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပြီး  ဝန်ထမ်းကတ်တွေ မလုပ်ပေးတာကြောင့် ကိုယ့်အစီအစဉ်နဲ့ အိမ်ပြန်သူတွေဟာ စစ်ကောင်စီရဲ့ လှည့်ကင်းနဲ့ တိုးချိန်မှာ သက်သေပြစရာ အထောက်အထားမရှိဘဲ အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါ တယ်။

ဒီစက်ရုံကိုတော့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ကင်းဝန်မင်းကြီးလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၇၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာပါ။ 

လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။ လုပ်ငန်းခွင်ဟာ fleur၊ ikka၊ koton၊ sweet စတဲ့ အမှတ်တံဆိပ်နဲ့ဝယ်လွန်အနွေးထည်၊  ဘောင်းဘီနဲ့ ကုတ်အင်္ကျီတွေကို ချုပ်လုပ်နေတာပါ။

“နေ့တိုင်း မနက် (၇) ခွဲကနေ ည (၈) နာရီအထိ အချိန်ပိုအိုတီတွေ ဆင်းခိုင်းပါတယ်။ တနင်္ဂနွေပိတ်ရက်တွေလည်း မပိတ်ပါဘူး။ ကြားရက်တွေမှာလည်း အနားမပေးဘဲ အချိန်ပိုအိုတီတွေ ဆင်းခိုင်းပါတယ်။ အလုပ်သမားတွေက တစ်ရက်တလေလောက် ည (၈) နာရီထိ မဆင်းဘဲ ညနေ (၆) နာရီလောက်ပဲ ဆင်းရင် Finishing  တရုတ်ဆရာက အလုပ်သမားတွေ သူခိုင်းလို့အဆင်မပြေဘူးဆိုပြီး ရုံးပေါ်ကိုပြောပြီး အလုပ်ထုတ်ပါတယ်။ Iron က အလုပ်သမား  (၅) ယောက်ကိုလည်း အချိန်ပိုအိုတီမဆင်းပေးလို့ဆိုပြီး အလုပ်ဆင်းထားတဲ့ရက်အတွက်ပဲ လစာပေးပြီး နောက် နေ့ကို အလုပ်မလာခိုင်းတော့ဘူး။ ရုံးပေါ်ကလည်း Finishing  တရုတ်ဆရာ ပြောတဲ့အတိုင်း အလုပ်သမားတွေကို အလုပ်ထုတ်နေပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက လုပ်သက်ဘယ်လောက် ရှိရှိ အကျိုးခံစားခွင့် မပေးဘဲ အလုပ်ကထုတ်ပါတယ်။ နောက်ပြီး အလုပ်သမားတွေကို ဝန်ထမ်းကတ်မလုပ်ပေးလို့ ညဖက် (၈) နာရီ အချိန်ပိုဆင်းရလို့ ဖယ်ရီကားမစီးဘဲ စက်ဘီးနဲ့လာတဲ့ အလုပ်သမားတွေ လှည့်ကင်းနဲ့တွေ့ရင် ဘယ်စက်ရုံကပါဆို ပြီး ပြစရာဝန်ထမ်းကတ်လည်းမရှိလို့ အခက်တွေ့ရပါတယ်။ ည (၈) နာရီထိ အချိန်ပိုခေါ်ပေမယ့် ပြန်တဲ့ အလုပ် သမားတွေကို ဘာမှတာဝန်ယူပေးတာ မရှိပါဘူး။ ဖယ်ရီတွေကလည်း ကြပ်သိပ်နေပြီး ကားလူပြည့်သွားလို့ မစီးရတဲ့အလုပ်သမားတွေလည်း ရှိပါတယ်”လို့ စက်ရုံ အလုပ်သမား တစ်ဦးက ပြောပါတယ်။

စက်ရုံမှာ လုပ်ခလစာကို ဒေးကြေးနဲ့ထောက်ပံ့ကြေးပေါင်းပြီး (၉၀၀၀) ကျပ်၊ အချိန်ပိုကြေး (၂၀၀၀) ကျပ်၊ ရက်မှန် ကြေး (၃၅၀၀၀) ကျပ်နဲ့ ကျွမ်းကျင်အဆင့်ကို B အဆင့်အတွက် (၅၀၀၀၀) ကျပ်၊ A အဆင့်အတွက်  (၁၀၀၀၀၀) ကျပ် ပေးနေတာဖြစ်ပါတယ်။ 

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကိုတော့ နစ်နာကြေးမပေးဘဲ တစ်ရက်တာ လုပ်အားခကို (၆၈၀၀) ကျပ်နဲ့ တွက်သလို အချိန်ပိုအိုတီကြေးကိုလည်း (၁၅၀၀) ကျပ်နဲ့ လုပ်ခလစာ ပေးချေတယ် လို့ သိရပါတယ်။

