NEWS

Feng Teng Garment ဥပဒေသတ်မှတ်ခွင့် မပေးဘဲ ရပိုင်ခွင့်ဖြတ်

CoverLogo
557 Views

လှိုင်သာယာစက်မှုဇုန် Feng Teng Garment  စက်ရုံက ဥပဒေမှာ သတ်မှတ်ထားတဲ့ ခွင့်အမျိုးအစားတွေကို မပေးဘဲ ရက်ပျက်သတ်မှတ်ပြီး ရပိုင်ခွင့်တွေ ဖြတ်တောက်နေတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။ 

“ရှောင်တခွင်ခွင့်၊ ဖူလုံရေးခွင့်တွေလည်း မပေးဘူး။ ဘာခွင့်မှ မပေးပါဘူး။ ဒေးကြေးတောင်မပေးဘူး၊ ရက်မှန် ကြေး၊ ကျွမ်းကျင်ကြေး အကုန်ဖြတ်ခံရပါတယ်။  ၃ ရက်ပျက်ရင် အလုပ်ထုတ်တယ်။  အထုတ်ခံရသူတွေ ရှိတယ်။ အဲလို ရက်ပျက်တာနဲ့ အလုပ်ထုတ်တာ သိတော့ တချို့လည််း အလုပ် မလာကြတော့ဘူး။” လို့ပြောပါတယ်။ 

ခွင့်မပေးဘဲ အလုပ်တစ်ရက်ပျက်ပါက တရက်လုပ်ခ ၇၈၀၀၊ ရက်မှန်ကြေး ၁၅၀၀၀၊ ကျွမ်းကျင်ကြေး အပါ နှစ်သောင်းခွဲကနေ သုံးသောင်းဝန်းကျင်အထိ ဖြတ်တောက်ခံရတယ်လို့ အမျိုးသမီး အလုပ်သမားတွေက ပြောပါတယ်။ ဥပဒေပါခွင့်တွေကို စက်ရုံအလုပ်သမားအားလုံးကို မပေးတာဖြစ်ပြီး အချိန်ပိုဆင်းဖို့ ငြင်းဆန်တဲ့ အလုပ်သမားတွေကို နောက်ရက် အိုတီ ပေးမဆင်းဘဲ ညနေ ၄ခွဲပြန်လွှတ်ဆိုပြီး ခြိမ်းခြောက်တယ်လို့လည်း သိရပါတယ်။ 

“ညီမတို့ အချိန်ပို မဆင်းချင်တာကို အတင်းဆင်းခိုင်းပါတယ်။ပြီးတော့ အချိန်ပို မဆင်းချင်ဘူးဆိုတဲ့ အလုပ်သမား တွေကို နောက်ရက် အိုတီမခေါ်ဘဲ ထားမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ညီမတို့ ပင်ပန်းလို့ မဆင်း တာ ရှိမယ်၊ အိမ်ကိစ္စရှိလို့ မဆင်းရှိမယ်၊ အကြောင်းအမျိုးမျိုး ရှိနိုင်တာပဲ။ အိုတီမဆင်းတားတာနဲ့ နောက် အိုတီ မပေးဘူး  ဆိုတာ ညီမတို့အတွက်  နစ်နာတယ်လို့ ထင်ပါတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ရုံရဲ့ ပုံမှန် အလုပ်ချိန်က မနက် ၈ နာရီကနေ ညနေ ၄ ခွဲအထိဖြစ်ပြီး လက်ရှိ အချိန်ပိုကို ညနေ ၆ ခွဲဒါမဟုတ် ည ၈ ခွဲအထိလုပ်ကိုင်ရတယ်လို့ ပြောပါတယ်။နေ့လယ်စာနားချိန် ၁၂ နာရီခွဲကနေ ညနေ အိုတီပြီးချိန်အထိ နားချိန် လုံးဝ မပေးဘဲ ဆက်တိုက်လုပ်ကိုင်ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

