NEWS

Full Rong စက်ရုံ နားချိန်မပေးဘဲ နေ့ ည ခိုင်းစေ၊ တိုင်းကြားမှုကို ဂရုမစိုက်ဟု အောစူပါ ခြိမ်းခြောက်ထား

CoverLogo
573 Views

ရွှေလင်းဗန်း စက်မှုဇုန်က Full Rong အထည်ချုပ်စက်ရုံမှာ နားရက်မရဘဲ နေ့ရော ညပါ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဇွန်လအတွင်း စက်ရုံဘက်က စနေနေ့ အော်နိုက် မနက် ၄ နာရီကျော် အထိ လုပ်ကိုင်ပေးခဲ့ရပြီး နောက်တနေ့ တနင်္ဂနွေနေ့ မနက် ၇ နာရီ ၁၅ မိနစ်မှာ အလုပ်ပြန်ဝင်ခိုင်းခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။

“ အိပ်ချိန် လုံးဝမရှိဘူး။ စက်ရုံ မနက်ပိုင်းလွှတ်တာနဲ့ အိမ်ရောက် ရေချိုး၊ ချိုင့်ပြင်ပြီး စက်ရုံပြန်လာတော့ အချိန် ၃ နာရီက ကုန်နေပြီ"လို့ အလုပ်သမားတဦးက ပြောပါတယ်။

ဇွန်လ ၁၆ ရက်နဲ့ ၂၃ ရက်တွေမှာ ဒီလို နားချိန်မရဘဲ လုပ်ကိုင်ခဲ့ရတာဖြစ်ပြီး နှစ်ပတ်ဆက် နားချိန် နားရက်မရဘဲ လုပ်ကိုင်ခဲ့ရတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လတွေကတည်းက တနင်္ဂနွေနေ့ အချိန်ပိုကို နှစ်ပတ်ခြားတခါ လုပ်ကိုင်ခိုင်းတယ်လို့လည်း Full Rong စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် နှစ်ရက်ခြားတခါ အောနိုက်(ညနက်) အထိ လုပ်ကိုင်ပေးနေရလို့ အလုပ်သမားတွေ အလုပ်သမားတွေမှာ ကျန်းမာရေး ထိခိုက်နေတယ်လို့ ပြောဆိုပါတယ်။

“ခေါင်းမူးတဲ့ သူနဲ့၊ ဖျားနာတဲ့သူနဲ့ ၊ အိပ်ပျက်တဲ့ သူနဲ့ တချို့ဆို ငိုက်ပြီး စက်နဲ့ ခေါင်းကို ရိုက်မိတဲ့သူတွေ ရှိနေ တယ်”လို့ အလုပ်သမားတဦးက ပြောပါတယ်။

ညနေအချိန်ပို လုပ်ခကို ချက်ချင်းမရှင်းဘဲ လစာနဲ့အတူရှင်းပေးတာကြောင့် အလုပ်သမားတွေမှာ ငွေကြေး အခက်အခက်နဲ့ပါ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံတာဝန်ရှိသူတွေက အချိန်ပိုမဆင်းသူကို ခြိမ်းခြောက်နေလို့ အလုပ်သမားတွေမှာ ဆန္ဒမရှိဘဲ လုပ်ကိုင် ပေးနေရတာလို့ အလုပ်သမားတဦးက ပြောပါတယ်။

“တနင်္ဂနွေဆိုတာ နားချင်တာပဲ။ မဆင်းတော့ အောစူပါက မီတင်ခေါ်ပြီး လစာထဲ ၂၀၀၀၀ ဖြတ်မယ်ပြောတယ်။ ကြိုက်တဲ့ရုံးကို သွားတိုင် ဆိုပြီး ပြောတယ်။ ဖြတ်တဲ့ငွေက ဆန် ၄ ပြည် ဝယ်လို့ရတယ်။ ဒါနဲ့ပဲ အလုပ်သမားတွေ က ကျန်းမာရေးချို့တဲ့ ခံပြီးဆင်းနေ ရတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။

စက်ရုံအလုပ်ချိန်က မနက် ၇ နာရီ ၁၅ မိနစ်မှာစပြီး ညနေ ၄ နာရီ ၄၅ အလုပ်ပြီးဆုံးတယ်လို့ ပြောပါတယ်။ ထမင်းစားချိန် နာရီဝက်အနားရပေမဲ့ မနက် ၁၅ မိနစ်စောတက်ရပြီး ညနေ ၁၅ မိနစ်နောက်ကျမှ ဆင်းခိုင်းလို့ အဲ့ဒီ နာရီဝက်အတွက်လည်း လုပ်ခ လစာ မရဘူးလို့လည်း အလုပ်သမားတဦးက ရှင်းပြပါတယ်။

“ အစွန်းထွက်တဲ့ နာရီဝတ်အတွက် လုပ်ခ မရဘူး။ ထမင်းစာချိန်အတွက် ခေါ်တာဆိုလည်း၊ အလုပ်ချိန် ၈ နာရီ ထက် ကျော်ခိုင်းနေတာ ဖြစ်နေပြီ။ လုပ်ခလဲ ပိုရတာမရှိဘူး။ စလစ်တွေမှာ ကြည့်လို့ရတယ်။ နောက် အချိန်ပို ညနေ ၅.၄၅၊ ၆.၄၅၊ ည ၇.၄၅၊ ၈.၄၅ အဲလိုတွေ ဆင်းရတယ်။ ၈ နာရီ ၄၅ မိနစ်အထိကို အများဆုံး ဆင်းရတယ်။ အချိန်ပိုတွေဆင်းတော့လည်း ကြားမှာ အနားမပေးပါဘူး။ ဘာမှလည်း မကျွေးဘူး။ ဆက်တိုက်ချုပ်ရပါတယ်။” လို့ ပြောပါတယ်။

Full Rong စက်ရုံကို တရုတ်နိုင်ငံသားတဦး ပိုင်ဆိုင်ပြီး လုပ်သား ၅၀၀ ဝန်းကျင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ စက်ရုံအတွင်း စက်လိုင်း ၅ လိုင်းရှိပြိး အလုပ်သမားသမဂ္ဂနဲ့ WCC အဖွဲ့တွေ ဖွဲ့စည်းထားတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026