လုပ်ငန်းခွင်တွင်းမှာ ခွင့်ရက်တွေကို ခံစားခွင့်မပေးသလို သောက်သုံးရေမလုံလောက်တာ၊ သောက်ရေကား မလာ ရင် အလုပ်သမားတွေရေ မသောက်ရတာတွေပါ ရှိနေပါတယ်။ အိမ်သာတွေကလည်း သန့်ရှင်းမှု မရှိသလို မီး အလင်းရောင် တပ်ဆင်ပေးတာလည်း မရှိတာကြောင့် လိုအပ်ချက်တွေကို ပြောဆိုပါက အလုပ်ကထုတ်ခံရတယ် လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

“စက်ရုံမှာ အသက်မပြည့်သေးတဲ့ လူငယ်အလုပ်သမားတွေလည်း အများကြီး ရှိပါတယ်။ သူတို့ဆီက ကျန်းမာရေး ကောင်းမွန်ကြောင်း ဆရာဝန်ထောက်ခံချက်လည်း မတောင်းပါဘူး။ အသက်မပြည့်သေးတဲ့ လူငယ်တွေကို အလုပ်တွေ များတဲ့အချိန်ဆို ခေါ်ခိုင်းပြီး အလုပ်ပါးတဲ့အချိန်ကျရင် အသက်မပြည့်သေးလို့ဆိုပြီး ဘာအကျိုးခံစားခွင့်မှ မပေးဘဲ အလုပ်ထုတ်ပါတယ်။ EC စာချုပ်တွေမှာ လက်မှတ်တော့ ထိုးခိုင်းပေမယ့် အလုပ်သမားတွေကိုတော့ ပေးတာမရှိပါ ဘူး။ စက်ရုံမှာ WCC အဖွဲ့ရှိပေမယ့် အလုပ်ရှင်စိတ်ကြိုက်ဖွဲ့ထားတာပဲ ရှိပါတယ်။ အလုပ်သမားတွေ ရွေးချယ်ခွင့် မရှိပါဘူး"လို့ အလုပ်သမားကပြောပါတယ်။

"နောက်စက်လိုင်းတစ်လိုင်းမှာ လူ(၄၀) ရှိတာကို တစ်နာရီအထည်စံချိန်ကို ဘောင်းဘီ (၄၅) ထည်၊ အင်္ကျီအထည် (၅၀) တောင်းပါတယ်။ အလုပ်ရှင်ဘက်က တစ်ဖက်သတ်တောင်းခံတဲ့စံချိန်မပြည့်ရင် စူပါ၊ လီတာ တွေက ဆဲပါတယ်။ ဆေးခန်းလည်း မရှိပါဘူး။ ဆေးထုတ်ပေးရတဲ့ ဆရာမကလည်း အပ်လဲခန်းမှာပဲ နေရပြီး အပ်ပဲထုတ်ပေးရပါတယ်။ ဆေးသွားတောင်းရင်လည်း ဆေးမရှိပါဘူး။ နောက်ပြီး လူမှုဖူလုံရေးကတ် တွေကိုလည်း ကတ်အဟောင်းရှိတဲ့သူတွေကို ဆက်မသုံးခိုင်းဘဲ အသစ်လုပ်ပေးပါတယ်။ အဲဒီလို လုပ်နေတော့ အလုပ်သမားတွေ က အရင်ဖူလုံရေးကြေး ထည့်ထားရတဲ့နှစ်တွေအတွက် နစ်နာပါတယ်”လို့ သူက ဆက်ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အရေးကြီးကိစ္စတစ်စုံတရာရှိလို့ ဂိတ်ပတ်တောင်းပါက တစ်နာရီကို ကျပ်(၁၀၀၀၀) ဖြတ်ခံရသလို ရက်မှန်ကြေးလည်း ဖြတ်တောက်ခံရတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ညနေအလုပ်ပြန်ချိန်၊ အလုပ်သမားတွေ စက်ရုံထဲက ထွက်ချိန်တွေမှာ တံခါးပေါက်ကျဉ်းကျဉ်းလေးသာ ဖွင့်ပေးတာကြောင့် အလုပ်သမားတွေမှာ အခက်တွေ့နေရပါတယ်။ 

လက်ရှိမှာတော့ ဒီအခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာပဲ ဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့  ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံဖို့၊ စူပါ၊ လီတာတွေက အထည်စံချိန် တောင်းရာမှာ မဆဲဖို့၊ အချိန်ပိုအိုတီတွေ မဆင်းပါက ဥပဒေမဲ့ အလုပ်မထုတ်ဖို့၊ ဖယ်ရီလုံလောက်အောင် စီစဉ်ပေးဖို့၊ လူမှုဖူလုံရေးကတ်အဟောင်း ရှိသူတွေကို ဆက်လက်အသုံးပြုခွင့်ပေးဖို့နဲ့ သောက်သုံးရေ၊ ဆေးဝါး လုံလောက်အောင် ထားရှိပေးဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026