“ ၁၂ခွဲကနေ ၆ခွဲထိပဲ ဖြစ်ဖြစ် ၈ခွဲထိပဲ ဖြစ်ဖြစ်၊ နားချိန် ၅မိနစ်တောင် မပေးဖူးပါဘူး။ ဗိုက်စာလို့ အဲ့ဒီ အိုတီချိန် မုန့်စားရင်လည်း ညီမတို့ အပြောခံရပါတယ်။ နောက် ထမင်းစားနားချိန်ပဲ ဖြစ်ဖြစ်၊ စက်ရုံအလုပ်စချိန်ပဲ ဖြစ်ဖြစ် ၅ မိနစ်စောပြိး  အလုပ်ဝင်ခိုင်းပါတယ်။ တခါတလေ ကြိုပို့ကားနောက်ကြရင်တောင့် မနက်စာကို အသည်းသန် စားခိုင်းပြီး မြန်မြန်စားဆိုပြီး အော်ပါတယ်။” လို့ ပြောပါတယ်။

စက်ရုံမှာ အလုပ်လုပ်နေတဲ့ အမျိုးသားအလုပ်သမားတွေကို ကုန်တိန်နာပစ္စည်းတွေကို ပြီးဆုံးတဲ့အထိ ချခိုင်းတယ်  လို့လည်း ပြောပါတယ်။ 

“တခြားစက်ရုံတွေက အပြင်က အလုပ်သမားတွေ ခေါ်ပြီး ကွန်တိန်နာက ကုန်ကြမ်းတွေ ချခိုင်းတယ်။ စက်ရုံက ကွန်တိန်နာ ဖြစ်ဖြစ်၊ ဘယ်နဲ့ပဲ လာလာ အမျိုးသားအလုပ်သမားတွေပဲ ချရတယ်။ကွန်တိန်နာ ဝင်သမျှ နည်းနည်း ပဲ ဖြစ်ဖြစ်၊ များများပဲ ဖြစ်ဖြစ်၊ ပိတ်လိပ်ပဲ ဖြစ်ဖြစ်၊ ထုတ်ပိုးပစ္စည်းတွေပဲ ဖြစ်ဖြစ် အကုန် ယောကျ်ားလေးတွေက ချရတယ်။ ပိတ်လိပ် ပစ္စည်းတွေများလို့ လူငှားပေးတာ မရှိခဲ့ဘူး” လို့ အမျိုးသား အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ရုံ အတွင်း သူနာပြုခန့်ထားတာမရှိဘဲ သောက်ဆေးလိုအပ်ပါက ရုံးခန်းကို သွားရောက် တောင်းယူရတာ ကြောင့် အခက်အခဲရှိ တယ်လို့လည်း ပြောပါတယ်။ 

“ညီမတို့ ချွေးထွက်များလို့ ဓာတ်ဆားတေတောင်းရင်၊ ဘာလို့တောင်းတာလဲ ။ တကယ်ဖြစ်မှ ပေးမှာလို့ ပြောပါ တယ်။ တောင်းတိုင်းလည်း မရပါဘူး မရှိဘူး ကုန်နေတယ်ဆိုတာပါပဲ။ “ လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။ 

ပြီးခဲ့ ဇူလိုင်လအတွင်း Myanmar Labour News မှာ သတင်းဖော်ပြခံရပြီးနောက်  Feng Teng Garment ရုံးခန်းမှာ အလုပ်သမားအရာရှိက အလုပ်သမားတချို့ကို စစ်မေးခဲ့တယ်လို့ သိရပါတယ် ။ဒါ့ပေမဲ့ ရုံးခန်းတွင်း စစ်မေးခဲ့တာဖြစ်လို့ လွတ်လပ်စွာ ဖြေကြားခွင့်မရခဲ့ဘူး အလုပ်သမားတချို့က ပြောပါတယ်။   

“လာမစစ်ခင်ကတည်းက ကြိုသင်ထားတယ်။ လာစစ်တော့ သင်ထားတဲ့သူကို ခေါ်မေးတယ်။ နောက်ရုံးခန်းထဲမှာ ဆိုတော့ အလုပ်သမားတွေက အလုပ်ပြုတ်မှာ ကြောက်ကြတယ်။ ဒါနဲ့ စက်ရုံက ဒီတိုင်းပဲ ဘာမှ မပြောင်းလဲဘဲ ပြီးသွားတယ်” လို့ ပြောပါတယ်။ 

Feng Teng Garment စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၅၊ စပယ်လမ်းမှာရှိပြီး  တရုတ် နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ အလုပ်သမား ၅၀၀ ကျော်က ERC အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ် နေပြီး  အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထားတာ မရှိဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင်မှာ အလုပ်သမားတွေက ပြောကြားထား ပါတယ်။  

 #MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026