မင်္ဂလာပါ Myanmar Labour News ။
ကျွန်မတို့ စက်ရုံနာမည်မှာ ယူရိုစတိုင် Eurostyle ဖြစ်ပြီး ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၄ ၊ ပန်းပဲခေါင်းမောင်ခက်လမ်း၊ ရွှေပြည်သာတံတားအဆင်း ဧရာမြေမှတ်တိုင်အနီးတွင် တည်ရှိပါသည်။ လက်ရှိတွင် လုပ်သားဝန်ထမ်း စုစုပေါင်း ၂၀၀၀ နီးပါး ရှိပါသည်။
ယခု စာကို ရေးဖြစ်ရခြင်းမှာ စက်ရုံ A အဆောင်မှ နည်းပညာရှင်ဟု ခေါ်ဆိုသော တရုတ်ကျဲကျဲနှင့် ပတ်သက်၍ ပြောကြားလိုခြင်း ဖြစ်ပါသည်။
စက်ရုံတွင် A, B, C, D ဟု စက်ချုပ်လိုင်းအဆောင် လေးဆောင် ရှိပြီး၊ ထို့အပြင် Cutting, Packing, Store, နည်းပညာ (Sample) ဌာနများလည်း ရှိပါသည်။ အခြားအဆောင်များ၏ အခြေအနေကို မသိရှိသော်လည်း၊ ကျွန်မ ပြောလိုသည်မှာ A အဆောင်နှင့် ပတ်သက်သော အခြေအနေများ ဖြစ်ပါသည်။
A အဆောင်ရှိ တရုတ်ကျဲကျဲသည် စက်လိုင်းတာဝန်ခံရာထူးကို ယူထားသော်လည်း နည်းပညာပိုင်းတက်ကျွမ်းမှု မရှိ၊ စီမံခန့်ခွဲမှု ပိုင်းတွင်လည်း အားနည်းချက်များ ရှိပါသည်။
လုပ်သားဝန်ထမ်းများကို တိုက်ရိုက် ဆူဆဲခြင်း၊ စက်လိုင်းထဲသို့ ဝင်ရောက်ကာ တရုတ်ဘာသာဖြင့် အော်ဟစ် ဆူပြောမှု ပြုလုပ်လေ့ရှိပါသည်။
ဝန်ထမ်းအချို့ အပေါ့သွားသည့်အခါ စက်ခုံတွင် လူမရှိသည့်အတွက် ဆူဆဲခြင်း၊ အထည်ရှေ့ပွိုင့်မှ မပေးနိုင်သဖြင့် နောက်ပွိုင့်ဝန်ထမ်းအထည်ထိုင်စောင့်နေရသည့် အခြေအနေတွင်လည်း အကြောင်းအရင်း မမေးမြန်းဘဲ ဆူဆဲ အော်ဟစ်ပါသည်။ ကျွန်မတို့သည် တရုတ်ဘာသာ နားမလည်သော်လည်း အမူအရာများကြောင့် ဆူဆဲနေသည်ကို နားလည်ရပါသည်။
ထို့အပြင် ကြိုးလိုင်း (ပုခုံးကြိုး၊ ခါးကြိုး ချုပ်သည့်လိုင်း) ဝန်ထမ်းများကို ၂၄ နာရီ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းပြီး၊ နောက်တစ်နေ့တွင်လည်း ညဆိုင်း ဝင်ခိုင်းခြင်းများ ရှိပါသည်။ မဆင်းလိုကြောင်း ပြောပါက ဆူဆဲခြင်းများ ပြုလုပ်ပါသည်။
အုပ်ချုပ်စီမံခန့်ခွဲမှုပိုင်းတွင်လည်း မကောင်းမွန်ပါ။ ဝန်ထမ်းများအားဂုဏ်သိက္ခာကျအောင်အော်ဟစ်ဆူပိုင်ခွင့်ရှိပါသလား။ စက်ရုံတွင် WCC နှင့် HR ဌာနများ ရှိပါသည်။ သို့သော် WCC သည် လက်တွေ့ အလုပ်လုပ်နေသည်ဟု မခံစားရပါ။
HR သို့ သွားရောက် တိုင်ကြားပါကလည်း စက်လိုင်းဝန်ထမ်းများကိုသာ အပြစ်တင်ပါသည်။ “နင်တို့ စက်လိုင်းမှ အချိန်မီ မချုပ်နိုင်သောကြောင့် OT ဆင်းရခြင်း ဖြစ်သည်” ဟု ပြောကြားပါသည်။
လက်ရှိတွင် စက်ရုံမှ Day ကြေး ၁၁,၀၀၀ ကျပ်သာ ပေးပါသည်။ OT ကြေး ၂,၀၀၀ ကျပ်သာ ပေးပါသည်။
တစ်လတစ်ကြိမ် ဆန် ၂ ပြည်အိတ် ပေးပါသည်။ ရက်မှန်ကြေး ၃၀,၀၀၀ ကျပ်သာ ပေးပါသည်။ ယခုကဲ့သို့ ကုန်ဈေးနှုန်း မြင့်တက်နေသည့် ကာလတွင် OT နာရီ ၈၀ နီးပါး ဆင်းပြီး လစာ ၅ သိန်းမှ ၆ သိန်းအထိသာ ရရှိခြင်းမှာ မလုံလောက်ပါ။
ထို့ကြောင့် အောက်ပါအချက်များကို တောင်းဆိုလိုပါသည်
၁။ Day ကြေး တိုးမြှင့်ပေးရန်
၂။ ရက်မှန်ကြေးနှင့် OT ကြေး တိုးမြှင့်ပေးရန်
၃။ နိုင်ငံခြားသား တရုတ်ဝန်ထမ်းများမှ အခြေခံဝန်ထမ်းများကို တိုက်ရိုက် မအုပ်ချုပ်ဘဲ Supervisor များမှ တစ်ဆင့် အုပ်ချုပ်စေရန်
၄။ OT ကို အတင်းအဓမ္မ မဆင်းခိုင်းရန်
၅။ ဥပဒေနှင့်အညီ တစ်ပတ်လျှင် OT နာရီ ၈၀ ထက် မကျော်လွန်စေရန်
ယူရိုစတိုင် ဝန်ထမ်း








